
နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ် စဉ် (၅/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်သည့်
အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် စနစ်တကျ စီမံခန့်ခွဲပေးရမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း အစိုးရအဖွဲ့လုပ်ငန်းများ အောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အောင်မြင်မှုများ၊ တိုးတက်မှုများ အများအပြား ရှိသကဲ့သို့ အချို့သောကိစ္စများ၌ အားနည်းချက်များ ရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ အောင်မြင်မှု ဆိုသည်မှာ လုပ်ဆောင်နိုင်စွမ်းအားအပေါ်တွင်သာ မူတည်သည်ဟု မြင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် မြေပေါ်မြေအောက် သယံဇာတများ၊ သဘာဝအရင်းအမြစ်များ၊ လူသား အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲပြီး အကျိုး ရှိစွာအသုံးချနိုင်မည်ဆိုပါက အမှန်တကယ် အကျိုးရှိ နိုင်မည်ဖြစ်ကြောင်း။
ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံ (LDC) နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ကူညီထောက်ပံ့မှုများရရှိမည့် အခွင့်အရေးများရှိသော်လည်း နိုင်ငံရေးအကြောင်း ပြချက်များဖြင့် ထောက်ပံ့ကူညီမှုများ ဖြတ်တောက်ခံ ရသည့် အခြေအနေ၌ ကိုယ့်အားကိုယ်ကိုး ရပ်တည်၍ အောင်မြင်မှုရှိအောင် ဆောင်ရွက်ခဲ့ရကြောင်း၊ အိမ်နီး ချင်းနိုင်ငံများ၏ ထောက်ပံ့ကူညီမှုကိုသာရရှိခဲ့ပြီး ၎င်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် မိမိတို့ခြေထောက်ပေါ်တွင် ရပ်တည်နိုင်ရေး အဓိကကြိုးစားအားထုတ်ရမည်ဖြစ် ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု စွမ်းအားများကို မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တာဝန်စယူခါစ အစောပိုင်းကာလများ တွင် တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက် ရသည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေးကို ဖိဖိစီးစီးဖြင့် အားပေး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ အဓိကလိုအပ် သည်မှာ အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ် နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရကြောင်း၊ အလုပ်လုပ်ရန် မည်သို့ပင် တိုက်တွန်းနေစေကာမူ အလုပ်လုပ်နိုင်ရန် ဖန်တီးပေးမှု၊ အားပေးကူညီပေးမှု မရှိပါက စွမ်းအားပြည့်အလုပ်လုပ်နိုင်မည် မဟုတ် ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အားပေးကူညီမှုများကို ဖော်ဆောင်ပေးနိုင်မှသာလျှင် အလုပ်ကို အင်ပြည့်အားပြည့်လုပ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် စီမံခန့်ခွဲသည့်သူများက စနစ်တကျဖြင့် စီမံခန့်ခွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယုံကြည်မှုပေးထားသည့်အတိုင်း အမှန်တကယ်
အလုပ်လုပ်ကြရန်နှင့် မှန်ကန်စွာ စီမံခန့်ခွဲပေးနိုင်ရမည်
လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဝန်ကြီး ချုပ်များ၊ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများကို တာဝန်များ ခွဲဝေခန့်အပ်ခဲ့ ရာတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့စတင်ဖွဲ့စည်းစဉ်ကတည်းကပင် ဝန်ကြီး ဌာနအလိုက်၊ လုပ်ငန်းခွင်အလိုက် အတွေ့အကြုံရှိသူ များ၊ လုပ်ငန်းကျွမ်းကျင်သူများ၊ တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်နိုင်မည့်သူများကို စိစစ်ရွေးချယ် ၍ ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်၊ အကောင်အထည် ဖော်နိုင်မည်ဆိုသည့် ယုံကြည်မှုဖြင့် တာဝန်ပေးအပ် ခဲ့ခြင်းဖြစ်ပြီး ပိတ်ဆို့နှောင့်ယှက်မှုမျိုးစုံကြားမှ တာဝန်များထမ်းဆောင်ရာတွင် ကာလတိုအတွင်း အောင်မြင်မှုများ၊ တိုးတက်မှုများရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ယုံကြည်မှု ကို မြှင့်တင်ပြီး ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် တိုးတက်မှုရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ် ချမှတ်ထားရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ် အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်ထားရှိပြီး တိုင်းပြည်အတွင်းရှိ ပြည်သူပြည်သားအားလုံး မပူမပင် မကြောင့်မကြဖြင့် အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရမည်ဖြစ်ကြောင်း၊ ၎င်း အချက် ၂ ချက်သည် စဉ်ဆက်မပြတ် အကောင် အထည်ဖော်ရမည့် နိုင်ငံတော်၏ မျှော်မှန်းချက် ဖြစ်ကြောင်း၊ မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိပြီး နောက်ဆုံးရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည် သည် မူလအခြေအနေထက် ပိုမိုတိုးတက်လာရမည် ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကောင်းမွန်သည့်သမိုင်းတစ်ခုကို ချန်ထားခဲ့နိုင်ရမည် ဖြစ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင် ရေး ဦးတည်ချက် (၉)ရပ်ကို ချမှတ်ထားရှိကြောင်း၊ ၎င်းအချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူ များက မျက်ခြည်မပြတ် ထိန်းသိမ်းအကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၎င်းအချက်များကို ကြီးကြပ်ပေးရမည့်တာဝန်ရှိသည်ဖြစ်သည့်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများထုတ်ပေး ခြင်း၊ ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကို တိုးမြှင့်ပေးခြင်း၊ ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် ခွန်အားပိုမိုရရှိအောင် စီမံခန့်ခွဲ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များ အနေဖြင့် အလုပ်လုပ်နိုင်ရန်၊ လုပ်ငန်းအောင်မြင်မှု ရှိစေရန် စီမံခန့်ခွဲပေးရန်၊ ကူညီပေးရန်တာဝန်ရှိ ကြောင်း။
လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်မှုရှိ၊ မရှိ စိစစ်ရန်နှင့် တိုးတက် မှုရှိအောင် ဆောင်ရွက်ရန်မှာ ဝန်ကြီးဌာနများအလိုက် ခန့်အပ်တာဝန်ပေးအပ်ထားသည့် ညွှန်ကြားရေးမှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ အမြဲတမ်းအတွင်းဝန်များက လုပ်ဆောင်ရန် တာဝန်ရှိကြောင်း၊ အစိုးရဌာနအကြီးအကဲများ၏ တာဝန်သည်အရေးကြီးပြီး ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်မှုကို မျက်ခြည်မပြတ်ကြည့်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာနဆိုင်ရာအကြီး အကဲများသည် ပြည်ထောင်စုဝန်ကြီးများကို အာမခံ ချက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ် လုပ်နိုင်သည့်သူများကို တာဝန်ပေးအပ်ရန်နှင့် အမှန် တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် ဝန်ထမ်းများနှင့် ဆွေးနွေးပွဲများပြုလုပ်၍ နိုင်ငံတော်၏ မူဝါဒများကို ချပြရှင်းလင်းဆောင်ရွက် ပေးသွားမည်ဆိုပါက မိမိတို့အစိုးရ၏ လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ထဲထဲဝင်ဝင် နားလည် သဘောပေါက်လာပြီး အလုပ်လုပ်နိုင်သည့်စွမ်းရည် များ တိုးတက်လာမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် လာမည့်အောက်တိုဘာ ၁ ရက် တွင် စတင်ပြုလုပ်မည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုအတွေ့အကြုံအပေါ် မူတည်၍ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ မှုအား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပေါ် မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများရရှိလာ ပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ စီမံဆောင်ရွက်နေမှုများကို ဝန်ကြီးဌာနများ အလိုက် ရှင်းလင်းပြောကြားသွားရန်လိုကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်
ယခုအခါ မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ စိုက်ပျိုးခဲ့သည့် စပါးအပါအဝင် အခြား မိုးသီးနှံများအားလုံး ဖြစ်ထွန်းရှင်သန်အောင် ဆောင်ရွက်ရန်နှင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီ စွာထွက်ရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်းအောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ကျေးလက်နေလူဦးရေ ၇၂ ရာခိုင်နှုန်းအနက် ၄၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုး ရေးကို တိုက်ရိုက်ဆောင်ရွက်နေကြသူများဖြစ်ကြ ကြောင်း၊ အခြားကျေးလက်နေပြည်သူများမှာ စိုက်ပျိုး ရေးကို အခြေခံသည့် အခြားစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသဖြင့် မိမိတို့နိုင်ငံသား အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်နေသူများဖြစ်ကြကြောင်း၊ ကမ္ဘာပေါ်တွင် Food Secu-rity အတွက် လိုအပ်ချက်များရှိကြောင်း၊ အဆိုပါ စားနပ်ရိက္ခာလိုအပ်ချက်ကို စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံများကသာ ဖြည့်ဆည်းပေးနိုင် သဖြင့် စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုကြောင်း၊ အချို့နိုင်ငံများ၏ သီးထပ်စွမ်းအားမှာ ၃၀၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း မိမိတို့နိုင်ငံ၏ သီးထပ်စွမ်းအားမှာ ၁၅၀ ရာခိုင်နှုန်းကျော်ခန့်သာရှိကြောင်း၊ ထို့ကြောင့် သီးထပ်စွမ်းအားများ တိုးတက်စေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ လူများ၏ နေ့စဉ် စားသောက်မှုများတွင် အသီးအနှံများအပြင် အသား၊ ငါးနှင့် ဥများ ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး စသည့်အသားငါးများကို အဓိကထားစားသုံးကြပြီး နိုင်ငံတစ်ဝန်း၌လည်း မွေးမြူ၍ရကြောင်း၊ မိမိတို့နိုင်ငံတွင် မွေးမြူရေးနှင့် ပတ်သက်၍ စနစ်တကျမွေးမြူခြင်း မရှိသောကြောင့် လိုအပ်ချက်များရှိနေကြောင်း၊ မွေးမြူရေးလုပ်ငန်း များကို စနစ်တကျ မွေးမြူမည်ဆိုပါက ပြည်တွင်း၌ အသား၊ ငါးနှင့် ဥများကို ဖူလုံစွာဖြင့် စားသုံးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို စနစ်တကျဖြင့် ဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်နေရန် လိုကြောင်း။
ကုန်ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေနိုင်
မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့်ဆောင်ရွက်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သို့သော် ဝန်ကြီးဌာနများ၌ စက်ရုံများရှိပြီး ထုတ်လုပ်နိုင်စွမ်း များရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့် ထားရသည့် စက်ရုံများ ပြန်လည်လည်ပတ်၍ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စက်ရုံများအတွက် လိုအပ်သည့် ပြင်ဆင်မှုများနှင့် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်သွားရန် လိုကြောင်း၊ စက်ရုံများ လည်ပတ်နေခြင်းဖြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကလုပ်ငန်းများ ကလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့်ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ် နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေရန် လိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက် နေသည့် စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ် နိုင်မည်ဆိုပါက တိုင်းပြည်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ၏ အလုပ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရေး အမြဲအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုများ၌ ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း များ၏ သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့မှုများ၊ သက်သာ ချောင်ချိရေးကိစ္စများ၊ စရိတ်များကို တိုးမြှင့်ပေးခဲ့ ကြောင်း၊ တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းများ ကျဆင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ထပ်မံ၍ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစား ဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၌ အလုပ် လုပ်ကိုင်နေကြသည့် နိုင်ငံသားများမှ ပြန်လည်ပေးပို့ သည့် ငွေကြေးများသည်လည်း နိုင်ငံ၏ငွေကြေး လည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် ပိုမိုအကျိုးခံစားခွင့် (In-centive)များ ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက် ရှိကြောင်း။
ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ မလိုလား အပ်သည့်နေရာများတွင် အပိုငွေများ ကုန်ကျမှုမရှိ အောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံမှုများကို အခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် လုပ်ငန်းများ တိုးတက်အောင်မြင် မှုရှိစေရေး အပြန်ပြန်အလှန်လှန်စိစစ်၍ ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူလူထု အကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်