
နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး နှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ မြို့ဖများအား ပြင်ဦးလွင်မြို့နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက် ကျေးရွာအုပ်စု စီမံခန့်ခွဲရေး ကောင်စီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဒေသဖွံ့ဖြိုးရေးများ တင်ပြ
ထို့နောက် အစည်းအဝေးခန်းမတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ဝန်ထမ်း အိမ်ရာများနှင့် မြို့ပြအိမ်ရာ စီမံကိန်းများ ဆောင်ရွက် သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် အထွေထွေအချက်အလက်များကို ရှင်းလင်း တင်ပြပြီး မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းက စည်ပင်သာယာရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင် မောင်ဝင်းက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို တင်ပြသည်။
ကူးစက်မှုနှုန်း ကျဆင်းလျက်ရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်များကို တွေ့ဆုံဆွေးနွေး လိုသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အခြားကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုနှုန်း မြင့်မားစွာ ဖြစ်ပေါ်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်ကိုလည်း ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိသည့်အတွက် ဇူလိုင်လကတည်းက နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ရ ကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံရသူအနေဖြင့် စက်တင်ဘာ ၁၅ ရက်နေ့အထိ ၄ သိန်း ၃ သောင်းကျော်ရှိပြီဖြစ်ပြီး ကူးစက်မှုနှုန်း ယခင်ကထက် ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်၊ ပညာရေးမြို့တော်ဖြစ်ပြီး ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် စီးပွားရေးအခြေအနေများ အရှိန်အဟုန် ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာမှသာလျှင် တင်းကျပ် ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ ပေးရမည်ဖြစ်သဖြင့် ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ကျလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း။
ကိုဗစ်-၁၉ တတိယလှိုင်းသည် ဇွန်လနှင့် ဇူလိုင် လတို့တွင် ဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့သဖြင့် ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာမှုကို ထိန်းချုပ် နိုင်ရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ ဗဟိုအဆင့် စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ခဲ့ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပြုလုပ်ပြီး ဖိဖိ စီးစီး ထိထိမိမိဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခုအချိန်တွင် အတိုင်းအတာတစ်ခုအထိ ကျဆင်း လျက်ရှိသည်ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ သို့သော် လည်း အချို့ပြည်နယ်နှင့် တိုင်းများတွင် ကူးစက်မှု နှုန်း များပြားလျက်ရှိနေသည်ကို တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှုစစ်ဆေးရာတွင် နယ်ပယ် ပေါင်းစုံတွင် ကြပ်မတ်စစ်ဆေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး စာရင်းဇယားအားဖြင့်သာ ကူးစက်မှုအရေအတွက် ကျဆင်းခြင်းမဟုတ်ဘဲ မြေပြင်အမှန်တကယ်ကျဆင်းမှုဖြစ်စေရန် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။
ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများ မဖြစ်ပေါ်ရန်လို
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို ယခု နှစ် အစောပိုင်းကာလများကတည်းက အလေးထား ဆောင်ရွက်ခဲ့သော်လည်း ကျန်းမာရေးဝန်ထမ်း အခက်အခဲများကြောင့် ဖိဖိစီးစီးဆောင်ရွက်နိုင်မှု အားနည်းမှုများရှိခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေ ဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး မိမိ၏ နိုင်ငံ့ ဝန်ထမ်းလုပ်ငန်းတာဝန်များနှင့် ပါတီနိုင်ငံရေးကို ခွဲခြားသိမြင်ရမည် ဖြစ်ကြောင်း၊ မသမာသောသူ များ၏ ခြိမ်းခြောက်မှုများအရ အစိုးရကို ဆန့်ကျင် သည့် CDM လှုပ်ရှားမှုများ၊ တာဝန်ဝတ္တရား လစ်ဟင်း မှုများကို နားလည်နိုင်သော်လည်း မိမိတစ်ဦး တစ်ယောက်၏ ပါတီနိုင်ငံရေး ခံစားချက်များကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် နစ်နာမှုများ မဖြစ်ပေါ်ရန် လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများကို ကြေညာချက်များထုတ်ပြန်၍ ပြန်လည်ထမ်းဆောင် နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ရာတွင် ကာကွယ်ဆေးများ ရရှိရေးအတွက် လည်း အထူးအလေးထား လုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေးများ ဝယ်ယူရရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးများ ဆက်တိုက် ရောက်ရှိလာလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ့ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ဆေးထိုးပြီးဖြစ်စေရေး မျှော်မှန်း လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် အောက်ဆီဂျင် လိုအပ်ချက်များကိုလည်း မရ ရသည့် နည်းလမ်းများဖြင့် ပြည်ပမှ မှာယူခြင်း၊ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လုပ်ခြင်းများဖြင့် ဘက်ပေါင်းစုံမှရရှိနိုင်ရေး ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်တွင် လိုအပ်ချက်ပမာဏထက် ပိုမိုစွာ ထုတ်လုပ်နိုင်လျက်ရှိကြောင်း။
တစ်ဦးချင်း ဝင်ငွေရရှိရေး
မန္တလေးတိုင်းဒေသကြီးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးကျဆင်းမှုများကို ဖြေရှင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အဓိက လိုအပ် ချက်ဖြစ်သည့် တစ်ဦးချင်း ဝင်ငွေရရှိရေးကို ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများလုပ်ဆောင်ရန် မြေနေရာ၊ အခွင့်အလမ်းနှင့် ဈေးကွက်ရှိပြီးသားဖြစ်သဖြင့် စနစ်ကျနသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း အကောင်အထည် ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ တွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး တစ်ဧကလျှင် တင်း ၁၀၀ ထွက်မည် ဆိုပါက လူဦးရေ သန်း ၁၀၀ စာဖူလုံမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး၌ စပါးစိုက်ဧက ၇ သိန်းခန့် ရှိပြီး လူဦးရေ ၆ သန်းခန့်ရှိပြီး ဆန်ဖူလုံမှု ၅၀ ဒသမ ၃ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရကြောင်း၊ အထွက် နှုန်း တိုးပွားအောင် စိုက်ပျိုးမြေဧက တိုးချဲ့စိုက်ပျိုး ပါက မြေဧကအတွက် အကုန်အကျများမည်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် စိုက်ပျိုးရေး အသိပညာ ဗဟုသုတများ တိုးပွားအောင် လုပ်ဆောင်ပေးကြရမည် ဖြစ်ကြောင်း၊ ဒေသတွင်း၌ အခြား ပဲနှင့် ဆီထွက်သီးနှံများမှ ဝင်ငွေရရှိနိုင်သည် ဖြစ်သော်လည်း ရသည့်ဝင်ငွေဖြင့် ပြင်ပမှ ဝယ်ယူ စားသုံးမည်ဆိုပါက ဒေသတွင်းမှ ငွေကြေးများသည် ပြင်ပသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုကို နှောင့်နှေးစေနိုင်သောကြောင့် ဒေသ တွင်း၌ အထွက်နှုန်းတိုးပွားအောင် လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ ဒေသတွင်း ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာလျှင် ဒေသတွင်း ငွေကြေးကြွယ်ဝ မည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ထိုမှတစ်ဆင့် တိုင်းပြည်ကို ကြွယ်ဝချမ်းသာလာစေနိုင်မည် ဖြစ် ကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် မြစ်ရေတင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ဧရာဝတီမြစ်၏ ၈၀ ရာခိုင်နှုန်းသော ရေများသည် အသုံးချခြင်းမရှိဘဲ ပင်လယ်တွင်းသို့ စီးဝင်သွားခြင်းဖြစ်သဖြင့် မြစ်ရေတင် စီမံကိန်းကို ကြိုးပမ်းဆောင်ရွက်ကာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အသုံးချနိုင်ရမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ဆိုလာစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သည့် သဘာဝက ပေးထားသည့် အခွင့်အရေးများစွာ ရှိသည်ဖြစ်သဖြင့် မြစ်ရေတင်ရာတွင် လိုအပ်သည့် လျှပ်စစ်စွမ်းအားကို ဆိုလာစနစ်ဖြင့် ထုတ်လုပ် နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပြီး ဆိုလာစနစ်သည် ကမ္ဘာ့ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက်လည်း အရေးပါကြောင်းနှင့် စနစ်ကျနသည့် စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်ကြစေလိုကြောင်း။
အလေးထား ဆောင်ရွက်ရမည်
ကမ္ဘာပေါ်တွင် ဆန်နှင့် ဂျုံကို အဓိကထား စားသုံးကြပြီး မိမိတို့နိုင်ငံ၌ အဓိက မွေးမြူရေး လုပ်ငန်းအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး တို့ကို မွေးမြူကြကြောင်း၊ တိုင်းဒေသကြီး အတွင်း၌ အထက်ပါ မွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်း အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိသဖြင့် ကြိုးပမ်းလုပ်ဆောင်ကြစေလိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် လွှတ်၍ မွေးမြူခြင်း၊ စားကျက်မြေများတွင်လှန်၍ မွေးမြူခြင်း၊ လှောင်၍ မွေးမြူခြင်းများရှိသဖြင့် စနစ်ကျနပြီး တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်သည့် မွေးမြူရေးလုပ်ငန်း ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသောကြောင့် နို့နှင့် နို့ထွက်ပစ္စည်း အမျိုးမျိုးနှင့် အေးခဲအသားငါးများကို ထုတ်လုပ်၍ ခေတ်မီထုပ်ပိုးမှု ပုံစံများဖြင့် မိမိတို့နိုင်ငံရှိ အခြား ဒေသများ သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်သည်အထိ စဉ်းစားလုပ်ဆောင်ကြရ မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးသည် နို့စားနွား မွေးမြူရေးကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက် နိုင်သည့်အလားအလာ များစွာရှိသဖြင့် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ထိုကဲ့သို့ အရည်အသွေးမြင့်မားပြီး အာဟာရ ပြည့်ဝသည့် ထုတ်ကုန်များကို ဒေသတွင်း၌ ထုတ်လုပ်နိုင်ပါက ဒေသခံများအနေဖြင့် ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်သည့် ကိုယ်ခံ စွမ်းအားများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား လုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ ရှားပါးနေ၍ မရကြောင်း၊ အသားငါးများ၊ အသီးအနှံများကို ပြည့်ဝစွာ စားသုံး မှသာလျှင် ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာရေး လည်း ကောင်းမွန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေးအတွက် ဖူလုံမှုရှိအောင် ဦးစားပေးလုပ်ဆောင် ရန် ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တွင် မန္တလေးမှ စိန်တလုံးသရက်နှင့် ဆီထွက် ထုတ်ကုန်များသည် နာမည်ရရှိပြီးဖြစ်ပြီး ပြည်ပ နိုင်ငံများအထိ တင်ပို့ရသည်အထိ ဈေးကွက်ရရှိပြီး ဖြစ်ကြောင်း၊ ထို့ပြင် ဈေးကွက်လိုအပ်ချက် ရှိပြီးသား ဖြစ်သည့် ငှက်ပျောသီးကဲ့သို့သော သီးနှံများနှင့် အခြားစိုက်ပျိုးရေး ထုတ်ကုန်များကို ခေတ်မီ နည်းစနစ်ကျစွာဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကြပ်မတ်ဆောင်ရွက်ကြစေလို
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းကြီးမြင့်မှုတွင် Cost of Production (ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်းကြောင့် မြင့်မားခြင်း) နှင့် Supply and Demand (စားသုံးမှုနှင့် ထုတ်လုပ်မှု မမျှတခြင်းကြောင့် မြင့်မားခြင်း) ဟူ၍ ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သဖြင့် အခြေခံစားသုံးကုန်များ ကုန်ဈေးနှုန်း မြင့်မားနေမှု များ ဖြစ်ပေါ်နေသည်မှာ သဘာဝမကျသည့်အတွက် တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် ကြစေလိုကြောင်း။
တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း များ ရေးဆွဲဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မြို့ပြတည်ဆောက်ရေးတွင် ရေဖူလုံစွာရရှိရေးနှင့် အသုံးချနိုင်ရေး၊ ပညာရည်သင်ကြားမှုစနစ် မြင့်မား ရေး၊ ကျန်းမာရေးဆိုင်ရာနှင့် သယ်ယူပို့ဆောင်မှုစနစ် Public Transportation များ ကောင်းမွန်မှုရှိရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ လမ်းများ ဖောက်လုပ်မှုမှအစ နိုင်ငံတကာမှလက်ခံသည့် စံချိန် စံညွှန်းအတိုင်းဖြစ်ရန်နှင့် နောင်တစ်ချိန်တွင် လမ်း များတိုးချဲ့နိုင်ရေး ကြိုတင်တွက်ချက် ဖောက်လုပ်ရန် လိုသကဲ့သို့ လမ်းပခုံးများထည့်သွင်း တည်ဆောက်ရာ တွင်လည်း လမ်းများ၏ အဆင့်အလိုက် အဆင့်မီ အောင် ထည့်သွင်းဆောင်ရွက်ရန် လိုကြောင်း၊ သွားလာမှု ထွက်ပေါက်များကို စဉ်းစားဆောင်ရွက် ထားရှိရန်လိုအပ်ပြီး လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်စ်ကား လုပ်ငန်းများနှင့် လျှပ်စစ်မြို့ပတ် ရထားလမ်းများ၊ မြေအောက်ရထားလမ်းများအထိ တွက်ချက်စဉ်းစား လုပ်ဆောင်ကြစေလိုကြောင်း၊ ထိုသို့သော စီမံချက်များသည် အနာဂတ် plan များ ဖြစ်ပြီး မိမိတို့သည် ခေတ္တတာဝန်ယူထိန်းသိမ်းဆောင် ရွက်နေရသည့် အစိုးရဖြစ်သဖြင့် လက်ရှိပြည်သူလူထု ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို အဓိကဦးစားပေး အနေဖြင့် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လည်း ကောင်းမွန်သည့် ရေရှည်စီမံကိန်းများကို တတ်စွမ်းသရွေ့ ရေးဆွဲချမှတ် ဆောင်ရွက်ရန် လိုကြောင်း။
ကျန်းမာရေးမြို့တော် တည်ဆောက်နိုင်ရေး
ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ များနှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့သည် ခရီးသွား မြို့တော်၊ ပညာရေးမြို့တော်၊ ချယ်ရီမြို့တော်ဖြစ်ပြီး နိုင်ငံတကာက သိရှိထားသည့် ကောင်းမွန်သည့် နောက်ခံသမိုင်းကြောင်းများရှိသည့် မြို့တစ်မြို့ဖြစ် ကြောင်း၊ ထို့အပြင် သာယာသော ရာသီဥတု၊ စိမ်းလန်းသော ပတ်ဝန်းကျင်ကို အခြေခံလျက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုလုပ်ငန်း များကို အဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်သော ကျန်းမာရေးမြို့တော်အဖြစ်လည်း တည်ဆောက် နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်ခံများ၏ အခြေခံစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ မှတစ်ဆင့် အဆင့်မြင့် ထုတ်ကုန်များနှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ပေါ်ထွက်လာစေရေး လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရေး အတွက် နည်းစနစ်ကျနသည့် လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး လိုအပ်သည့် နည်းပညာနှင့် အသိပညာပေးမှုများကို လုပ်ဆောင်ပေးသွားရန် လိုကြောင်း၊ မြေအသုံးချမှုစနစ်များလည်း မှန်ကန်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကို အလုံ ပိတ်ကာရံခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာကို ထိခိုက်စေနိုင်သောကြောင့် လေဝင် လေထွက်နှင့် ရေဝင်ရေထွက် ကောင်းမွန်နိုင်သည့် ကာရံခြင်းများ ဆောင်ရွက်စေရေး ကြပ်မတ်ကြရန် လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးချမှုမရှိစေရေးနှင့် ချမှတ်ထားသည့်စည်းကမ်း၊ ဥပဒေများနှင့်အညီသာ လုပ်ဆောင်ကြစေရေး ကြပ်မတ်ပညာပေးရမည်ဖြစ်ကြောင်း၊ ဒေသထွက် ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်သည့် စတော်ဘယ်ရီ၊ မက်မန်း၊ ကော်ဖီ၊ တယ်သီးနှင့် နို့ထွက်ပစ္စည်းများ အခြားထွက်ကုန်များကို ယခုထက်ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက် ချဲ့ထွင်နိုင်ရေး လုပ်ဆောင်ပေးသွားရန်လိုကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပြင်ဦးလွင် မြို့သည် အေးမြပြီး သစ်ပင်ပန်းမန်များဖြင့် ရောင်စုံ လှပသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ဥတုသုံးပါး လုံး၌ လာရောက်အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း၊ မြို့အား လှည့်လည်ကြည့်ရှုရာတွင် သစ်ပင်များသည် အုံ့ဆိုင်း လျက်ရှိသည်ကို တွေ့ရှိရပြီး ဥတုရာသီ တောကိုမှီ ဆိုသော်လည်း ကျန်းမာရေးပိုင်းနှင့် ကြည့်မည် ဆိုပါက သစ်ပင်များ အုံ့ဆိုင်းနေ၍ မရကြောင်း၊ အလင်းရောင်နှင့် သန့်ရှင်းလတ်ဆတ်သည့် လေကောင်းလေသန့်များ ရရှိရေးအတွက် လမ်းဘေး ဝဲယာရှိ သစ်ပင်ကြီးများနှင့် ချုံနွယ်များကို အလင်းဖွင့် ပေးရန်လိုကြောင်း၊ ခုတ်ထွင်ရှင်းလင်းရန်မဟုတ်ဘဲ အောက်ခြေပတ်ဝန်းကျင်နှင့် သစ်ကိုင်းများ ထူထပ် နေခြင်းကို ရှင်းလင်းကာ ကောင်းမွန်သည့် အလင်း ရောင်နှင့် ခရီးသွားဧည့်သည်များ၏ မျက်စိပသာဒ ရှိစေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ ခရီးသွား လုပ်ငန်းများမှတစ်ဆင့် ပြင်ဦးလွင်ဒေသကို ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွား ဧည့်သည်များ လမ်းလျှောက်နိုင်ရေး အတွက်လည်း လမ်းဧရိယာများကို တိုးချဲ့ဆောင်ရွက် သွားရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း။
အားကစားကွင်းများ အဆင့်မြှင့်တင်
ထို့ပြင် ပြင်ဦးလွင်နှင့် မန္တလေးဒေသသည် ပညာရေးအားကောင်းသည့် ဒေသများဖြစ်သဖြင့် အားရကျေနပ်မိပါကြောင်း၊ ပညာရေးနောက်မကျ စေရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေ အနေများကြောင့် ခေတ္တပြန်လည် ပိတ်ထားခဲ့ရ ကြောင်း၊ လက်ရှိအချိန်တွင် ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလျက်ရှိပြီး မျှော်မှန်းထားသည့် ပမာဏအထိ ကူးစက်ဖြစ်ပွားမှုများကို လျှော့ချနိုင်သည့်အချိန်တွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း၊ အားကစားနှင့်ပတ်သက်၍လည်း မြှင့်တင် ပေးသွားမည်ဖြစ်ကာ ဘောလုံးကွင်းများအပါအဝင် အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိပြီး ပြင်ဦးလွင်တွင် လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်ရေး မြေအဖြစ် ဆောင်ရွက်နိုင်ကြောင်း။
နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် ကျေးလက်နှင့် မြို့ပြကွာခြားမှု များကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ စီးပွားရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းများ ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါက မြို့ပြတွင် လူဦးရေသိပ်သည်း မှုများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေရသည့် ဒေသများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မိမိတို့တတ်စွမ်းသရွေ့ ကြိုးပမ်း တာဝန်ထမ်းဆောင်ကြရန် အကြံပြုတိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မန္တလေး တိုင်းဒေသကြီးနှင့် ပြင်ဦးလွင်ခရိုင် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာ အုပ်စု စီမံခန့်ခွဲရေးကောင်စီ ဥက္ကဋ္ဌများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်