
မြတ်သူ
အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် အာဟာရဖူလုံရေးဆိုင်ရာကဏ္ဍနှစ်ခုအတွက် ငါးမွေးမြူရေးလုပ်ငန်းများမှ တိုးတက်ထုတ်လုပ်ထောက်ပံ့နိုင်ရန် လိုအပ် လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင်း ငါးစားသုံးမှုသည် အသားစားသုံးမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် ရှိနေသည့်အတွက် ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ငါးမွေးမြူထုတ်လုပ်သည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် အဆင့် ၈ နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို ငါးလုပ်ငန်းကဏ္ဍက အထောက်အကူပြု ဖြည့်ဆည်းပေးလျက်ရှိကြောင်း လည်း သိရသည်။ မြန်မာနိုင်ငံ၏ ပြည်ပသို့ ငါးတင်ပို့ မှုသည် ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည့် အတွက် ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုအတွက် ကြိုးပမ်း ဆောင်ရွက်သွားရမည့် အခွင့်အလမ်းများ အများအပြား ရှိနေသည်။
ငါးလုပ်ငန်းကဏ္ဍတွင် ငါးများကို ဖမ်းဆီးထုတ်လုပ် ခြင်းနှင့် မွေးမြူထုတ်လုပ်ခြင်းဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်သည်။ ငါးဖမ်းထုတ်လုပ်ခြင်းနှင့် ငါးမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းနှစ်ရပ်လုံးတွင် ပါဝင်သည့် လုပ်သားအင်အားစုကြီးသည် အခြေခံပြည်သူများ ဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေးသည် ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးမှုအပေါ် များစွာတည်မီနေသည်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ
ပြည်တွင်းစားသုံးသူများ လိုအပ်ချက်နှင့် ပြည်ပ စျေးကွက်တင်ပို့နိုင်မှု အခြေအနေများတွင် အလား အလာကောင်းများစွာရှိနေသည့်အတွက် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ငါးမွေးလုပ်ငန်းရှင်များသည် ငါးမွေးမြူရေးလုပ်ငန်း များမှသည် ပြည်တွင်းစားသုံးသူများ လိုအပ်ချက်နှင့် ပြည်ပစျေးကွက်တင်ပို့နိုင်ရန်အတွက် ကြိုးပမ်း ဖော်ဆောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အင်းများ၊ အိုင်များ၊ ကန်များဖြင့် ငါးမွေးမြူမှုများ သည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးလုပ်ငန်း ရှင်များသည်လည်း မွေးမြူရေးလုပ်ငန်းမှသည် ဒေသစီးပွား၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုရရှိရန် ကြိုးပမ်းလျက် ရှိသည်။
“တိုင်းဒေသကြီးထဲက ငါးမွေးမြူရေးစနစ်မှာက စိုက်ပျိုးရေးကနေ ထွက်ရှိလာတဲ့ ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ် စတာတွေနဲ့ မွေးကြတာမို့ ငါးက လတ်ဆတ်တယ်၊ သဘာဝအတိုင်းဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဧက ၈၀၀ ကနေ ငါးမြစ်ချင်း ကုန်ချိန်ပိဿာ သိန်း ၂၀ လောက် ထုတ်နေပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်နိုင်သလောက် ရောင်းရမယ့် အခြေအနေပါ။ ဒါပေမယ့် အစာဈေးနှုန်းက တက်နေ တော့ မွေးတဲ့သူတွေ အခက်အခဲဖြစ်ကြတယ်။ တိရစ္ဆာန်အစာအခြေခံဖြစ်တဲ့ စိုက်ပျိုးရေးထွက် ကုန်ကြမ်းတွေက ပြည်ပပို့ကုန်အဖြစ် အကုန်စီးထွက် သွားတော့ အဆင်မပြေတော့တာပါ။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အဆင်ပြေဖို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ ငွေချေးပေးတာလည်း ရှိပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့လည်း စိုက်ပျိုးရေးကထွက်တဲ့ တိရစ္ဆာန် အစာဈေးနှုန်း တည်ငြိမ်အောင်နဲ့ ပြည်ပဈေးကွက် ရရှိအောင် ကူညီပေးစေချင်ပါတယ်” ဟု ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးသန်းစိုးက ပြောသည်။
EU နိုင်ငံများနှင့် အခြားနိုင်ငံများသို့
အများဆုံး တင်ပို့ရောင်းချလျက်ရှိ
ပဲခူးတိုင်းဒေသကြီးမှ မွေးမြူထွက်ရှိသည့် ငါးများ ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပိတောက် ငါးဈေး၊ ကြည့်မြင်တိုင်ငါးဈေးများသို့ တင်ပို့ရောင်းချ လျက်ရှိပြီး ပြည်ပတင်ပို့မှုအနေဖြင့် EU နိုင်ငံများနှင့် အခြားနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ငါမွေးမြူသူဦးရေ ၅၈၂၆ ဦးရှိပြီး ငါးမွေးကန်ဧက ၃၁၁၉၈ ဒသမ ၂၆၇ ဧက ရှိကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
“ခရိုင်အလိုက်အနေနဲ့ ပဲခူးမှာဆိုရင် ငါးမွေးသူ ၃၅၂၈ ဦးနဲ့ ငါးမွေးကန် ဧက ၁၀၀၂၂ ဒသမ ၂၀၀၊ ညောင်လေးပင်မှာ ၄၅၅ ဦးနဲ့ ဧက ၁၈၂၇ ဒသမ ၁၁၀၊ တောင်ငူမှာ ၁၂၇ ဦးနဲ့ ဧက ၁၄၉၆ ဒသမ ၉၄၀၊ သာယာဝတီမှာ ၇၂၁ ဦးနဲ့ ၁၀၉၂၂ ဒသမ ၈၁၇ ဧက၊ နတ်တလင်းမှာ ၇၂၃ ဦးနဲ့ ဧက ၅၉၈၀ ဒသမ ၅၁၀၊ ပြည်မှာ ၂၇၂ ဦးနဲ့ ၉၄၈ ဒသမ ၆၉ ဧက ရှိပါတယ်။ ဒီလိုမွေးမြူမှုကနေ ငါးပိဿာ ၆၀၃၃၄ ဒသမ ၇၄၀ ထုတ်လုပ်မှုရှိပါတယ်”ဟု ပဲခူးတိုင်းဒေသ ကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
“အခုချိန်မှာက အစာကုန်ကြမ်းဈေးက သုံးဆ လောက်အထိ တက်သွားတယ်၊ ဒီတော့ ရင်းနှီး စိုက်ထည့်ရတဲ့ငွေပမာဏက များလာတယ်။ ကျွန်တော် တို့ ငါးမွေးမြူတဲ့အခါ အစာစရိတ်နဲ့ ငါးထုတ်ရမယ့် အချိန်နဲ့ ရောင်းမယ့်နှုန်းက အမြဲချိန်ဆနေရပါတယ်။ ပြည်တွင်းစားသုံးမှုဈေးကွက်ကို ဖြည့်ဆည်းနိုင်ဖို့လည်း ကြည့်ရတယ်။ ပြည်ပပို့နိုင်ဖို့လည်း စဉ်းစားရတယ်။ အခုက ငါးဈေးကတော့ မတက်ဘူး။ ပြည်တွင်းစားသုံး မှုကို မထိခိုက်တဲ့ဈေးနှုန်းကိုလည်း ကြည့်ရပါတယ်။ ပြည်ပပို့ကုန် ဈေးကွက်ကတော့ ဈေးနှုန်းတက်နေတဲ့ အတွက် အဲဒီဈေးကွက်ရရှိရင်တော့ ကျွန်တော်တို့ မွေးနိုင်ပါတယ်။ ပြည်တွင်းအတွက်လည်း ကာမိတယ်။ ဒါကြောင့် ကျွန်တော်တို့လို တစ်နိုင်တစ်ပိုင် လုပ်ငန်း ရှင်တွေအတွက် နိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမှုအားလည်း လိုအပ်ပါတယ်။ ” သနပ်ပင်မြို့နယ်၌ ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်သူ ဒေါက်တာခင်မောင်မြင့်က ပြောသည်။
ငါးမွေးမြူလုပ်ကိုင်သူ အများဆုံး
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သနပ်ပင်မြို့နယ် သည် လက်ရှိငါးမွေးမြူလုပ်ကိုင်သူ အများဆုံး ရှိကြောင်းသိရပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သနပ်ပင်မြို့နယ်မှ ခန့်မှန်း ငါးပိဿာချိန် ၅၀၇၂၀၀၀ ထွက်ရှိနိုင်ကြောင်း သနပ်ပင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
“ငါးမွေးသူဦးရေက ၄၂၂ ဦးရှိပြီးတော့ မွေးမြူဧက ၄၇၈၅ ဒသမ ၃၅ ဧက ရှိပါတယ်။ ငါးမွေးမြူရေး ကနေ အခုနှစ် ပိဿာ ၅၀၇၂၀၀၀ ထွက်ရှိနိုင်ပြီးတော့ အင်းလုပ်ငန်း၊ ဘုံငါးဖမ်းလုပ်ငန်း စတဲ့လုပ်ငန်းတွေပါ အပါအဝင်ဆိုရင်တော့ ငါးပိဿာချိန် ၁၃၀၁၆၀၀၀ လောက် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဆွေ ဝင်းက ပြောသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရန်ပုံငွေမှတစ်ဆင့် ကူညီ ထောက်ပံ့ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင် ၁၇ ဦးသို့ ငွေကျပ်သိန်း ၂၉၁၀ အား ထုတ်ချေးထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတိုးပွားလာစေရေး၊ မျိုးကောင်းမျိုးသန့် ငါးမျိုးများပြန့်ပွားလာစေရေးအတွက် ပဲခူး၊ သနပ်ပင်၊ အုတ်ဖိုစသည့် ဌာနပိုင် ငါးသားပေါက်စခန်း သုံးခုမှ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ တီလားပီးယား၊ ငွေရောင်ငါးကြင်း၊ ငါးခုံးမကြီး စသည့် ငါးမျိုးများကို ငါးသားဖောက်ဖြန့်ဖြူး မျိုးစိုက်ဆောင်ရွက်လျက် ရှိသည်။
ဈေးကွက်ရရှိအောင် ကူညီဆောင်ရွက်ပေး
“ပဲခူးတိုင်းဒေသကြီးအတွင်းမှာက ငါးမွေးမြူရေး လုပ်ငန်းတွေကနေ ပြည်တွင်းစားသုံးမှုအတွက်၊ ပြည်ပတင်ပို့နိုင်ဖို့အတွက် မွေးမြူထုတ်လုပ်ပေးနေ ပါတယ်။ ပြည်တွင်းငါးစားသုံးမှုအတွက်၊ ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နိုင်ဖို့အတွက် မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းတွေ အဆင်ပြေစေဖို့ ကျွန်တော်တို့ ဌာန အနေနဲ့ နည်းပညာနဲ့ ဈေးကွက်ရရှိအောင် ကူညီ ဆောင်ရွက်ပေးရပါတယ်။ ပြီးတော့ ငါးသယံဇာတ တိုးပွားဖို့အတွက် ဌာနပိုင် ငါးသားဖောက်စခန်းတွေ ကနေ ငါးသားပေါက်မွေးမြူဖြန့်ဖြူးပေးတဲ့ လုပ်ငန်း တွေနဲ့ သဘာဝရေပြင်တွေထဲကို ငါးသားပေါက်မျိုး စိုက်ထည့်တဲ့ လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစ်၊ ချောင်း သဘာဝရေပြင်များအတွင်းသို့ ၄၂ ကြိမ် မျိုးစိုက်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းမျိုးငါး ငါးဖယ် အောင်း ကောင်ရေ ၁၅၀၀၀၀၊ ငါးဖမ်းမကောင်ရေ ၂၅၀၀၀၀၊ ငါးပြေမကောင်ရေ ၅၀၀၀၀၊ ရွှေဝါငါးကြင်း ကောင်ရေ ၁၁၂၅၀၀၀ စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၁၃၀၃၇၀၀၀ တို့ကို မျိုးစိုက်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
“ငါးမျိုးစိုက်ရာသီ ကာလအတွင်းမှာ လျာထား ချက် ကောင်ရေ ၁၂၄ ဒသမ ၄ သိန်းအပေါ်မှာ ၁၀၄ ဒသမ ၈ ရာခိုင်နှုန်း ပြည့်မီကျော်လွန်အောင် ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနကနေ တခြား ဌာန၊ အဖွဲ့အစည်းတွေ သီးခြားငါးမျိုးစိုက်ထည့်ဖို့နဲ့ စမ်းသပ်မွေးမြူဖို့အတွက် ဖြန့်ဖြူးပေးနေတာလည်း ရှိပါတယ်။ ဌာနပိုင်စခန်းသုံးခုကနေ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၇၀၇၀၀ ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်”ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သနပ်ပင်၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ အုတ်ဖို၊ သာယာဝတီ၊ ပဲခူး၊ မိုးညို၊ တောင်ငူ၊ အုတ်တွင်း၊ ဒိုက်ဦး၊ ပြည်၊ ဝေါ၊ သနပ်ပင် စသည့် မြို့နယ် ၁၃ မြို့နယ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းကျော် ဖြန့်ဖြူးထားကြောင်း သိရသည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှု တိုးတက်ရေးသည် နိုင်ငံ့ဝင်ငွေတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်ဖြစ်သကဲ့သို့ အခြေခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့်လည်း တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲမှ ပဲခူးတိုင်းဒေသ ကြီး၏ ငါးမွေးမြူရေးလုပ်ငန်းများမှသည် နိုင်ငံ့ ဝင်ငွေတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တစ်တပ်တစ်အား ထောက်ပံ့ပေးလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments