
နေပြည်တော် အောက်တိုဘာ ၁၈
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန် နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်များ နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ရှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ် လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင် နိုင်သော ခရီးစဉ်ဒေသများစွာ တည်ရှိနေပါကြောင်း၊ နိုင်ငံတကာ နှင့် ထိစပ်နေသော ပြည်နယ်ဖြစ် သည့်အတွက် နိုင်ငံဖြတ်ကျော် ခရီးသွားလုပ်ငန်းများနှင့် နေ့ချင်း ပြန်ခရီးစဉ်များ လုပ်ကိုင်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ထားကြ ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး စသောကဏ္ဍများ တွင် ပံ့ပိုးကူညီပေးသွားမည်ဖြစ် ကြောင်း ဆွေးနွေးသည်။
ဆွေးနွေးပြောကြား
ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က မိမိတို့ပြည်နယ်အနေဖြင့် ဒေသခံလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို အလေးထားပါကြောင်း၊ ခရီးစဉ် ဒေသများ လမ်းပန်းဆက်သွယ် ရေး တိုးတက်ကောင်းမွန်လာ အောင် လုပ်ဆောင်နေကြောင်း၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ညောင်ရွှေမြို့ Paradise ဟိုတယ်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းပြည် နယ်တောင်ပိုင်း) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ညောင်ရွှေမြို့ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဟိုတယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက အင်းလေးကန် ရေရှည် တည်တံ့သာယာလှပရေးအတွက် အင်းလေးကန်ရေပြင်ပေါ်တွင် အမှီသဟဲပြု နေထိုင်လုပ်ကိုင် နေကြသည့် ဟိုတယ်များ၊ ဒေသခံ များအနေဖြင့် အမှိုက်သရိုက်များ စွန့်ပစ်ခြင်းအပြင် ဗေဒါနှင့် ဒိုက် များကိုပါ အမြဲတမ်း ရှင်းလင်းနေ ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော မြန်မာနိုင်ငံ တာဝန်သိခရီးသွား လုပ်ငန်းမူဝါဒ (Myanmar Responsible Tourism Policy) ကိုလေ့လာ လိုက်နာကြရန်နှင့် သဘာဝအရင်းအမြစ်နှင့် ယဉ် ကျေးမှုအမွေအနှစ်များကို ထိန်း သိမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး
ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်း ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေ၊ အင်းလေးကန် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြော ကြားသည်။
ပေါင်းစပ်ဖြည့်ဆည်း
ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာန အင်းလေးကန်တာဝန်ခံက အင်းလေးကန် ထိန်းသိမ်းမှုအခြေ အနေများကို ဆက်လက်ရှင်းလင်း ပြောကြားကာ တက်ရောက်လာ ကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အင်းလေး ကန် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်းလေးကန်နှင့် ဆက်စပ်နေသော ဟိုတယ်များ သန့်ရှင်းသာယာလှပရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေးကို ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက် ကြပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်း ပြည်နယ် ညွှန်ကြားရေးမှူးနှင့် အင်းလေးကန်နှင့် ဆက်စပ်နေ သော ဟိုတယ်လုပ်ငန်းရှင်များက Online မှတစ်ဆင့် ပါဝင်တက် ရောက်ကြသည်။
လည်ပတ်ချင်စရာခရီးစဉ်
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက အင်းလေး ရေပြင်နှင့် ဆက်စပ်နေသော ဟိုတယ် ၂၇ လုံးမှ လုပ်ငန်းရှင်များ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု များစွာဖြင့် တည်ထောင်လုပ်ကိုင် ဆောင်ရွက်နေရသည်နှင့် အညီ မိမိဟိုတယ် ပတ်ဝန်းကျင် ရှင်းလင်း သာယာလှပစေရေး အတွက် ဟိုတယ်ပတ်ဝန်းကျင်ရှိ ဗေဒါနှင့်ဒိုက်များကို ရှင်းလင်းရန် လိုအပ်ပါကြောင်း၊ သို့မှသာ ဟိုတယ်များ၏ပုံရိပ်မှာ ပီပြင် ထင်ရှားကာ လာရောက်လည်ပတ် ချင်စရာ ခရီးစဉ်အဖြစ် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
သတင်းစဉ်