နိုင်ငံတော်သြဝါဒါစရိယ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လက်သမားရပ်ကွက် အတွင်းပတ္တမြား ကျောင်းတိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တအရိယဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ၏ ထေရုပ္ပတ္တိအကျဉ်း

 

ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည်       ဧရာဝတီတိုင်း          ဒေသကြီး     မြန်အောင်မြို့နယ် သပြေကုန်း တိုက်နယ်  ဆပ်သွားဖူးကျွန်းရွာ   ခမည်းတော်     ဦးဘိုးသန့်  + မယ်တော်   ဒေါ်အေးညွန့်တို့မှ  ၁၂၈၆    ခုနှစ်၊     ကဆုန်လပြည့် ကျော် (၈)   ရက်၊   တနင်္ဂနွေနေ့ တွင် ဖွားမြင်တော်မူသော သား ရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည်  ၁၂၉၈  ခုနှစ်တွင်  ဟင်္သာတ မြို့နယ်  သပြေကုန်းကျေးရွာ   ဝါဆိုကျောင်းဆရာတော်   ဘဒ္ဒန္တ ဇနိန္ဒကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏   ပစ္စယာနုဂ္ဂဟကိုခံယူကာ  ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၅ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း(၁၂)    ရက်၊     တနင်္လာနေ့တွင်    သပြေကုန်းကျေးရွာ ဝါဆိုကျောင်းဗဒ္ဓသိမ်၌    သပြေကုန်းရွာ   ကံသစ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဒုမကို ဥပဇ္စျာယ်ပြု၍ ဦးကျော်သိန်း+ ဒေါ်ချစ် တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ 
ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည်      သပြေကုန်းကျေးရွာ     ဝါဆို ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇနိန္ဒ၊ အတွင်းပတ္တမြားကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓါစာရနှင့်       စာချဆရာတော်များ၊ ရေကင်းကျွန်းကလေးကျောင်း    ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသ၊      ပခုက္ကူမြို့    မဟာဝိသုတာရာမတိုက်   ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ၊   မန္တလေးမြို့ တောင်ထီးလင်းတိုက်    ဆရာတော်ဘဒ္ဒန္တသူရိယာ ဘိဝံသ၊     ဘဒ္ဒန္တပုညာနန္ဒာဘိဝံသ၊  ဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၊ ဆီးဘန်နီတိုက် ဆရာတော်ဘဒ္ဒန္တအာစာရာ ဘိဝံသ၊  စစ်ကိုင်းမြို့  ပဋ္ဌာန်းသိပ္ပံ ဆရာတော်ဘဒ္ဒန္တဣန္ဒက စသော ဆရာတော်များထံတွင်  ပရိယတ္တိစာပေများကို   သင်ယူဆည်းပူး တော်မူခဲ့ပြီး   “သာသနဓဇသိရီ ပဝရဓမ္မာစရိယ”   ဘွဲ့ကို  ရရှိတော် မူခဲ့ပါသည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည်  ဟင်္သာတမြို့  အတွင်းပတ္တမြားကျောင်းတိုက် ၌    စာသင်သားရဟန်း  သာမဏေများအား ပရိယတ္တိစာပေများ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊   စာပေကျမ်းဂန်များ  ရေးသား ပြုစုတော်မူခဲ့ခြင်းနှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် မြို့နယ် သံဃဝန်ဆောင်၊  မြို့နယ် ဝိနည်းဓိုရ်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝိနည်းဓိုရ်၊   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး  ယနေ့အထိ  နိုင်ငံတော်သြဝါဒါ စရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင် တော်မူခဲ့ပါသည်။ 
ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော      သာသနဓုရာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊  ခမာဇာဂရိယဂုဏ်၊    အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယ ဆေက ဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော် မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၉ ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်၊ ၂၀၁၄ခုနှစ်တွင်    “အဘိဓဇမဟာရဋ္ဌဂုရု”   ဘွဲ့တံဆိပ်တော်မြတ်တို့ကို   ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည်   သာသနာတော်အကျိုးကို    သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော် (၁၀၀)နှစ်၊ သိက္ခာ(၈၀)ဝါအရ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်၊ (၂၂-၅-၂၀၂၄)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၀၇:၁၀)   နာရီအချိန်တွင်     ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။             သတင်းစဉ်