နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာ၊ ပါဠိသိရောမဏိ) ၏ သာရဏီယ ဩဝါဒကထာ

[၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် (၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်) စနေနေ့]

 

(၇၃) ကြိမ်မြောက်  တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ)  စာမေးပွဲကြီးတွင် ဒီဃနိကာယကောဝိဒ၊ ဝိနယ ကောဝိဒ၊ ဥဘတော ဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ် ခံယူကြမည့် သာသနာ့အာဇာနည်အရှင်မြတ်   ၁၁ ပါးတို့နှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှူးပြုသည့် ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်း တို့အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကိုယ်စား အမှတ်ရဖွယ် အောက်မေ့ဖွယ်ရာဖြစ်သော သာရဏီယဩဝါဒစကား   မြွက်ကြား လိုပေသည်။ 


စာအောင် သာသနာ့အာဇာနည် အရှင်မြတ်တို့ဘုရား-


ကျင်းပပြီးစီးခဲ့သော (၇၃) ကြိမ်မြောက်  တိပိဋကဓရ၊  တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးသည်  ၄၅ ဝါ ကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မြတ်စွာဘုရားရှင် ဟောကြား တော်မူအပ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာသုံးဖြာသော ပိဋကတ်တို့ကို စာအုပ်စာပေ ကျောက်စာတို့ဖြင့် အပြင်ပိုင်းဗဟိဒ္ဓ၌ မပျောက်ပျက် အောင် ထိန်းသိမ်းရုံမကဘဲ သာသနာ့အာဇာနည်အရှင်မြတ်များ၏ အတွင်းပိုင်း အဇ္ဈတ္တသန္တာန်၌ အစဉ်ထာဝရ ကိန်းဝပ်တည်ရှိနေအောင် ရည်ရွယ်ကျင်းပသည့် စာမေးပွဲကြီးဖြစ်ကြောင်းကို နိုင်ငံတော်သံဃ မဟာနာယကဆရာတော်များ၊ တိပိဋကဓရ  ရွေးချယ်ရေးအဖွဲ့ ဩဝါဒါ စရိယဆရာတော်ကြီးများနှင့်        စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များ သိရှိတော်မူကြပြီး ဖြစ်ပါသည်ဘုရား။


အသက်မရှိသော စာအုပ်စာပေ ကျောက်စာများ၌ ကိန်းဝပ်တည်ရှိ သော ပိဋကတ်စာပေထက် အသက်ရှိသောပုဂ္ဂိုလ်များ၌    ကိန်းဝပ် တည်ရှိ သော ပိဋကတ်စာပေများက မိမိအကျိုးနှင့် အများအကျိုးတို့ကို ပိုမိုဆောင်ရွက်နိုင်သည့်အပြင် မြတ်စွာဘုရားရှင်၏ ရည်ရွယ်ချက် နှင့်လည်း ကိုက်ညီလျက်ရှိပါသည် ဘုရား။


ပိဋကတ်စာပေများကို အရအမိ နှုတ်ငုံဆောင်ခြင်း၊ ခက်ခဲနက်နဲ သော သဘောအဓိပ္ပာယ်များကို   သိရှိကျွမ်းကျင်လိမ္မာခြင်းရှိသော သာသနာ့အာဇာနည် အရှင်မြတ်များကတစ်ဆင့်   မိမိတို့  သိအပ်၊ ကျင့်အပ်၊ လေ့လာမှတ်သားအပ်ပြီးသော တရားတော်များကို ထပ်ဆင့် သင်ကြားပြသ ဆုံးမပေးတော်မူခြင်းကြောင့် အရှင်ဘုရားတို့ကဲ့သို့ သော အသစ်အသစ်သော တပည့်ရဟန်းသာမဏေများ တိုးပွားပြီး မြတ်စွာဘုရားရှင်၏  သာသနာတော်မြတ်ကြီးလည်း ဆက်လက်၍ တည်တံ့နေမည် ဖြစ်ပါသည်ဘုရား။


သုတ်၊ ဝိနည်း၊ အဘိဓမ္မာ သုံးဖြာသောပိဋကတ်တို့ကို အရှင်ဘုရား များက ကျက်မှတ်၍ ဖြေဆိုခဲ့ကြသဖြင့်  အောင်မြင်မှုရခဲ့ခြင်းသည် မြတ်စွာဘုရားရှင်၏ ဆန္ဒတော်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြည့်ဝ အောင် ဖြည့်ကျင့်နေခြင်းဖြစ်၍ အရှင်ဘုရားတို့အနေဖြင့် “ငါတို့သည် မြတ်စွာဘုရားရှင်၏ ဆန္ဒတော်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြည့်ဝ အောင် ဖြည့်ကျင့်နေသူများပါတကား”ဟု    နှလုံးသွင်းဆင်ခြင်၍ ကြည်လင်ရွှင်ပြ ဝမ်းမြောက်သင့်ကြပေသည်။   မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့်အတိုင်း ဓမ္မာနုဓမ္မပဋိပတ်ကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံပွားများ ကြိုးစားအားထုတ်ကြမှသာ မြတ်စွာ ဘုရားရှင်၏ ဆန္ဒတော်ကို ပြည့်စုံအောင် ဖြည့်ကျင့်ရာရောက်သည့် အပြင် မြတ်စွာဘုရားရှင်၏ သာသနာတော်တည်းဟူသော   အလင်း ရောင်ကြီးကို မှေးမှိန်ကွယ်ပျောက်ခြင်းမရှိအောင် စောင့်ရှောက်ရာ လည်း ရောက်ပါသည်ဘုရား။


ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိဗ္ဗတိ။ 
တာဝ ဒက္ခန္တိ အာလော ကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။ 
သုတ္တန္တေ အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ၊ 
တမော ဘဝိဿတိ လောကေ၊ သူရိယေ  အတ္ထင်္ဂတေ  ယထာ။ (အံ၊ ဋ္ဌ၊ ၁။ ၇၂)


“နေမင်းကြီး တည်ရှိနေသောအခါ အရောင်အလင်းကို တွေ့မြင် ရသကဲ့သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော သုတ္တန် အဘိဓမ္မာဒေသနာတော်များ ထင်ရှားရှိနေသမျှ၊ ဝိနည်းတရားတော် များ ထွန်းကားနေသမျှကာလပတ်လုံး သူတော်ကောင်းတရား ဘုရား သာသနာတော်တည်းဟူသော အရောင်အလင်းကို တွေ့မြင်နေကြ ရလိမ့်မည်။ 


နေမင်းကြီးဝင်သွားသည်ရှိသော် လောကကြီး၌ အမိုက်အမှောင် ဖြစ်သကဲ့သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော  သုတ္တန်၊ အဘိဓမ္မာဒေသနာတော်များ ထင်ရှားမရှိခဲ့သော်၊   ဝိနည်းတရားတော် များသည်လည်း ပျောက်ပျက်ခဲ့သည်ရှိသော် လောကကြီး၌ (မသူတော် တရားတည်းဟူသော) အမိုက်မှောင်ကြီးသာ   ဖြစ်ပေါ်လိမ့်မည်” ဟူသော အင်္ဂုတ္တိုရ် အဋ္ဌကထာဒေသနာအရ သုတ္တန်၊ အဘိဓမ္မာ၊ ဝိနည်း ဟူသော ပိဋကသုံးသွယ်၊  နိကာယ်ငါးဖြာ   ပရိယတ္တိသာသနာသည် သာသနာတော်သုံးရပ်တွင်    အရင်းမူလပဓာနကျကြောင်း အရှင်မြတ် တို့ သိရှိကြပြီးဖြစ်ပါသည်။  ထိုကဲ့သို့ သိရှိကြပြီးသည့် အားလျော်စွာ အရှင်မြတ်တို့၏ အဇ္ဈတ္တသန္တာန်တွင် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဤငါးဖြာကို ဦးစီးဆောင်ရွက်ကျက်မှတ်ခဲ့ကြသဖြင့် (၇၃) ကြိမ် မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးတွင် ဒီဃနိကာယကောဝိဒ၊ ဝိနယ ကောဝိဒ၊ ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့တံဆိပ်တော်များကို   အရှင်ဘုရားတို့၏ လက်ဝယ် တွင် ဆက်ကပ်ခြင်းကို ခံယူတော်မူကြရခြင်း ဖြစ်ပါသည်ဘုရား။


အရှင်မြတ်တို့၏ ကြိုးပမ်းအားထုတ်မှု၊ အောင်မြင်မှုများသည် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီးတွင် ထိပ်တန်းကျသော အောင်မြင် မှုများဖြစ်သည့်အတွက် မြတ်စွာဘုရားရှင်၏   သာသနာတော်ကြီး တိုးတက်ပွင့်လင်းမှုအရေး  မျှော်တွေးကာ  နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အနေဖြင့်  အလွန်ဝမ်းသာ  ဂုဏ်ယူလျက်ရှိကြပါသည် ဘုရား။ နိုင်ငံတော်အစိုးရနှင့် ပြည်သူပြည်သား ဒါယကာ၊   ဒါယိကာ များတို့သည်လည်း အရှင်မြတ်တို့၏ ကြိုးပမ်းအားထုတ်မှု၊ အောင်မြင် မှုများကို လွန်စွာအားရကြည်ညိုမှုရှိကြသည့်အားလျော်စွာ  ပူဇနိယ ဝတ္ထုအစုစုတို့ဖြင့် ပူဇော်လှူဒါန်းလျက်ရှိကြပါသည်ဘုရား။ 


စာအောင် သာသနာ့အာဇာနည် အရှင်မြတ်တို့ဘုရား-


“ဒွေမာနိ ဘိက္ခဝေ ပဓာနာနိ ဒုရဘိသ္မဘဝါနိ လောကသ္မိံ” အစ ရှိသော အင်္ဂုတ္တိုရ်ပါဠိတော် ပဓာနသုတ် (နှာ-၅၁) ဒေသနာတော်အရ လောက၌ ဖြစ်စေနိုင်ခဲသည့် အားထုတ်မှုနှစ်မျိုးတို့တွင် လူ့ဘောင်၌ နေသူ   လူဒါယကာ၊   လူဒါယိကာမတို့သည်     အရှင်မြတ်တို့အား အကြောင်းပြုကာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသောပစ္စည်း တို့ကို ထောက်ပံ့ခြင်းဖြင့်   ဖြစ်စေနိုင်ခဲသည့်    အားထုတ်မှုမျိုးကို အားထုတ်လျက်ရှိကြပါသည်။ အရှင်မြတ်တို့သည်လည်း ဒါယကာ၊ ဒါယိကာမများ၏    လှူဒါန်းချီးမြှောက်မှုကိုခံယူကာ     ယခုကဲ့သို့ အောင်မြင်သည်အထိ ပရိယတ္တိစာပေကို ကြိုးစားတော်မူကြ၍ ပဋိပတ္တိ ဆိုင်ရာ ကိစ္စအဝဝကို  ဆက်လက်အားထုတ်နိုင်ကြပြီး    ဒါယကာ၊ ဒါယိကာမတို့အား ဓမ္မာနုဂ္ဂဟဖြင့်     ချီးမြှောက်တော်မူနိုင်ကြမည် ဖြစ်ပါသည်ဘုရား။


ဤကဲ့သို့ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုသကဲ့သို့ ဆရာဒကာ ကြည်သာ ဝမ်းမြောက်ချီးမြှောက်မှုပြုကြ၍    သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပါက သာသနာတော်ကြီးသည်  နှစ်ပေါင်း များမြောင်မကကြာအောင်   ရှည်ကြာတည်တံ့နိုင်မည်   ဖြစ်ပါသည် ဘုရား။ ပရိယတ္တိဝန်ဆောင် အရှင်မြတ်တို့သည်လည်း မိမိတို့ဆိုင်ရာ သာသနာ့ကိစ္စအဝဝကို ကျန်းမာချမ်းသာစွာ အားထုတ်တော်မူနိုင်ကြ၍ ဆရာဒကာ လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေဟု ပတ္ထနာပြုကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာရဏီယ ဩဝါဒကထာကို နိဂုံးချုပ်အပ်ပါသည် ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား။