
ရန်ကုန် ဖေဖော်ဝါရီ ၂၄
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌဆရာတော်၊ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ ဥက္ကဋ္ဌ သဘာပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရက အဖွဲ့အစည်း တစ်ခု ရေရှည်ရပ်တည်ရေး အတွက် အဖွဲ့ဝင်များ၏ အမြဲ မပြတ် တိုင်ပင်နှီးနှောဆွေးနွေး ပြောဆိုကြခြင်းသည် အဖွဲ့ အစည်းတစ်ခု ကြီးပွားတိုးတက် ခြင်းပင်ဖြစ်ကြောင်း၊ ဤအဖွဲ့ အစည်း၏ ကဏ္ဍအသီးသီးတွင် တာဝန်အမျိုးမျိုးကို ယူထားကြ သော ပုဂ္ဂိုလ်အားလုံးတို့သည် မိမိတို့၏တာဝန်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် လုပ်ကိုင်ကြရာ၌ အားသာချက် အားနည်းချက်များကို အပြန် အလှန် တင်ပြဆွေးနွေးညှိနှိုင်းကြခြင်းဖြင့် အနာဂတ်ခရီးဖြောင့်ဖြူး ရေးအတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက် လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း၊ သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ၊ သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ- ဟူ၍ ဟောကြားတော်မူ အပ်သော သုခတရားလေးပါးတို့ တွင် သုခါသံဃဿ သာမဂ္ဂီ၌ သံဃာဟူသည် ဤနေရာ၌ သာသနာ့ဝန်ထမ်း ရဟန်း သာမဏေများကိုသာ ဆိုလိုသည် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု၊ အသိုက်အဝန်းတစ်ခုကို ကိုယ်စား ပြုသည့် ပုဂ္ဂိုလ်များအားလုံးကို ဆိုလိုခြင်းဖြစ်ကြောင်း၊ တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးတို့သည် ကိုယ်ရော စိတ်ပါ ညီညီညွတ်ညွတ်ဖြင့် မေတ္တာပုဗ္ဗင်္ဂမ စိတ်ဓာတ်ကို လက်ကိုင်ထားပြီး ပြုမူပြောဆို ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်သြဝါဒကထာ မြွက်ကြားသည်။
တည်ထောင်ဖွင့်လှစ်
ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် နိုင်ငံတော် တွင် ဘာသာ သာသနာနှင့် ပတ်သက်၍ တာဝန်အရှိဆုံးဖြစ် သည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးက နိုင်ငံတော် အစိုးရ၏ ကူညီထောက်ပံ့လှူဒါန်း မှုဖြင့် သာသနာ့တက္ကသိုလ်များ ထူထောင်ရန် စီမံကိန်းချဆောင် ရွက်ခဲ့ပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များကို တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၌ ပညာသင်ကြား ရေးဌာန ခုနစ်မျိုးရှိကြောင်း၊ ခုနစ် မျိုးထဲမှ မဟာဌာနကြီးသုံးခုတွင် ပါဝင်သောဘာသာရပ် လေးမျိုးကို ဟောပြောမှုပုံစံဖြင့် သင်ကြားခြင်း၊ ပုံစံထုတ်၍ရှင်းပြခြင်း၊ နိယံ, အဋ္ဌ ကထာနှင့် ဋီကာ အဆိုတို့အရ ဥပဒေသထုတ်ပြခြင်း၊ လက်တွေ့ ကျကျ လေကျင့်စေခြင်း၊ လုပ်ငန်း ပေး လေ့ကျင့်စေခြင်း၊ ကိုယ်ကျင့် တရား ထက်မြက်စေရန် လမ်းညွှန် မှု ပေးခြင်းဟူသော သင်ကြားနည်း ခြောက်မျိုးဖြင့် မွမ်းမံသင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ပရိယတ္တိပညာရေး ရေရှည် တည်တံ့ခိုင်မြဲစေရေး ရှေးရှုကာ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်နှစ်ခုကို တည်ထောင် ဖွင့်လှစ်ခဲ့သည်မှာ ၃၇ နှစ်တာ ကာလသို့ ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း၊ ယခုအခါ ဤသာသနာ့ တက္ကသိုလ်များမှ သာသနတက္က သီလ ဓမ္မာစရိယ(B.A)ဘွဲ့ရ ၂၆၅၃ ပါး၊ သာသနတက္ကသီလ မဟာ ဓမ္မာစရိယ(M.A)ဘွဲ့ရ ၄၈၄ ပါး၊ သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D)ဘွဲ့ရ ၁၄ ပါး၊ ဂုဏ်ထူး ဆောင်ဓမ္မပါရဂူ (D.Litt) ဘွဲ့ရ ငါးပါး စုစုပေါင်း ၃၁၅၆ ပါး ပေါ်ထွန်း ခဲ့ပြီး မိမိတို့စွမ်းရာစွမ်းရာ နယ်စပ် နှင့် တောင်တန်းဒေသများတွင် ကြွရောက် သာသနာပြုလျက် ရှိကြောင်း။
ဆရာတော်ကြီးများ၏ ဩဝါဒ လမ်းညွှန်ချက်ကို ခံယူလျက် ဆရာဒကာ လက်တွဲညီညာစွာ အရှိန်အဟုန်မပျက် ဆက်လက် ၍ အားသွန်ကြိုးပမ်းဆောင်ရွက် သွားကြမည်ဆိုပါလျှင် ဤ သာသနာ့ တက္ကသိုလ်ကြီးများ သည် ဗုဒ္ဓဓမ္မဆိုင်ရာ တက္ကသိုလ် များနှင့်၊ ပရိယတ်စာပေတို့တွင် ဦးဆောင် အခန်းကဏ္ဍ၌ ရှိနေမည် ဟု ယုံကြည်ပါကြောင်း လျှောက် ထားသည်။
ဆက်လက်၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်း ရေးမှူး သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ မှ ဆောင်ရွက်ချက်များနှင့် တက္ကသိုလ်များဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၃) အစည်းအဝေး တင်ပြ ချက်တို့ကို လျှောက်ထားသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဆရာတော်၊ သာသနာ့တက္ကသိုလ် များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ သဘာပတိဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တစန္တ နသာရက နိဂုံးချုပ်ဩဝါဒါကထာမြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီး က အစည်းအဝေးသို့ ကြွရောက် လာသော ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
သတင်းစဉ်