
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား
(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)
==================================================
ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-
၂၀၂၁ ခုနှစ်၊ နှစ်သစ်အခါသမယမှာ နိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း မိမိတို့အစိုးရဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားများ ပြည့်ဝကောင်းမွန်ရေး၊ နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါ တယ်။ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကဏ္ဍကြီး (၁၁) ရပ် သတ်မှတ်ပြီးတော့ ရေတို၊ ရေရှည်စီမံကိန်းတွေ ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ပြီးမြောက် အောင်မြင်ခဲ့တဲ့ လုပ်ငန်းအများအပြားရှိသလို ဆက်လက်ဆောင်ရွက် ရမယ့် လုပ်ငန်းတွေလည်း ကျန်ရှိပါတယ်။ လာမယ့်နှစ်များအတွင်းမှာ ဆောင်ရွက်ဆဲလုပ်ငန်းတွေ ပြီးစီးရုံသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍနယ်ပယ်အသီးသီးမှာ နိုင်ငံသူ နိုင်ငံသားတို့ အတွက် ပိုမိုကောင်းမွန်တဲ့ အနေအထားများနဲ့ အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ဖို့ ပြည်သူများနဲ့လက်တွဲပြီး ဆက်လက်အားထုတ် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-
နိုင်ငံတစ်ခု တိုးတက်အောင်မြင်ရေးအတွက် အရေးကြီးဆုံး အခြေခံအချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဖြစ်ပါတယ်။ ဒီအတွက် ဆောင်ရွက်ရာမှာ ပြည်သူတို့ရဲ့
b ရှေ့ဖုံးမှ
စုပေါင်းအင်အားဟာ အလွန်အရေးပါပါတယ်။ ပြည်သူတွေ အားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အလေး အနက်ထားပြီး စုပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့်သာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်မှာဖြစ်သလို၊ နိုင်ငံတစ်ဝန်း တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက် တည်း အကောင်အထည်ဖော်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့အရေးမှာ နိုင်ငံသူ နိုင်ငံသားများ အားလုံး တစ်ခဲနက် ပါဝင်ဆောင်ရွက်ပေးကြဖို့ ပန်ကြား လိုပါတယ်။
နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ပြီး ကမ္ဘာအနှံ့ ပြန့်ပွားဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ အများအပြားမှာ အသက်ဘေးအန္တရာယ်နဲ့အတူ စီးပွား ရေး၊ လူမှုရေးစတဲ့ အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့ခဲ့ကြရပါတယ်။ မိမိတို့ နိုင်ငံမှာလည်း အလားတူ အခက်အခဲတွေ အတိုင်းအတာတစ်ခုအထိ ကြုံတွေ့ခဲ့ရာမှာ နိုင်ငံတော်အစိုးရနဲ့အတူ နိုင်ငံသူ နိုင်ငံသားများက ကျရာ အခန်းကဏ္ဍက တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတဲ့အတွက် ကပ်ရောဂါပြဿနာ ဆိုးဆိုး ဝါးဝါးမခံစားရအောင် ထိန်းသိမ်းကာကွယ်နိုင်ခဲ့တာ အားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ ဒါဟာ စုပေါင်း အင်အားရဲ့ တန်ဖိုးကြီးမားပုံကို သိသာထင်ရှားစွာ ပြသ လိုက်တဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသူ နိုင်ငံသားများကို အထူးကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။
ဆက်လက်ပြီး ကိုဗစ်-၁၉ အလွန်ကာလမှာ ပြည်သူ တို့ရဲ့ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုများ လျော့ပါး စေရေး အစီအစဉ်များနဲ့ စီးပွားရေးကုစားမှု အစီအစဉ်များ ပါဝင်တဲ့ စီမံကိန်းတွေကိုလည်း ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူလူထုရဲ့ ညီညွတ်မှုစွမ်းအားနဲ့ ကိုဗစ် ကပ်ရောဂါဘေးကြောင့်ဖြစ်လာတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှု များကို ကျော်လွှားအောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည် ကြောင်း ပြောကြားလိုပါတယ်။
နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-
မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံတဲ့ နှစ်သစ်အခါ သမယမှာ မိဘပြည်သူအားလုံး ကပ်ရောဂါဘေး ကင်းဝေး ကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ပြည်သူ လူထုရဲ့ စုပေါင်းစွမ်းအားနဲ့ နိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။