နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၉)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၉)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မိန့်ခွန်းပြောကြား

မြန်မာနိုင်ငံက လာအိုနိုင်ငံထံမှ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု ဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူ

=======================================================================================================================================================================================================================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၉

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၉)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(အက်မက်စ်) (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) (Cambodia-Laos-Myanmar-Viet Nam Cooperation-CLMV) ထိပ်သီးအစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

 

 

(၉)ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေး

 

(၉)ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင် က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်း ဆီဆုလစ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

 

အမြင်ချင်းဖလှယ် ဆွေးနွေး

 

အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည် “ACMECS Master Plan (2019-2023)” အား အကောင် အထည်ဖော်မှုအခြေအနေနှင့် အနာဂတ်ပူးပေါင်းဆောင် ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြား ရာတွင် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ဆောင်ရွက်ခဲ့သည့် အက်မက်စ်ပူးပေါင်းဆောင်ရွက် မှု၏ (၁၇)နှစ်တာ ခရီးအတွင်း အောင်မြင်မှုများရရှိခဲ့ပြီး စိန်ခေါ်မှုများကိုလည်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုတို့အပေါ် အခြေခံသည့် စည်းလုံးညီညွတ်မှု စိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း၊ မဲခေါင်ဒေသခွဲသည် ပထဝီအနေအထားအရ ဖွံ့ဖြိုးတိုးတက်ရန် အားသာချက် များရှိသော်လည်း သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများ အပါအဝင် အခြားသော စိန်ခေါ်မှုအသစ်များကြောင့် ဒေသ ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအရှိန်အဟုန်ကို အဟန့်အတား ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအား ကူညီထောက်ပံ့မှု များ ပေးအပ်ခဲ့ကြသည့် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အက်မက်စ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ဆေးနှင့် ကုသဆေးဆိုင်ရာ ပူးတွဲသုတေသနပြုလုပ်ရေး၊ ပူးတွဲထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်းနှင့် ရာသီဥတုပြောင်း လဲမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လက်နက် မှောင်ခိုကူးမှုနှင့် အကြမ်းဖက်မှုတို့ အပါအဝင် စိန်ခေါ်မှုများ အား ဖြေရှင်းရေးတို့ကို ဦးစားပေးအဖြစ် သတ်မှတ်ဆောင် ရွက်သွားသင့်ကြောင်းကိုလည်း အကြံပြုပြောကြားခဲ့သည်။

 

ထို့အပြင် နိုင်ငံတော်သမ္မတက ကပ်ရောဂါအလွန် ဒေသတွင်းစီးပွားရေး အမြန်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိကကျ သည့် အားလျော်စွာ “အက်မက်စ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၃)” ကို အကောင်အထည်ဖော်ဆောင်ရေးသည် များစွာအရေးပါ ကြောင်းနှင့် ပြည်ဝင်ဂိတ်များတွင် ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများကို New Normal နှင့်အညီ အဆင့်မြှင့်တင်ရေး၊ ပြည်ဝင်လုပ်ငန်းစဉ်များသည် ကျန်းမာ ရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီစေရေးနှင့် ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ဒေသတွင်း ကုန်စည်ထောက်ပံ့မှု ကွင်းဆက်မပြတ်စေရန်နှင့် စတုတ္ထစက်မှုတော်လှန်ရေး (4th Industrial Revolution)ကို အထောက်အကူပြုနိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေး အခန်းကဏ္ဍကို မြှင့်တင်ရေးတို့ အတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကိုလည်း အလေးထားပြောကြားခဲ့သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု စသည့် အက်မက်စ်၏ လက်ရှိဖွံ့ဖြိုးမှု မိတ်ဖက်များအပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် အဖွဲ့အစည်း များက အက်မက်စ်၏ဖွံ့ဖြိုးမှုမိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒပြုမှုများရှိသည်ကို သိရှိရသည့် အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက် များအတွက် ညှိနှိုင်းရေးမှူးအဖြစ် ထိုင်းနိုင်ငံက ဆောင်ရွက် ပေးနေသည့်အပေါ် ဂုဏ်ယူပါကြောင်းနှင့် ACMECS Master Plan ကို ကိုယ့်အားကိုယ်ကိုး၍ အကောင်အထည်ဖော်ရန် တည်ထောင်မည့် အက်မက်စ်ရန်ပုံငွေယန္တရားအတွက် ဦးဆောင်မှုပေးခဲ့ခြင်းနှင့် “အက်မက်စ်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ”သို့ အမေရိကန် ဒေါ်လာသန်း ၂၀၀ ထည့်ဝင်ရန် ကတိကဝတ်ပြုခဲ့ခြင်းတို့အတွက် ထိုင်းနိုင်ငံအား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

 

အစည်းအဝေးမှ (၉)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေး ဖနောင်ပင် ကြေညာစာတမ်းကို ထုတ်ပြန် ကြေညာခဲ့သည်။

 

(၁၀)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးကို ဆက်လက် တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် လာအို ဝန်ကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ လည်း တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များက CLMV ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ် တွင်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး “CLMV ဖွံ့ဖြိုး တိုးတက်ရေးမူဘောင်”ကို အတည်ပြုခဲ့ကြသည်။ အဆိုပါ မူဘောင်သည် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအတွက် ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ်အထက်အဆင့် ဝင်ငွေ ရှိသည့် နိုင်ငံများအဖြစ်သို့ ရောက်ရှိလာစေရေး ရည်ရွယ် ထားသည့် မဟာဗျူဟာတစ်ရပ်ဖြစ်သည်။

 

များစွာအထောက်အကူပြု

 

နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် CLMV ပူးပေါင်းဆောင်ရွက်မှုသည် စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အာဆီယံပေါင်းစည်းရေးလုပ်ငန်းစဉ်များ တွင် များစွာအထောက်အကူပြုခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလအပြီး လူမှုစီးပွားပြန်လည်တည်ဆောက်နိုင်ရန် အတွက် ပိုမိုကောင်းမွန်သည့် စီမံမှုများနှင့် ပိုမိုစည်းလုံးသည့် ပူးပေါင်းဆောင်ရွက်မှုများကို ကျန်းမာရေးဆိုင်ရာ လိုအပ် ချက်နှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်တို့အကြား မျှတစွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးနှင့် လူမှုအသိုက်အဝန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို သီးခြားအခန်း တစ်ခုအဖြစ် ထည့်သွင်းရေးဆွဲထားသည့် “CLMV လုပ်ငန်း စီမံချက် (၂၀၂၁-၂၀၂၂)”ကို ကြိုဆိုကြောင်းတို့ကို ပြောကြား ခဲ့သည်။

 

ထို့အပြင် နိုင်ငံတော်သမ္မတက ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ဆက်သွယ် ချိတ်ဆက်မှုများကို New Normal လိုအပ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ၏ စီးပွားရေး စိန်ခေါ်မှုများအား ရင်ဆိုင်ရာတွင် ဒစ်ဂျစ်တယ်စီးပွားရေး သည် ထိရောက်မှုရှိသည့်အတွက် အားပေးသင့်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရေရှည်ချောမွေ့စွာ စီးဆင်း နိုင်စေရန် မဲခေါင်ဒေသအတွင်း စီးပွားရေးစင်္ကြံများရှိ ပြတ်တောက်နေသော အရေးပါသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား ပြန်လည်ချိတ်ဆက်ရေး ဆောင်ရွက် သင့်ကြောင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်း စီးပွားရေး ပြန်လည်ထူထောင်မှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မြှင့်တင်သင့်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

 

အတည်ပြုထုတ်ပြန်

 

အစည်းအဝေးမှ (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ပူးတွဲကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

ဆွေးနွေးမှုများအပြီးတွင် စီအယ်လ်အမ်ဗွီဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ် ခဲ့သည်။ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူသည့် မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့လာမည့် စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းသွားနိုင်ရန်နှင့် ဒေသခွဲ အတွင်းရှိ ပြည်သူများအားလုံး ပိုမိုအကျိုးဖြစ်ထွန်းစေရန် တို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် စီအယ်လ်အမ်ဗွီ ဥက္ကဋ္ဌတာဝန်ကို (၂)နှစ်တာကာလအတွက် ထမ်းဆောင်သွားမည်ဖြစ်သည်။

 

အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြ သည်။

 

သတင်းစဉ်