နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

 

==========================================================

 

နေပြည်တော် ဒီဇင်ဘာ ၁၀

 

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

တက်ရောက်

 

အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ အမျိုးသား အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီဝင် ဒုတိယ ဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေး မဟာဗျူဟာရေးဆွဲရေး အထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ United States Agency International Development တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများသည် သက်ဆိုင်ရာနေရာဒေသအသီးသီးမှ Zoom Application ဖြင့် တက်ရောက်ကြပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် အခမ်း အနားကျင်းပသည့် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။

(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းကို စာမျက်နှာ ၃ တွင် ဖော်ပြထား ပါသည်။)

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမှာစကားပြောကြားသည်။

(ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၏ အမှာစကားကို သီးခြားဖော်ပြထားပါသည်။)

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာ စကားပြောကြားသည်။

 

(ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ အမှာစကားကို စာမျက်နှာ ၅ တွင် ဖော်ပြထားပါသည်။)

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁)အပေါ် ပြီးခဲ့သည့် (၃)နှစ်တာ ဆောင်ရွက် ချက်များအရ (၈၅)ရာခိုင်နှုန်းခန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ကော်မရှင်အနေဖြင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (IACA)တွင် ၂၀၁၉ ခုနှစ် နှစ်ကုန်က အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေး အကယ်ဒမီနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။

 

လုပ်ငန်းလမ်းညွှန်များ ချမှတ်ပေး

 

အဂတိလိုက်စားမှုများကို ထိရောက်စွာ လျှော့ချနိုင်ရန်အတွက် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းရေး ရှေ့ပြေးစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ချိန်က ပြည်ထောင်စုဝန်ကြီးဌာန (၁၄) ခုတွင် ဖွဲ့စည်းခဲ့ သော်လည်း ယခုအခါ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း စုစုပေါင်း (၂၂) ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (၃၆) ဖွဲ့အထိ ဖွဲ့စည်းနိုင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်များကိုလည်း ချမှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ပြည်သူတို့၏ တိုင်ကြားစာများကို လက်ခံခြင်း၊ စိစစ်ခြင်း၊ တိုင်ကြားနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တိုင်ကြားသူများထံ အကြံပြုချက်များနှင့်အတူ ပြန်ကြားပေးခြင်း၊ လက်ခံတွေ့ဆုံ ဆွေးနွေးဖြေရှင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသောကြောင့် ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် အများပြည်သူများ စိတ်ဝင်စားမှု၊ ယုံကြည်မှုများ တိုးမြင့်လာခဲ့ပါကြောင်း၊ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန် သော တစ်ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု ဘာရိုမီတာ၌ အာရှဒေသ (၁၇) နိုင်ငံအတွင်း ဆောင်ရွက်ခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံသည် အများပြည်သူ များ လက်ခံသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းအဖြစ် အမြင့်ဆုံး အဆင့်ရရှိခဲ့ပြီး အဂတိလိုက်စားမှုအား လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်မှုတွင် လည်း အမြင့်ဆုံးအဆင့် ရရှိခဲ့ပါကြောင်း။

လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်

ယခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “Recover with Integrity” (ဖြောင့်မတ်တည်ကြည်မှုဖြင့် ပြန်လည်ထူထောင်ကြပါစို့)ဟူ၍ ချမှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေး၊ လူမှုရေးအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြောင့်မတ်တည်ကြည်မှု ပိုမိုမြှင့်တင်ခြင်းဖြင့် ပြန်လည် ထူထောင်နိုင်ရေးအတွက် ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူ များနှင့် ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကော်မရှင်နှင့်အတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပါကြောင်း တင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်၏ သဝဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Mr. Ola Almgren က ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ Deputy Resident Representative Ms. Dawn Del Rio က အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC) Country Manager Mr. Benedikt Hofmann က UNODC Executive Director ၏ Video message ကိုပြသ၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်