နိုင်ငံတော်ပိုင် မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ

 

နေပြည်တော်  စက်တင်ဘာ ၁၉


နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း သည် ခရီးသည်တင်လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက် ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေးကိုပါ တိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight)  ခရီးစဉ်များကိုပါ  ပြေးဆွဲနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိရာ  ပထမဦးဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ် အဖြစ်  Boeing 737-400  အမျိုးအစား  ကုန်တင် လေယာဉ်ဖြင့် ယနေ့ စက်တင်ဘာ ၁၉ ရက် တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  စတင်ပျံသန်း ပြေးဆွဲခဲ့သည်။ 


အဆိုပါ  Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည်     မြန်မာနိုင်ငံသို့ ယခုလ  ၁၅  ရက်တွင်   ရောက်ရှိခဲ့ခြင်းဖြစ် ပြီး   ကုန်တန်ချိန်အားဖြင့်   ၁၈  တန်အထိ သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။ မြန်မာ အမျိုးသားလေကြောင်းအနေဖြင့်      ကုန်တင် လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊  စင်ကာပူ၊  မလေးရှား နှင့် အိန္ဒိယနိုင်ငံများသို့လည်း  ထပ်မံတိုးချဲ့ ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။


ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကို တိုးချဲ့ ပျံသန်းပြေးဆွဲခြင်းဖြင့် နိုင်ငံ၏ ပို့ကုန်/သွင်း ကုန် တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွား ရေး တိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီ ပံ့ပိုးပေးရာလည်း   ရောက်မည်ဖြစ်ပါသည်။ ယနေ့   ပထမဦးဆုံးပျံသန်းသည့်   ကုန်တင် လေယာဉ်ခရီးစဉ်တွင်    ကုန်စည်စုစုပေါင်း တန်ချိန် ၁၅ ဒသမ ၉ တန်  သယ်ယူပို့ဆောင် ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်