
မန္တလေး နိုဝင်ဘာ ၂၃
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ (သက်တော်(၈၅)၊ သိက္ခာတော် (၆၆)ဝါ)သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီ ၃၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမဈာပနသာဓုကီဠနအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ယင်းကျောင်းတိုက်ရှိ အောင်မြေသာစည်အလယ်တိုက်ကြီးတွင် ကျင်းပသည်။
အဆိုပါ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ နိုင်ငံတော် ဩဝါဒါစရိယ သောဠသမ ရွှေကျင် သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ ဒါယကာ၊ ဒါယိကာမများ၊ ရဟန်းသံဃာတော်များ နှင့် သာသနာ့နွယ်ဝင်သီလရှင်များ၊ ဝတ် အသင်းအဖွဲ့များ၊ဧည့်ပရိသတ်များ၊ ဆွေ တော်မျိုးတော်များ၊ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြပြီး သဗ္ဗေ သင်္ခါရာ အနိစ္စာအစရှိသော (၃)ဂါထာကို ရွတ်ဆို သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားကို ဖွင့်လှစ်သည်။
သီလခံယူဆောက်တည်
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာ တော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ် အားလုံးက ရှစ်ပါးသီလ ခံယူဆောက်တည် ကြသည်။
စိန်ကတ္တီပါလွှမ်း၍ ပူဇော်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီး များက ဝိသုဒ္ဓါရုံစည်ရှင်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်သည်။
ဆက်လက်၍ ရွှေကျင်ဂိုဏ်းအကျိုး တော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဝေရာ ရာမ ရန်ကင်းဆရာတော်က မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ရွှေကျင်နိကာယ ဗဟိုဌာန သံဃာတော်များ၏ သံဝေဂိယ ကထာဝမ်းနည်းကြောင်း သဝဏ်လွှာကို ဖတ်ကြားပူဇော်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားကြောင်း မှတ်တမ်းတင်သဝဏ်လွှာကို ရွှေဘိုမြို့ ပါဠိကာရီတုလွတ်ကျောင်းတိုက် နိုင်ငံ တော်သံဃမဟာနာယက တွဲဖက်အကျိုး တော်ဆောင် ဘဒ္ဒန္တစန္ဒဝံသာ ဘိဝံသက ဖတ်ကြားပူဇော်သည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်း ကြောင်းသဝဏ်လွှာကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားပူဇော်ပြီး ထေရုပ္ပတ္တိအကျဉ်းကို ဒီပဲယင်းတိပိဋကဓရ ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တသာရက ဖတ်ကြားပူဇော်သည်။
ယင်းနောက် စည်ရှင်ဆရာတော်ကြီး ကိုယ်တိုင် ရေးသားအပ်သော မဟာထေရ ဂုဏဂီတိကာ သံဝေဂရစနာဂါထာများကို မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာ ဘိဝံသက ဖတ်ကြားပူဇော်သည်။
ထို့နောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံသို့ တိုင်းမှူးကလည်းကောင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားတက်ရောက်ကြသူများ က ဆရာတော်သံဃာတော်များအား လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြ သည်။
ယင်းနောက် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ မရဏာနုဿတိ ဘာဝနာတရားနှင့် ရေစက်သွန်းချတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှ ပေးဝေကြသည်။
ဆက်လက်၍ ဒီပဲယင်းတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တတိစိတ္တက တပည့် သံဃာ ဒါယကာ၊ ဒါယိကာမများက အပြစ်ရှိက သည်းခံခွင့်လွှတ်တော်မူရန် ဝန်ချတောင်းပန်ကန်တော့သည့် ခမာပန ဝန္ဒနာကို ရွတ်ဆိုတိုင်ကြားကာ တောင်းပန် ကန်တော့၍ ဆရာတော်ဘုရားကြီးအား နောက်ဆုံးတောင်းပန် ကန်တော့ကြပြီး အနိစ္စာ ဝတသင်္ခါရာအစရှိသော (၃)ဂါထာ ကို ရွတ်ဆိုသံဝေဂဉာဏ်ပွားများ၍ အခမ်း အနားအစီအစဉ်ပထမပိုင်းကို ရုပ်သိမ်းခဲ့ သည်။
ကရဝိက်ယာဉ်ပေါ်သို့ ပို့ဆောင်
ယင်းနောက် အစီအစဉ် ဒုတိယပိုင်း အဖြစ် မဟာအောင်မြေမြို့နယ် ဧရာဦး ဆိပ်ကမ်းရှိ ဈာပနကွင်းသို့ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ အခမ်းအနားမှူးက ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက် ယာဉ်ပေါ်သို့ ကြွရောက်တော် မူပါရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ကရဝိက် ယာဉ်ပေါ်သို့ ပို့ဆောင်ရန်အတွက် ဆရာ တော်ကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်ရာတွင် တပည့်သံဃာတော် များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်း ဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ဆွေတော်မျိုးတော်တို့က သတ်မှတ်နေရာ အသီးသီးမှ ကရဝိက်ယာဉ်ပေါ်အထိ ပင့်ဆောင်ကြပြီး လောင်တိုက်တော် တည်ရှိရာ ဧရာဦးဆိပ်ကမ်းရှိ ဈာပနကွင်း သို့ ပင့်ဆောင်ကြသည်။
ထိုသို့ပင့်ဆောင်ရာတွင် ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်အား တင်ဆောင်ထားသည့် ကရဝိက်ယာဉ် တော်ကို အုပ်ချုပ်မှုယာဉ်များ၊ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ မထေရ် ကြီးများ၏ယာဉ်များ၊ ဆရာတော်ဘုရား ကြီးပုံတော် ၊ ဘွဲ့တံဆိပ်တော် အဆောင် အယောင်များ တင်ဆောင်သည့်ယာဉ်၊ ဝတ် အသင်းယာဉ်များနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ တပည့် ဒါယကာ ဒါယိကာမများ၊ ပြည်သူလူထု အပေါင်းတို့က လိုက်ပါခြံရံ၍ ပို့ဆောင် တော်မူကြသည်။
ဆက်လက်ပြီး အစီအစဉ်တတိယပိုင်း အဖြစ် အန္တိမဈာပန ပူဇာသဘင်ကို ကျင်းပရာ ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား ကရဝိက်ယာဉ်တော်ပေါ်မှ လောင်တိုက်ပေါ်သို့ တပည့်သံဃာတော် တို့က စတင်ပင့်ဆောင်ကာ လောင်တိုက် တော်ကို လက်ဝဲရစ် လှည့်လည်ပင့်ဆောင် ပြီး ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော် အား မင်္ဂလာပန်းရထားပေါ်သို့ ပင့်ဆောင် ကြသည်။
လောင်တိုက်တော်ပေါ်သို့ပင့်ဆောင်
၎င်းနောက် အခမ်းအနားမှူးက ဆရာ တော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူပါ မည့်အကြောင်း အဘိယာစန နိမန္တနဂါထာ ဖြင့် တောင်းပန်လျှောက်ထားပြီး ရုပ် ကလာပ်တော်အား လောင်တိုက်တော်ပေါ် သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြသည်။
ဆက်လက်၍ သံဃာတော် အရှင် သူမြတ်များ ဦးဆောင်၍ အနိစ္စာဝတ သင်္ခါရာ အစချီသော သံဝေဂ (၃)ဂါထာကို ရွတ်ဆိုပွားများပြီး အပြစ်ရှိက ခွင့်လွှတ် တော်မူပါရန် တောင်းပန်ကန်တော့လွှာ ဖြင့် နောက်ဆုံး တောင်းပန်ကန်တော့၍ သာဓုသုံးကြိမ် ခေါ်ဆိုကြပြီးနောက် စည်ရှင်ကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသက စက်ခလုတ်နှိပ် ၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ် တော်အား အဂ္ဂိဈာပနတေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်