
ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးအနောက်ပိုင်းကျေးရွာ ခမည်းတော် ဦးရွှေအိုး၊ မယ်တော် ဒေါ်နှင်းသိန်းတို့မှ ၁၃၀၃- ခုနှစ်၊ နယုန်လပြည့်ကျော် (၈)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်တော်မူ သော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၁၆-ခုနှစ်၊ တပေါင်းလဆန်း(၁၄)ရက်နေ့တွင် မြစေတီကျောင်းဆရာတော် ဘဒ္ဒန္တကေသဝကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် ရှင်သာမဏေအဖြစ် သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ၁၃၂၃- ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့ တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မူလသံယုတ်ကျောင်း ခဏ္ဍသိမ်၌ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးကျေးရွာ၊ တောင်ပေါ် ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့၊ ဖဆပလရပ်၊ တိုက်အမှတ်(၁၀)၊ အခန်း(၂၈)နေ ဒေါ်တင်၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်သည် မြစေတီကျောင်းဆရာတော် ဘဒ္ဒန္တကေသဝ၊ ရန်ကုန်မြို့၊ ဗဟန်း(၃)လမ်း၊ ပွဲစားကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသာဘိဝံသ၊ စာချဆရာတော်များဖြစ်သော ဦးပညာ ဓိကာဘိဝံသ၊ ဦးကဝိန္ဒာဘိဝံသ၊ ဦးပဏ္ဍိစ္စ၊ ဦးအာလောက စသော ဆရာတော်တို့ထံမှ ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ကို အောင်မြင်ရရှိတော်မူခဲ့ပါသည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်နယ်ဝိနည်းဓိုရ် အဖြစ် လည်းကောင်း၊ ပထမပြန်စာမေးပွဲ အထူးကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း၊ သာသနိက အဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခဲ့ခြင်း၊ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့ ခြင်းနှင့် ၁၃၇၀ ပြည့်နှစ်မှစ၍ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယ စသော သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ပရဟိတာဝ ဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာ၊ ဇာဂရိယဂုဏ်စသည်တို့နှင့် ပြည့်စုံတော် မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၁၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက် တော်မူရင်း သက်တော် (၈၀)နှစ်၊ သိက္ခာတော်(၆၀)ဝါအရ ၁၃၈၃-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၁၂)ရက်၊ (၄-၈-၂၀၂၁)၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၀၈ ၀၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ယင်းနေ့ နံနက် (၀၉ ၀၀)နာရီအချိန်တွင် ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ အန္တိမအဂ္ဂိဈာပနပြုလုပ်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
သတင်းစဉ်