နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေဖို့ ဆိုရာဝယ်…

Type
1

 

မောင်မောင်လင်း

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ တည်ထားကိုးကွယ်ရတဲ့ရည်ရွယ်ချက်က  မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ  ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်(၄)ရပ်နဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။  အဲဒီရည်ရွယ်ချက်များအရ မြန်မာနိုင်ငံသားအများစုဟာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ အဆုံးအမ၊ တရားဓမ္မတွေကို မြတ်နိုးတာကြောင့် အဲဒီအတိုင်း လိုက်နာကျင့်သုံးနေတဲ့ “ဗုဒ္ဓဘာသာ” ဘာသာဝင်တွေ ဖြစ်ကြတယ်ဆိုတာကို ကမ္ဘာက သိရှိစေဖို့ ပြသလိုခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားအမျိုးအစား စုံလင်စွာရှိသလို လူတိုင်းဟာ မိမိနှစ်သက်ရာ လေးစားမြတ်နိုးတန်ဖိုးထားတဲ့အတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိရမှာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ယင်းအခွင့်အရေးဟာ နိုင်ငံသားတိုင်းရဲ့  အခြေခံဥပဒေပါ ရပိုင်ခွင့် ဖြစ်ပါတယ်။ 


မြန်မာနိုင်ငံကို ဗြိတိသျှတို့က သုံးကြိမ်သိမ်းပိုက် တိုက်ခိုက်ခဲ့ပြီး အချို့ဒေသများကို  နှစ်ပေါင်း ၁၂၀ ကျော်နဲ့  တစ်နိုင်ငံလုံးကို အနှစ် ၆၀ ကြာ အုပ်စိုး သွားပေမယ့်  ရင်ထဲမှာဖြစ်တည်နေတဲ့  ဗုဒ္ဓရဲ့  အဆုံး အမတွေကြောင့်သာ    မြန်မာတို့ရဲ့    ယဉ်ကျေးမှု ထုံးတမ်းဓလေ့အများစုဟာ   ပျောက်ကွယ်သွားခြင်း မရှိဘဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်း     ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံနဲ့  ထေရဝါဒ သာသနာ အပေါ် ကမ္ဘာကပင် အလေးထား    အာရုံစိုက်ခြင်း ခံနေရတာပါ။


သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့
အမှတ်အသားလက္ခဏာ ၃ ချက်


ဘယ်လို အာရုံစိုက်တာလဲဆိုရင်  မြန်မာနိုင်ငံသား တွေဟာ“သဒ္ဓါ”တရားကြီးမားကြတယ်ပေါ့။  “သဒ္ဓါ” ဆိုလိုက်တာနဲ့  စိတ်ဝင်စားတယ်၊ ယုံကြည်တယ်လို့ပဲ အဓိပ္ပာယ်ဖွင့်မိလိမ့်မယ်။ အမှန်ကတော့ ယုံကြည် တာချည်းသက်သက်တော့  မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာကို   ယုံကြည်တယ်။    ကောင်းတာလုပ် ရင်   ကောင်းတာဖြစ်တယ်လို့  ယုံကြည်တယ်။ အဲဒါလက်ခံပြီးတော့    ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ဝင်စားနေတာကို   သဒ္ဓါလို့ခေါ်တာပါ။ သဒ္ဓါ တရား  မိမိစိတ်ထဲမှာ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် “ဘာလှူရင်ကောင်းမလဲ”လို့  စိတ်က လှူဖို့တန်းဖို့ ကြံစည်လာတယ်။      လှူတာတစ်ခုတည်းတင်   မဟုတ်ဘဲ   သီလဆောက်တည်ဖို့၊ ဥပုသ်သီတင်း စောင့်ဖို့၊    တရားပွဲသွားပြီး တရားနာဖို့၊   ကမ္မဋ္ဌာန်း အားထုတ်ဖို့ စတဲ့ အခြားသော ကုသိုလ်ကောင်းမှုတွေ မှာ  စိတ်ဝင်စားလာတာမျိုးပါ။ အဲဒီလိုစိတ်ကူးလေး   ဖြစ်လာရင် မိမိရဲ့သန္တာန်မှာ သဒ္ဓါဖြစ်ပြီလို့    မှတ်ယူ နိုင်ပါပြီ။  အဲဒီလိုစိတ်ကူးမရသေးရင်  “သဒ္ဓါတရား” မရှိဘူးလို့ ပြောရပါမယ်။ ဒါကြောင့်မို့လို့ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်တွေဟာ (၁) တရားနာချင်တယ်၊ (၂) သူတော် သူမြတ်ကို ဆည်းကပ်ဖူးမြင်ချင်တယ်၊ (၃) လှူချင် တန်းချင်တယ်ဆိုတဲ့ စိတ်ထားမျိုး    ရှိလာမှာ ဖြစ်တယ်။   ဒါဟာ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့အမှတ်အသား လက္ခဏာ ၃ ချက်ပဲ ဖြစ်ပါတယ်။


ဒါဆိုရင် အဲဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ   ကိုယ်ကျင့် တရားလုံခြုံအောင်ထိန်းသိမ်းခြင်း၊ အမြင်အကြား ပေါ်မှာ လောဘ၊ ဒေါသမဖြစ်အောင်      သတိနဲ့ စောင့်ရှောက်ခြင်း၊        အစားအစာ    စားတဲ့အခါ    ဘာအတွက်စားတာလဲ၊  စားသင့်တယ်/  မစားသင့် ဘူးဆိုတဲ့    ပညာနဲ့စားခြင်း၊     (၄) မိမိသန္တာန်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို         နေ့စဉ်တိုင်း   ဆင်ခြင်ရှုမြင်နေပြီးတော့   မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်နေတာတွေ့ရင် ရှင်းထုတ်ခြင်းနဲ့ ကောင်းတဲ့ စိတ်  ဖြစ်ပေါ်နေတာတွေ့ရင်  တိုးပွားအောင် မွေးမြူ ခြင်းဆိုတဲ့ စရဏတရားလေးပါးကို လိုက်နာကျင့်သုံး နေမှာပဲ ဖြစ်ပါတယ်။ ဒီလေးခုကို လုပ်ဆောင်ခြင်းမှ သူတော်ကောင်းတရား ခုနစ်ပါးနဲ့   ပြည့်စုံသွားမှာ ဖြစ်ပါတယ်။


သူတော်ကောင်းတရားခုနစ်ပါး


လူတိုင်းလူတိုင်း သူတော်ကောင်းဖြစ်လိုကြပြီး အနည်းဆုံးတော့ သူတော်ကောင်းလို့   အထင်ခံ လိုကြပါတယ်။ ဒါ့အပြင် သူတော်ကောင်းများနဲ့သာ ပေါင်းသင်းဆက်ဆံလိုကြတာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက သူတော်ကောင်းဖြစ်ဖို့ အချက် ခုနစ်ချက်၊ တစ်နည်းအားဖြင့် သူတော်ကောင်းတရား ခုနစ်ပါးကို ဟောကြားတော်မူခဲ့တယ်။   ဒါတွေက ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ၊ ကိုယ်နှုတ်စောင့်စည်းခြင်း ဆိုတဲ့ သီလ၊ မကောင်းမှုဒုစရိုက်ပြုမှုကို ရှက်ခြင်း ဆိုတဲ့  ဟီရိ၊ မကောင်းမှုဒုစရိုက်ပြုမှုကို ကြောက်ခြင်း ဆိုတဲ့ သြတ္တပ္ပ၊ အကြားအမြင်ရှိခြင်းဆိုတဲ့ သုတ၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ စာဂနဲ့ ဟုတ်မှန် စွာ   သိခြင်းဆိုတဲ့ ပညာတို့ပဲဖြစ်ပါတယ်။ 


ယုံကြည်ခြင်းဆိုတာ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း၊ ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ခြင်း တို့ဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှ သာ အမှန်တရားကို  ခွဲခြားသိမြင်နိုင်မှာဖြစ်လို့ ဘဝ ခရီးကို   လျှောက်လှမ်းရာ၌   ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို ရှောင်ရှားနိုင်မယ်၊ လိုရာခရီးပန်းတိုင် ကို   ကောင်းစွာရောက်ရှိနိုင်မှာ    ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ကံ၊ ကံရဲ့ အကျိုးကို ယုံကြည် မှသာ    မကောင်းမှုကိုရှောင်၍    ကောင်းမှုကို ဆောင်နိုင်မယ်။    ဒါဆို    မျက်မှောက်ဘဝမှာ ကောင်းကျိုးချမ်းသာကိုရရှိပြီး တမလွန်ဘဝမှာ ကောင်းမြတ်တဲ့ သုဂတိဘုံဘဝကို   ရောက်နိုင်မှာ ဖြစ်ပါတယ်။


ဗုဒ္ဓမြတ်စွာဘုရားကသဒ္ဓါတရားဟာ အထောက် အကူကောင်းရစေတဲ့  အဖော်ကောင်းနဲ့တူတယ်၊ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်တဲ့    လက်နဲ့တူတယ်၊ လိုရာသုံးစွဲနိုင်တဲ့    ပစ္စည်းဥစ္စာ    ရတနာတွေနဲ့ တူတယ်၊ အသီးအနှံကောင်းတွေကို ဖြစ်ထွန်းစေတဲ့ မျိုးစေ့ကောင်းတွေနဲ့တူတယ်လို့  ဟောကြားတော် မူခဲ့ပါတယ်။ ကိုယ်နှုတ်စောင့်စည်းခြင်းဆိုတဲ့  သီလ တရားမှာ အခြေခံဖြစ်တဲ့ “သူ့အသက်ကို  မသတ် ခြင်း၊ သူ့ဥစ္စာကို    ခိုးယူမှုမပြုခြင်း၊   သူတစ်ပါး သားမယား    သားသမီးများကို  မဖျက်ဆီးခြင်း၊ လိမ်လည်ပြောဆိုမှု   မပြုခြင်းနဲ့  အရက်သေစာ မသောက်စားခြင်း”ဆိုတဲ့    ငါးပါးသီလအပြင်  ရှစ်ပါး သီလ၊ ကိုးပါးသီလနဲ့ ဆယ်ပါးသီလ    စတာတွေ လည်း ရှိပါသေးတယ်။   သီလရှိမှ၊  သီလစင်ကြယ် မှသာ ကောင်းကျိုးချမ်းသာကို  ရရှိနိုင်မယ်၊ သီလ ဟာ နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတစ်ရပ် ဖြစ်ပါတယ်။ 


မကောင်းမှုဒုစရိုက်ပြုမှုကို     ရှက်ခြင်းဆိုတာ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊   သူတစ်ပါး သားမယား သားပျို၊ သမီးပျိုများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်းပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားကို ပြောဆိုခြင်းနဲ့ မနောကံ  ဒုစရိုက်သုံးပါး အပါအဝင် မကောင်းမှုဒုစရိုက်    ၁၀ ပါး အစရှိတဲ့ မကောင်းမှု ဒုစရိုက်တို့ကို ပြောဆို၊ ပြုမူ၊ လုပ်ဆောင်၊ ကြံစည်တွေးတောရမှာကို ရှက်ခြင်း ဖြစ်ပါတယ်။ 


မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်းဆိုတာ အထက်မှာဖော်ပြထားပြီးဖြစ်တဲ့    မကောင်းမှု ဒုစရိုက်တို့ကို ပြောဆို၊ ပြုမူ၊ လုပ်ဆောင်၊   ကြံစည် တွေးတောရမှာကို   ကြောက်ခြင်း   ဖြစ်ပါတယ်။ နောက်ပြီးတော့ သမထကျင့်စဉ်ကျင့်ပြုလုပ်ခြင်း ကနေ ပထမ၊ ဒုတိယ၊  တတိယနှင့် စတုတ္ထဈာန်ဆိုတဲ့ ဈာန်လေးပါးရရှိ နိုင်မှာ ဖြစ်ပါတယ်။  အဲဒီဈာန်လေးပါးကို   စရဏ တရားလေးပါးရယ်၊  သူတော်ကောင်းတရားခုနစ်ပါး ရယ်နဲ့ ပေါင်းလိုက်ရင်တော့   စရဏတရား ၁၅ ပါး ဖြစ်လာမှာ   ဖြစ်ပါတယ်။ ဒါဟာ မြတ်စွာဘုရား   ဟောကြားထားတဲ့   လမ်းစဉ်ပဲဖြစ်တယ်။ မြန်မာ နိုင်ငံမှာ   လူလာဖြစ်ပြီး    ဗုဒ္ဓဘာသာဝင် မိသားစုက    မွေးဖွားလာတဲ့   ပုဂ္ဂိုလ်တွေဟာ    မြတ်စွာဘုရား ဟောကြားတဲ့   တရားဓမ္မတွေကို နာယူရလို့ ဘုရား တရားကို  သိတတ်လာကြမှာပဲ၊ အဲဒီလမ်းစဉ်ကို ကျင့်သုံးကြမှာပဲ၊   မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့နေရတော့    တရားဓမ္မအတိုင်း မှန်ကန်မှု ရှိအောင်  လုပ်ဆောင်နေကြမှာပဲလို့ ကမ္ဘာနဲ့အဝန်း ယေဘုယျလက်ခံထားကြမှာ        ဖြစ်ပါတယ်။ နောက်ပြီး   ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာဓာတ် လွှမ်းခြုံရာ ဒေသမှာ မွေးဖွားကြီးပြင်းခွင့်ရရှိခဲ့ပြီး မေတ္တာတရား အပေါ်  အလွန်တန်ဖိုးထားကြမယ်လို့လည်း   သူတို့ က ယူဆထားပြီးသားလည်း ဖြစ်နေမှာပါ။


မေတ္တာဆိုရာဝယ်


မေတ္တာဆိုတဲ့ စကားလုံးလေးဟာ အင်မတန်မှ ကြားလို့ကောင်းတယ် နာလို့ကောင်းတယ်၊    ခံယူ လို့ကောင်းတယ်၊   သိမ်မွေ့တယ်၊   နူးညံ့တယ်လို့ ခံစားရမှာဖြစ်ပါတယ်။ မေတ္တာတရားလို့  ရွတ်ဆို လိုက်တာနဲ့  သူ့နောက်မှာ စေတနာပါလာမှာ ဖြစ်ပါ တယ်၊ စေတနာနဲ့ကပ်လျက်မှာ    ကရုဏာတရား ပါလာမှာလည်း    ဖြစ်ပါတယ်။   ကရုဏာဆိုတဲ့   သဘောတရားနောက်မှာ     သနားကြင်နာမှုတွေ    ကျန်နေပါသေးတယ်။ ဒါနဲ့တင် မပြီးသေးဘဲ ကိုယ့် အတွက် ခွန်အားတချို့ကိုလည်း   ဖြစ်တည်စေပါ တယ်။ လောကမှာ တချို့လူတွေဟာ  မေတ္တာတရား အပေါ်      နားမလည်ကြပါဘူး။       သူတို့အတ္တတွေ အတွက် ကိုယ်ချင်းစာတရား    နည်းပါးကြပါတယ်။ 


သူတို့ မာနအတွက်   တစ်ဖက်လူရဲ့   ခံစားချက် ကို     မစာနာတတ်ကြပါဘူး။    တစ်ယောက်နဲ့ တစ်ယောက်  ဒုက္ခဖြစ်အောင်     လုပ်လိုတယ်၊   တစ်ယောက်ရဲ့ ဆင်းရဲမှုကို   လိုလားတယ်၊    ဒါနဲ့ပဲ အခုခေတ်မှာ အကြမ်းဖက်ဝါဒ  Terrorism ဆိုတာ ပေါ်လာတယ်။ အကြမ်းဖက်ဝါဒဆိုတာ လူတွေ  ဒုက္ခရောက်အောင် လုပ်တဲ့   ဝါဒပဲဖြစ်တယ်။    

   
လူတစ်ယောက်  ဒုက္ခဖြစ်တာကိုကျေနပ်တဲ့     လူမျိုး ရှိနေလို့ပါ။    လူတစ်ယောက်    ဒုက္ခရောက်အောင်   လုပ်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေလို့ပါ။  ဒါဟာ  အင်မတန်မှ   ယုတ်ညံ့တဲ့   စိတ်ဓာတ်မျိုး ဖြစ်တာကြောင့်  အဲဒီလို   စိတ်ဓာတ်မျိုးတွေကို ဖယ်ရှားနိုင်အောင် မြတ်ဗုဒ္ဓက    သင်ကြားပေးခဲ့ပါ တယ်။     ဘယ်သူသေသေဆိုပြီး လုပ်ကြတာတွေဟာ    အင်မတန်မှကြောက်စရာကောင်းပါတယ်။ အဲဒါဟာ မေတ္တာခန်းခြောက်လာတဲ့ အဓိပ္ပာယ်မျိုး ဖြစ်လာ တာပေါ့။ 


ကမ္ဘာကြီးပူနွေးလာတာသာ လူတွေက     သိကြ တာ။ မေတ္တာခန်းလာတာမျိုးကိုတော့ သိပ်မသိကြ ပါ။ သတိမထားမိကြပါ။ လူတွေရဲ့   သန္တာန်မှာရှိတဲ့ မေတ္တာတွေဟာ ခန်းခြောက်လာလို့ ရင်ထဲနှလုံးထဲ မှာ ပူနွေးလာတာကို သတိထားဖို့ လိုအပ်တယ်ပေါ့။  ကမ္ဘာကြီး ပူနွေးနေတာကို ဆွေးနွေး ဖြေရှင်းဖို့ လုပ် နေကြတယ်။ ရင်ထဲက ပူနေတာတော့    ဘယ်သူမှ မဆွေးနွေးကြဘူး။    ရင်ထဲပူနွေးတာက  ပိုဆိုးလို့ အေးချမ်းအောင် လုပ်ရပါ့မယ်။ ဒါကြောင့်မို့  ဒီလို မေတ္တာစိတ်ဓာတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်စေရ မယ်လို့ မြတ်စွာဘုရားက   ဟောကြားခဲ့တယ်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့  တရားမှတ်စုမှာ ဖတ်ရှုမှတ်သားခဲ့ရပါတယ်။ 


ကရုဏာဆိုရာဝယ်


နောက်တစ်မျိုးကတော့ ကရုဏာ ဖြစ်ပါတယ်။ ဒါကတော့ လူတစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် အဲဒီပုဂ္ဂိုလ်ကို ကြည့်မိတဲ့အခါမျိုးမှာ     အကြင်နာ တရားတွေပွားလာမိပြီး သူခံစားနေရတဲ့ ဒုက္ခတရား ကို  ဘယ်လိုများ ကူညီဖြေရှင်းပေးရင် ရနိုင်မလဲ ဆိုတဲ့ နှလုံးသားရဲ့  လှုံ့ဆော်မှုမျိုး ဖြစ်ပေါ်လာပါ တယ်။ အဲဒီလို လှုံ့ဆော်မှုပေးတဲ့ သဘာဝတရားကို ကရုဏာလို့    ခေါ်တာမျိုးဖြစ်ပါတယ်။    ကရုဏာ ဆိုတာဟာ    တစ်ဖက်သားကိုကြည့်ပြီး     စိတ်ရဲ့ ကြင်နာမှုကို ခေါ်တာဖြစ်ပြီး သောကဆိုတာကတော့ အဲဒီလိုမဟုတ်ပါ။ ဖြစ်ရလေခြင်းဆိုပြီး ဝမ်းနည်းတဲ့ သဘောဖြစ်လို့ သောကဆိုတာက ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်တစ်ခု   ဖြစ်ပါတယ်။ ကရုဏာနဲ့ သောကဟာ အလွန်နီးစပ်တာကြောင့် “သောက” က ကရုဏာယောင် ဆောင်ပြီးတော့  ဝင်လာတတ်ပါ တယ်။ ကရုဏာဆိုတဲ့ဘောင်ကိုကျော်ပြီး သောက ဖြစ်သွားရင် ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွား တတ်လို့ ဒါဟာ သတိထားရမယ့်အချက်ပဲ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း သောကဟာ ကရုဏာရဲ့  အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေမှာ ဆိုထား တာပါ။ ကရုဏာစစ်စစ်ဆိုတာက   အင်မတန်မှ မွန်မြတ်သန့်စင်တဲ့တရား၊ အဲဒီကရုဏာတရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင်“အခက်အခဲတွေမှ လွတ်မြောက်ကြပါစေ”၊ “ဒီလို အကျပ်အတည်းကြီးမှ လွတ်မြောက်ကြပါစေ”၊ “ဒုက္ခတွေမှ   လွတ်မြောက် ကြပါစေ”ဆိုတဲ့    စိတ်ဓာတ်မျိုးတွေကို   များများ ဖြစ်ပွားစေရမယ်လို့ ဆရာတော်ကြီးရဲ့ ဟောကြားမှု ကို နာယူခဲ့ဖူးပါတယ်။


မေတ္တာတရားကြီးမားမှု၏ အကျိုးရလဒ်


မေတ္တာဆိုတာမျိုးက နဂိုကတည်းက    ကိုယ့် အတွက်လောဘထားရှိတာမျိုးမဟုတ်ဘဲ တစ်ဖက် သားရဲ့အကျိုးကို    မျှော်ကိုးတာဖြစ်တာကြောင့် ကိုယ့်လောဘ ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ မေတ္တာဟာ အပြောင်းအလဲ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်  အကျိုးစီးပွားကို      လိုလားတာဟာ မြင့်မြတ်တဲ့ စိတ်နေသဘောထားသာဖြစ်တယ်။ ဒါကြောင့် အားလုံးကို  ခြုံငုံပြီးပြောလို့ရှိရင် မေတ္တာ ဟာ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ မေတ္တာပျက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကရုဏာလည်း မထားနိုင် ဘူး၊ မုဒိတာလည်း မထားနိုင်ဘူး။ ဒီလို မေတ္တာတရား ကြာရှည်စွာခံဖို့အတွက် နောက်က  ဥပေက္ခာ  လိုက် မှ ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးစီးပွား လိုလားတဲ့  ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်ကလည်း သူ အကျိုးစီးပွားရနိုင်စေဖို့ ဆောင်ရွက်ပေးမယ်။ အဲဒီလိုဆောင်ရွက်ပေးလိုက်တဲ့အခါမျိုးမှာ  ဥပေက္ခာ  မထားနိုင်ခဲ့ရင် သူ့ဆီကကျေးဇူးတင်ပါတယ်ဆိုတာ လေးလောက်တော့   မျှော်လင့်လာတတ်ပါတယ်။ ကိုယ်က လုပ်ဆောင်ပေးထားတဲ့အပေါ် သူ့ဆီက တုံ့ပြန်မှု ဘာမျှမလာဘူး၊ ကျေးဇူးတင်တဲ့သဘော မျိုးတောင် ပြန်မရဘူးဆိုခဲ့ရင် ကိုယ့်အပေါ် ကျေးဇူး ကန်းတယ်ဆိုပြီး မခံမရပ်နိုင်တွေ  ဖြစ်လာတတ်ပါ တယ်။ ဒါဟာ ကိုယ်ကိုယ်တိုင်က ဥပေက္ခာမထား နိုင်လို့ ဖြစ်လာတာမျိုးပါ။ မျှော်လင့်ချက်နဲ့လုပ်တဲ့    ပုဂ္ဂိုလ်တွေဟာ    ဥပေက္ခာမထားနိုင်ဘူး ဖြစ်တတ်ပါ တယ်။ ဒါကြောင့် ကိုယ်လုပ်တာကသာ ကိုယ်၊     သူမလုပ်တာ ကိုယ်နဲ့မဆိုင်ဘူး၊ သူနဲ့ပဲဆိုင်တယ် ဆိုတဲ့စိတ်မျိုး  ထားနိုင်ရမယ်။  လောကမှာ လူသား တွေဟာ  လုပ်တော့ပေးတယ်။  သို့သော် မျှော်လင့် တယ်၊     မျှော်လင့်ချက်ကြီးနဲ့ လုပ်ပေးတယ်။ ဒါဟာ ဥပေက္ခာပါရမီအားနည်းနေလို့ပဲ ဖြစ်တယ်လို့ ဆရာ တော်ကြီးရဲ့  ဟောကြားမှုကို နာယူခဲ့ဖူးပါတယ်။


ဒါ့အပြင် ဥပေက္ခာဆိုတာ    အလွန်မွန်မြတ် တယ်။ ဥပေက္ခာဆိုတာ လူတွေအပေါ်မှာ လျစ်လျူ ရှုတာ မဟုတ်ဘူး၊ သူတို့လုပ်တဲ့စော်ကားမှု၊    ချီးမွမ်း မှုတွေကို လျစ်လျူရှုနိုင်တာ။ သူက သိပ်ကိုအဆင့် မြင့်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်   ကိုယ့် ကို ဆဲလည်း  သူ့ကို   ကူညီစရာရှိရင်     ကူညီလိုက် တယ်။ ကိုယ့်ကို ချီးမွမ်းနေလို့လည်း ပိုပြီး မကူညီ ဘူး။ ကိုယ့်အပေါ်မှာ စော်ကားမှု၊  ဦးစားပေးမှု စတာ တွေကို ကြည့်မနေဘဲ လုပ်သင့်ရင် လုပ်သင့်တာကို လုပ်ပေးလိုက်တယ်။ ညီတူညီမျှ လုပ်ပေးနိုင်တဲ့ စိတ်ဓာတ်၊ တည်ငြိမ်တဲ့ စိတ်ဓာတ်မျိုးဟာ ဥပေက္ခာ ဆိုတဲ့ အလွန်မွန်မြတ်သောတရား ဖြစ်ပါတယ်။ 


မြတ်စွာဘုရားက သားတော်ရာဟုလာမို့ ပိုချစ် တာမရှိဘူး။ ဒေဝဒတ်ကြီးက ဆိုးသွမ်းပြီး အမျိုးမျိုး သေကြောင်းကြံလို့    ပိုမုန်းတာ    မရှိဘူး။ သူတို့ နှစ်ယောက် အတူတူထားနိုင်တယ်၊ အဲဒီလို အတူ တူ ထားနိုင်ခြင်းမျိုးပါ။ တချို့က ဥပေက္ခာပြုလိုက် တယ် ဆိုပြီး မခေါ်မပြောနေတာကို “ဥပေက္ခာ” လို့ ထင်တယ်။ အဲဒါက   “ဦးပစ်ခါ”ပါ။   တကယ့် “ဥပေက္ခာ” ဆိုတာက မခေါ်မပြော      နေတာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ အချစ်၊ အမုန်းကင်းပြီး လုပ်တာမျိုးပါ။ အလွန်ကောင်းပြီး အလွန်မွန်မြတ်တဲ့  ကိုယ်ကျင့်တရားဖြစ်တာကြောင့်   ထားတတ်ရင် စိတ်ချမ်းသာစရာတွေချည်းပဲ  တွေ့ကြုံရမှာမျိုးပါ။ ဒါကြောင့်လည်း အရှေ့မှာဖော်ပြပြီးဖြစ်တဲ့ မေတ္တာနဲ့ ကရုဏာ၊ မုဒိတာဆိုတဲ့ တိုးတက်ကြီးပွားသွားတဲ့ တစ်ဖက်သားအပေါ်  အပြစ်မပြောဘဲ ဝမ်းမြောက် ဝမ်းသာဖြစ်တတ်မှု စိတ်နေသဘောထားမျိုးနဲ့ ယခု နောက်ဆုံးဖော်ပြခဲ့တဲ့ ဥပေက္ခာဆိုတဲ့ တရားလေးပါး ဟာ “ဗြဟ္မဝိဟာရ”၊ မြင့်မြတ်သော နေထိုင်ခြင်းလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း အဲ့ဒီတရားတွေနဲ့ နေထိုင်ရင် မြင့်မြတ်တဲ့     နေထိုင် ခြင်းဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့   ဟောကြားခဲ့ မှုကိုလည်း နာယူဖူးပါတယ်။ ဗြဟ္မစိုရ်တရားတွေဟာ အေးမြကြည်လင်ကြတယ်။    မိမိနဲ့   သူတစ်ပါး ကောင်းကျိုးကိုပေးနိုင်သော     အပြုတရားများ ဖြစ်ကြတယ်။  ဗြဟ္မစိုရ်တရားထားရှိကြဖို့ ဗုဒ္ဓဘာသာ ကသာမက    အခြားဘာသာတရားတို့ကလည်း ဟောကြားတိုက်တွန်းကြပေမယ့်လည်း      ဗုဒ္ဓ ဘာသာဝင်များက ပိုမိုအလေးထားပြီး ပြုကျင့်ကြ တယ်လို့ နိုင်ငံတကာက လက်ခံထားကြပါတယ်။


သူတော်ကောင်းတို့ရဲ့ မြတ်သောဒါန


သူတော်ကောင်းတွေဟာ    လှူပြီဆိုလို့ရှိရင် အလှူခံပုဂ္ဂိုလ်တွေကို ချီးမြောက်တဲ့စိတ်နဲ့ လှူလေ့ ရှိတယ်။ ကိုယ်ကအသာစီးနဲ့လှူတာ မဟုတ်ဘူး။ “ငါလှူထားတာ ငါကျွေးနိုင်တယ်  ငါကျွေးတယ်” ဆိုတဲ့    အပေါ်စီးနဲ့  မဟုတ်ဘူး။ လှူကတည်းက ကိုယ်ကနေပြီးတော့ ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာ ဖြစ်တယ်။    အလှူခံပုဂ္ဂိုလ်တွေ    ဝဝလင်လင် စားသောက်ရလို့   စိတ်ချမ်းသာမှုတွေ  ရကြပါစေ၊ သူတို့ အဆင်ပြေကြပါစေ၊ နေရေးထိုင်ရေး  အဆင် ပြေကြပါစေ၊ စားရေးသောက်ရေး  အဆင်ပြေကြပါ စေ။ အဲဒီလို    အလှူခံပုဂ္ဂိုလ်တွေကို     ပူဇော်လို ချီးမြှောက်လိုတဲ့စိတ်မျိုးနဲ့  လုပ်ရမယ်။ လှူတယ် ဆိုကတည်းက ပူဇော်တဲ့စိတ်နဲ့ လှူဖို့၊ ချီးမြှောက်တဲ့ စိတ်နဲ့လှူဖို့၊ သူ့ကိုကူညီတယ်ဆိုတဲ့ စိတ်ထားမျိုးနဲ့ လှူဖို့ လိုအပ်တယ်။ အဲဒီလို    လှူလိုက်ရင်   ဒါနရဲ့ အကျိုးရလာတဲ့အခါမှာ လူတွေဟာ မွန်မွန်မြတ်မြတ် ပစ္စည်းတွေကို သုံးဆောင်လိုတဲ့စိတ် ဖြစ်ပေါ်လာ တယ်။ 


ဒါနကောင်းမှုလုပ်ခဲ့တဲ့ အချိန်တုန်းက  အလှူခံ ပုဂ္ဂိုလ်တွေကို    ချီးမြှောက်လိုတဲ့စိတ်နဲ့   လှူတာ မဟုတ်ဘူး။ အားပေးလိုတဲ့စိတ်နဲ့ လှူတာမဟုတ်ဘူး ဆိုရင်   မပေးချင် ပေးချင်ပေးတာမျိုးတွေ ဖြစ်လာ တယ်။ အဲဒါကြောင့် ရလာတဲ့အခါလည်း မစားချင် မသောက်ချင် ဖြစ်လာတယ်။ ဒါလည်း သတိထား စရာ ကောင်းတယ်။ ဒါကြောင့်မို့လို့ အလှူခံပုဂ္ဂိုလ် တွေကို ချီးမြှောက်လိုတဲ့ စိတ်မျိုးထားရှိပြီး တစ်ဖက် သား ရွှင်လန်းသွားအောင်၊ အားတက်သရောဖြစ်လာ အောင် တစ်ဖက်သားကို  ပံ့ပိုးကူညီပေးတဲ့ ဒါနမျိုး သာ ဖြစ်သင့်တယ်။ ဒါဟာ သူတော်ကောင်းတွေ လှူလေ့ရှိတဲ့     ဒါနမျိုးပဲဖြစ်တယ်လို့   ဆရာတော် ကြီးရဲ့ ဟောကြားမှုကို နာယူဖူးပါတယ်။


အလှူနဲ့ စပ်လျဉ်းလို့ မင်္ဂလသုတ်တော်မှာပါတဲ့ အတိုင်း သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်း ဝေမျှ လှူနိုင်စေခြင်းမျိုးဖြစ်တဲ့ ကိုယ့်အောက် နိမ့်ကျ တဲ့သူတွေကို    ပေးကမ်းရမယ်၊    ကိုယ်နဲ့တန်းတူ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေကို  ဝေမျှ ရမယ်၊ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာသာလွန်တဲ့ ရတနာသုံးပါး၊ ကျေးဇူးကြီးမားတဲ့ မိဘဆရာသမား ကျေးဇူးရှိသူတွေကို    လှူဒါန်းရပါမယ်။   ဒါကြောင့်  ဘုရားတည်၊ ကျောင်းဆောက်တာကို လှူတာလည်း ဒါနဖြစ်သလို စာသင်ကျောင်းကို လှူရင်လည်း ဒါန ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားကျောင်းကန်တွေ လည်း လှူပါ။ လူငယ်တွေအတွက် တိုင်းပြည် အနာ ဂတ်အတွက်    အရေးကြီးတဲ့   စာသင်ကျောင်းတွေ ကောင်းအောင်လည်း လှူပေးပါ။ ကိုယ့်ရပ်ရွာ ဖွံ့ဖြိုး တိုးတက်အောင်လည်း    စောင့်ရှောက်လှူဒါန်းပါ။ စားနိုင်သောက်နိုင်တဲ့သူတွေကိုလည်း    လှူသလို မစားနိုင်မသောက်နိုင်တဲ့     သူတွေကိုလည်း လှူပေး ပါ။ စီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်လည်း လှူသင့် လှူထိုက်တာ    လှူသလိုပဲ    ကိုယ့်ရဲ့အလုပ်သမား တွေ ရသင့်ရထိုက်တဲ့   လုပ်အားခနဲ့ အခွင့်အရေး လည်း  မျှတအောင်ပေးကမ်းပါ။ ကိုယ့်အောက်နိမ့်ကျ တဲ့သူတွေကို ပေးကမ်းချီးမြှင့်ပါ။    ဒါဟာ  စာဂ ဖြစ်သလို မေတ္တာ၊  ကရုဏာတရားကို လက်တွေ့ ကျင့်သုံးခြင်းဖြစ်လို့   တရားအားထုတ်ခြင်းလည်း ဖြစ်ပါတယ်။       ။

 
(ဆက်လက်ဖော်ပြပါမည်)