
နေပြည်တော် ဒီဇင်ဘာ ၁၀
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးမြို့ တော်ဝန်၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်း အုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်က တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၈၈၈၊ ဗိုလ်လောင်း တင်မျိုးဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၉၆၄ ၊ ဗိုလ်လောင်း ဝင်းမိုးသူနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၉၀၂၊ ဗိုလ်လောင်း နေထက်ဝင်းတို့အား ဆုများပေးအပ် ချီးမြှင့်သည်။
မိန့်ခွန်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင်“တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သောအရည်အချင်း နှင့် ပြည့်စုံသည့် အင်ဂျင်နီယာဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့ရအရာရှိများ မွေးထုတ်ပေးရန်” ဟူသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက် နှင့်အညီ မွေးထုတ်ပေးလိုက်သည့် သင်တန်းဆင်း အရာရှိများသည် အင်ဂျင်နီယာဘွဲ့ရ အရာရှိငယ်များ အဖြစ်သာမက စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် ပါ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြ ရမည်ဖြစ်ကြောင်း။
လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခု
စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် မြန်မာ့တပ်မတော် အတွက် အားထားရသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်မှာ မြန်မာ့ တပ်မတော် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ထပ်တူဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကဏ္ဍများတွင် စွမ်းစွမ်းတမံ ကူညီပံ့ပိုးပေးခဲ့သည်မှာလည်း ယနေ့ထိတိုင်ဖြစ် ကြောင်း၊ စစ်ဆင်ရေးကာလနှင့် ငြိမ်းချမ်းချိန်ကာလ များအတွင်း တပ်မတော်၏ ရွေ့လျားနိုင်ရေး၊ တိုက်ခိုက်နိုင်ရေးနှင့် နေထိုင်နိုင်ရေးတို့အတွက် စစ်ဆင်ရေးကဏ္ဍများတွင် ပါဝင်ထမ်းဆောင်ခြင်း၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအကူအညီပေးခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို သယ်ပိုးထမ်းဆောင်ပေးခဲ့သည့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း။
ထို့အပြင် အင်ဂျင်နီယာတပ်ဖွဲ့သည် ပြည်တွင်း၊ ပြည်ပ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေအတွင်း ဒေသဆိုင်ရာ အဆင့်ဆင့် အုပ်ချုပ်ရေးဌာန အဆောက်အအုံများ၊ နိုင်ငံ၏ မရှိမဖြစ်လည်ပတ်ရန် လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေး ဆိုင်ရာ အခြေခံအဆောက်အအုံများအပြင် လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရန်အတွက် လိုအပ် သော အင်ဂျင်နီယာတပ်ဖွဲ့ဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးရကြောင်း၊ ရာသီဥတုပြောင်းလဲမှု ကြောင့် လူသားများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည့် သဘာဝဘေး အန္တရာယ် အလျင်အမြန်တုံ့ပြန်ရေး၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာတပ်ဖွဲ့ ၏ အခန်းကဏ္ဍသည် အရေးပါလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံး သော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးစွမ်းအားစု တည်ဆောက်ပိုင်ဆိုင်နိုင် ခြင်းပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၌ “တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး အတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြောင်း၊ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဖြစ်ကြောင်း” ဟုအတိအလင်းပြဋ္ဌာန်း ထားကြောင်း၊ ထိုသို့ ပြဋ္ဌာန်းခဲ့ရခြင်းမှာလည်း တပ်မတော် စတင်ပေါ်ပေါက်ရသည့် အကြောင်း အရင်း၊ တပ်မတော်ထူထောင်ရခြင်း၏ မူလရည်ရွယ် ချက်၊ တပ်မတော်ဖွဲ့စည်းတည်ထောင်ရာတွင် အမာခံ အမြုတေအဖြစ် ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ စသည်တို့အပေါ်မူတည်ပြီး ပြဋ္ဌာန်းရခြင်းပင် ဖြစ်ကြောင်း။
ခေတ်မီတပ်မတော်တစ်ရပ်
ဖွဲ့စည်းတည်ဆောက်လျက်ရှိ
တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန် များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် သမားရိုးကျစစ်ပွဲဆင်နိုင်သည့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသော ခေတ်မီတပ်မတော်(Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်း တည်ဆောက်လျက်ရှိကြောင်း၊ Standard Army ဖွဲ့စည်းတည်ဆောက်ရာတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် အသစ် ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့များကိုပါ တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်တည်ဆောက် ပေးလျက်ရှိကြောင်း။
ထိုသို့ အဆင့်မြှင့်တင်တည်ဆောက်ရာတွင် လူ၊ လက်နက်ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ခြင်းသာမက လိုအပ်သည့် စစ်လက်နက်ပစ္စည်းများကိုလည်း ပြည်တွင်း၌ ကိုယ်ပိုင်ထုတ်လုပ်တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း၊ ထိုသို့ ပြည်တွင်း၌ ထုတ်လုပ် အသုံးပြုနိုင်ရေး အင်ဂျင်နီယာ အရာရှိ၊ စစ်သည် အတတ်ပညာရှင်များ၏ စွမ်းပကား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး သည့် အခန်းကဏ္ဍတွင် ပါဝင်လာသည့်အတွက် တပ်မတော်၏ လူ့စွမ်းအားအရင်းအမြစ်များကို ဘက်ပေါင်းစုံက တိုးတက်အောင် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ လူ့စွမ်းအားအရင်းအမြစ်များသည် တပ်မတော်ကို အကျိုးပြုနိုင်ရုံသာမက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် စစ်ဘက်သိပ္ပံနှင့် နည်းပညာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ခေတ်သစ် စစ်ပွဲများတွင် သတင်းစုံစွာရရှိရေး၊ လုံခြုံမှုနှင့် အကာအကွယ်ရရှိရေး၊ ထိရောက်စွာ ချေမှုန်း တိုက်ခိုက်နိုင်ရေး၊ အဆုံးအဖြတ်တိုက်ပွဲများတွင် အချိန်တိုအတွင်း ဆင်နွှဲနိုင်ရေးအတွက် နည်းပညာ အပေါ်များစွာ မှီခိုအသုံးပြုလာသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
စွမ်းအားများရှိအောင်ကြိုးစား
ထို့ကြောင့် နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ် တိုးတက်နေသည့် စစ်ဘက်သိပ္ပံနှင့် နည်းပညာ တိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် လေ့လာပြီး မိမိနိုင်ငံ၊ မိမိတပ်မတော်အတွက် အကောင်းဆုံးအသုံးချသွားရမည်ပင် ဖြစ်ကြောင်း၊ “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ် လမ်းညွှန် ဆောင်ပုဒ်နှင့်အညီ အင်ဂျင်နီယာကျင့်ဝတ်များကိုလိုက်နာပြီး အရာရာတွင် တီထွင်ဖန်တီးနိုင်သည့် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အကောင်အထည် ဖော်နိုင်သည့် စွမ်းအားများရှိအောင် ကြိုးစားသွားကြ ရန် မှာကြားလိုကြောင်း။
ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်
ယနေ့ခေတ်သည် သတင်းအချက်အလက် နည်းပညာ (Information Technology) ခေတ်ဖြစ် ခြင်းကြောင့် သတင်းအချက်အလက်စီးဆင်းမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် အလွန်မြန်ဆန် နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှု ရေစီးကြောင်းနောက်ကို အမီလိုက်နိုင်ရန် အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (Research and Development)များကို စဉ်ဆက် မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခု သင်ကြားပေးလိုက်သည့် ပညာရပ်များသည် အခြေခံ သီအိုရီမျှသာဖြစ်ပြီး ဆက်လက်လေ့လာသုတေသန ပြုရန် လိုအပ်သကဲ့သို့ လေ့လာရရှိသည့် ပညာရပ်များ ကို ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ရန်လည်း လိုအပ် ကြောင်း။
ထို့အပြင် မိမိတို့တာဝန်ကျရာ ဒေသအသီးသီး တွင် ပင်မတာဝန်ထမ်းဆောင်ရင်း ပြောင်းလဲတိုးတက် လျက်ရှိသည့် စစ်မှုဆိုင်ရာ သိပ္ပံနှင့်နည်းပညာရပ်များ ကို အမီလိုက်နိုင်ရန် စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၊ မိမိ တပ်မတော်အတွက် အကျိုးရှိနိုင်သည့် ပညာရပ်များ ကို စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း (Conti-nuous Learning)ဖြင့် မိမိတို့၏ အရည်အချင်း များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေရမည် ဖြစ်ကြောင်း။
သိပ္ပံနှင့်နည်းပညာရပ်များတွင် “ဖော်ထုတ် သုံးစွဲ”သည့်အဆင့်မှ “တီထွင်အသုံးပြု” သည့်အဆင့် သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ပြောင်းလဲ တိုးတက်နေသည့် စစ်ဘက်သိပ္ပံပညာရပ်များကို ကျွမ်းကျင်စွာ တီထွင်ထုတ်လုပ်အသုံးပြုနိုင်အောင် အမြဲမပြတ် ဆည်းပူး လေ့လာနေရမည်ဖြစ်ကြောင်း။
အင်ဂျင်နီယာပညာရပ်သည် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝဝန်းကျင်ကို ပြုပြင်ပြောင်းလဲ ဖန်တီးခြင်းပင်ဖြစ်ကြောင်း။
မိမိတို့ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္ထုသဘာဝတရားများ ဖြစ်ပေါ်ပြောင်းလဲမှုကို လေ့လာဆန်းစစ်ရာမှ ထွက်ပေါ်လာသည့် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်၊ ပြုပြင်ဖန်တီးမှုများ ပြုလုပ်ရာတွင် အကျိုး သက်ရောက်မှုများကို ကြိုတင်မှန်းဆနိုင်သည့် သင်္ချာဘာသာရပ်များသည် သိပ္ပံပညာရပ်ဆိုင်ရာ သီအိုရီများ အခြေခံဆောင်ရွက်ရသည့် ဘာသာရပ် များဖြစ်ကြောင်း၊ ထို့ကြောင့် အမှန်တကယ် တတ်မြောက်သည့် အင်ဂျင်နီယာပညာရှင်တစ်ဦး ဖြစ်ရန် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ စသည့် သိပ္ပံပညာ ရပ်များ ကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်သည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
အထောက်အကူပြု
အင်ဂျင်နီယာပညာရပ်များ၏ ဖွံ့ဖြိုးတိုးတက် မှုကို လေ့လာကြည့်ပါက စက်သီး၊ မောင်းတံ၊ ဘီးများ တီထွင်မှုမှအစပြုခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စက်မှုအင်ဂျင်နီယာပညာရပ်များ၊ လမ်း၊ တံတား၊ အဆောက်အအုံ၊ ဆည်မြောင်း၊ တာတမံများ တည်ဆောက်ရာတွင် အခြေခံကျသည့် မြို့ပြအင်ဂျင်နီယာပညာရပ်များ၊ စွမ်းအင်လိုအပ် ချက်များနှင့် သတင်းအချက်အလက် နည်းပညာ အတွက် အခြေခံဖြစ်သည့် လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်များ ဦးစွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လူမှုစီးပွားဘဝမြင့်မားလာရန် အထောက်အကူပြုခဲ့ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အင်ဂျင်နီယာဘာသာရပ် နယ်ပယ်ကျယ်ပြန့်လာခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ အလိုအလျောက်ထိန်းချုပ်မှုကဏ္ဍ များတွင် ဖွံ့ဖြိုးတိုးတက်နိုင်ရေး အထောက်အကူပြု စေသည့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာ၊ သတ္တုဗေဒ အင်ဂျင်နီယာ၊ ရေကြောင်းအင်ဂျင်နီယာ၊ လေကြောင်းအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ စက်မှုအီလက်ထရောနစ် အင်ဂျင် နီယာ စသည့်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း။ ယနေ့ခေတ်ကာလ အင်ဂျင်နီယာပညာရပ်နယ်ပယ်များစွာ ပေါင်းစပ် ပါဝင်လျက်ရှိသည့် ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence-AI)၊ နာနို နည်းပညာ(Nano)များအထိ စဉ်ဆက်မပြတ် နည်းပညာသစ်များ ပေါ်ထွက်လာခဲ့ ပြီး ပေါ်ထွက်လာဆဲလည်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အင်ဂျင် နီယာအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး သင်ကြားလေ့ကျင့်ပေးလျက်ရှိသည့် အင်ဂျင်နီယာ ပညာရေးသည် အရည်အသွေးရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲ သည့် နည်းပညာအသစ်များကို ဖော်ထုတ်အသုံးပြု နိုင်ရေး အင်ဂျင်နီယာပညာသင်ကြားရေးကို ခေတ်နှင့် အညီ ပြောင်းလဲသင်ကြားပေးလျက်ရှိကြောင်း။
ယခင်ခေတ်များတွင် အဆင့်မီသည့် သင်ရိုး ညွှန်းတမ်း၊ အရည်အချင်းပြည့်ဝသည့် နည်းပြ၊ အခြေခံပညာအဆင့်တွင် ထူးချွန်ခဲ့သည့် သင်တန်း သား၊ အဆင့်မီသည့် သင်ထောက်ကူပစ္စည်းများကို ပေါင်းစပ်လိုက်ပါက အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာများ မွေးထုတ်နိုင်သည်ဟူသည့် အယူအဆရှိခဲ့သော်လည်း ယနေ့ခေတ်တွင် ၎င်း အယူအဆသည် လုံလောက်မှုမရှိတော့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
အရည်အသွေးအာမခံမှုစနစ်
ထို့ကြောင့် ပညာရပ်တစ်ခုကို သင်ကြား၊ သင်ယူ ကြသည့်အခါတွင် အခြေခံဒဿနတစ်ခုဖြစ်သည့် “ရလဒ်အခြေပြုပညာရေး (Outcome-Based Education)”ကို ပညာရေးနယ်ပယ်ကဏ္ဍအသီးသီး တွင် အသုံးပြုနေကြပြီဖြစ်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားရန်အတွက် အရည်အသွေးအာမခံမှု (Quality Assurance)စနစ်နှင့် ထိန်းကျောင်းပြီး အကောင်အထည်ဖော်မှုအပိုင်းတွင်မူ သင်ကြား၊ သင်ယူမှုအပိုင်းကိုသာ ကွက်ပြီးစဉ်းစားခြင်း၊ ဖြည့်ဆည်းခြင်းထက် အရည်အသွေးအာမခံမှုစနစ် ရေရှည်ဆက်လက်တည်တံ့စေရန်နှင့် တိုးတက်စေ ရန်အတွက်ကိုပါ စဉ်းစားလာခဲ့ကြကြောင်း။
ထို့ကြောင့် တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းနည်းပညာ တက္ကသိုလ်အချို့၏ သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူဆိုင်ရာများ စသည်တို့နှင့် အရည် အသွေးအမှတ်လက္ခဏာများ (Benchmarks) နှိုင်းယှဉ်လေ့လာခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေအရ နည်းပညာတက္ကသိုလ်များအတွက် အခြေခံအကျဆုံး နှင့် အရေးအပါဆုံးလုပ်ငန်းစဉ်ဖြစ်သည့် အရည် အသွေးစိစစ်အသိအမှတ်ပြုခြင်း (Accreditation) လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်နေပြီဖြစ်သဖြင့် များမကြာမီကာလတွင် အင်ဂျင်နီယာဘွဲ့များသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှတစ်ဆင့် အာရှ-ပစိဖိတ်အဆင့်အထိ အသိအမှတ်ပြုမှု ရရှိတော့မည်ဖြစ်ကြောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်က မွေးထုတ်ပေး လိုက်သည့် နောင်တော်အင်ဂျင်နီယာအတတ် ပညာရှင်များသည် နိုင်ငံတကာအဆင့်မီ အင်ဂျင် နီယာပညာရပ်များကို အသုံးချပြီး တပ်မတော်နှင့် နိုင်ငံတော်၏ အရေးပါသည့်ကဏ္ဍများတွင် တာဝန် ထမ်းဆောင်နေသည်ကိုလည်း မြင်တွေ့ရမည် ဖြစ်ကြောင်း။
တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်မည်ဟူသည့် မွန်မြတ်သော စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ Volunteer ဝင်ရောက်အမှုထမ်းကြသူများ ဖြစ်သည့်အတွက် မိမိတို့ ထမ်းဆောင်နေသည့်တာဝန်အပေါ် ခံယူချက်၊ ယုံကြည်ချက် နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန် ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ အင်ဂျင်နီယာ ပညာရှင်ဖြစ်သူများအနေဖြင့် ဘဝရည်မှန်းချက် မြင့်မြင့်မားမားထားရှိပြီး ရည်မှန်းထားသည့်အတိုင်း မိမိတို့ဘဝတိုးတက်အောင် စိတ်ဓာတ်ကောင်းမွန် စွာဖြင့် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ အမိန့်နာခံမှုကောင်းပြီး မိမိတပ်ဖွဲ့၊ တပ်မတော်နှင့် တိုင်းပြည်အပေါ် သစ္စာရှိရှိဖြင့် စစ်သားကောင်းပီသစွာ ပေးအပ်သည့် မည်သည့်တာဝန်ကိုမဆို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လည်း လိုအပ်ကြောင်း။
ထိုကဲ့သို့တာဝန်များကို ထမ်းဆောင်ရာတွင် နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်းတာဝန်များ သည် တစ်ဦးချင်း၏ ပင်ကိုယ်အရည်အသွေးကိုမြှင့်တင်ပေးနေခြင်းဖြစ်သည့်အတွက် မိမိတို့၏ ထိုးထွင်းကြံဆမှုနှင့် ကြုံတွေ့လာသည့် အခက်အခဲ များကို ဆန်းစစ်ပြီး တွေးခေါ်မြော်မြင်မှုနှင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို အသုံးချ ရန် လိုအပ်ကြောင်း။
ယင်းသို့ အသုံးချနိုင်ရေးအတွက် အသိပညာနှင့် ပြည့်စုံရန် လိုအပ်သောကြောင့် မိမိတို့၏ အားလပ် ချိန်များတွင် အသိပညာဗဟုသုတရရှိရေး အကျိုးရှိ မည့် စာအုပ်၊ စာပေများကို ဖတ်ရှုသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
အရည်အချင်းရှိအောင် လုပ်ဆောင်
အင်ဂျင်နီယာတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များ အဖြစ် ထမ်းဆောင်ကြရမည့်သူများဖြစ်သဖြင့် ကွပ်ကဲရမည့်သူများသည် တပ်စုအဆင့်ထက်မပို သည့်အင်အားမှ စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်တိုင်လည်း အရည်အချင်းရှိအောင် လုပ်ဆောင် ရမည်ဖြစ်သကဲ့သို့ ခေါင်းဆောင်မှုကောင်း ပေးနိုင်ရန်လည်း ကြိုးစားရမည်ဖြစ်ကြောင်း၊ အစ ကောင်းမှ အနှောင်းသေချာမည်ဖြစ်၍ အင်အား နည်းနည်းဖြင့် ကွပ်ကဲရချိန်တွင် ခေါင်းဆောင်မှုကို လေ့ကျင့်သည်ဟု သဘောထားပြီး မိမိအရည်အချင်း မြင့်တက်နေရေး ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှလည်း အဆင့်ဆင့် တာဝန်များ ထမ်းဆောင်ရချိန်တွင် အရည်အသွေး မြင့်မားသည့် တပ်မတော်အတွက် အားကိုးရသည့် အရာရှိကောင်းများ ဖြစ်လာစေမည်ဖြစ်ကြောင်း။
တပ်မတော်၏ စစ်အင်ဂျင်နီယာခေါင်းဆောင် ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့်သူများ သည် မိမိခေါင်းဆောင်မှု အားနည်းပါက မိမိကိုယ်တိုင် သာမက မိမိကွပ်ကဲအုပ်ချုပ်ရသူများ၏ အသက်၊ သွေး၊ ချွေးများစွာ ဆုံးရှုံးမှုကြီးမားနိုင်သည့်အတွက် သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
တာဝန်ကို ကျေပွန်စွာထမ်းဆောင်
နိုင်ငံတော်ကာကွယ်ရေးအတွက် မိမိသင်ကြား ထားသည့် အသိပညာ၊ အတတ်ပညာများကို ထိထိ ရောက်ရောက်အသုံးချတတ်ရန် လိုအပ်သလို တိုးတက်ပြောင်းလဲနေသည့် ပညာရပ်များကိုလည်း အမြဲမပြတ်လေ့လာနေရမည်ဖြစ်ကြောင်း၊ ယင်းသို့ ကြိုးပမ်းဆောင်ရွက်နေမှသာလျှင် စစ်တိုက်နိုင်သော အင်ဂျင်နီယာအရာရှိများ၊ အရည်အချင်းရှိသော အင်ဂျင်နီယာအရာရှိများ၊ စည်းကမ်းကောင်းသော အင်ဂျင်နီယာအရာရှိများအဖြစ် ပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမည်ဖြစ် ကြောင်း။
သင်တန်းဆင်း အရာရှိများအနေဖြင့်လည်း မိမိကိုယ်တိုင်ကစပြီး ကျန်းမာကြံ့ခိုင်မှုရှိစေရန်၊ ကိုယ်ခံစွမ်းအားပြည့်ဝစေရန် နေထိုင်ရမည်ဖြစ်သကဲ့ သို့ မိမိလက်အောက်ကိုလည်း စံနမူနာကောင်းပြ နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိလက်အောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင် အောင် လေ့ကျင့်ဆောင်ရွက်နိုင်မှသာလျှင် တိုက်စွမ်း ရည်၊ တိုက်စွမ်းအား ကောင်းမွန်မြင့်မားအောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိလက်အောက် ငယ်သားများ၏ စွမ်းဆောင်နိုင်မှုနှင့် အမူအကျင့်များ ကို စေ့စပ်သေချာစွာ သိရှိထားရန်လိုအပ်သကဲ့သို့ တစ်ဦးချင်း၏ လုပ်ငန်းတာဝန်များကိုလည်း သိရှိ နားလည်ထားရန် လိုအပ်ကြောင်း။
ဘက်ပေါင်းစုံက စဉ်းစား
ထိုသို့သိရှိနေမှသာလျှင် လူမှန်နေရာမှန် နေရာ ချထားနိုင်မှုနှင့် မှန်ကန်စွာ တာဝန်ပေးအပ်နိုင်မှုတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ငယ် များအနေဖြင့် မိမိတို့ ကြုံတွေ့လာရသည့် ကိစ္စရပ်များ ကို ဘက်ပေါင်းစုံက စဉ်းစားပြီး ဆင်ခြင်တုံတရား ဖြင့် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း။
မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ် ရေးတွင် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ် ကြောင်း၊ ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင် ရွက်၍မရဘဲ ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း။ ယင်းသို့ ဆောင်ရွက်သည့်နေရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသည့် စွမ်းရည် ၃ ရပ် အမြဲထက်မြက်နေရန် လိုအပ်ကြောင်း၊ စွမ်းရည် ၃ ရပ် ထက်မြက်နေမှသာလျှင် ပေးအပ်လာ သည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ကြမည်ဖြစ်ကြောင်း၊ တပ်မတော်ကို စွမ်းရည်၊ စွမ်းအားမြင့်မားပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့် တပ်မတော်ဖြစ်စေရန် အမြဲတမ်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” နေကြရမည်ဖြစ် ကြောင်း၊ တစ်ဦးချင်းစွမ်းဆောင်ရည် ကောင်းမွန်မှ သာလျှင် အဖွဲ့လိုက်ဆောင်ရွက်မှု (Team Work) ရရှိမည်ဖြစ်ပြီး အဖွဲ့လိုက်စွမ်းဆောင်ရည်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။
စေတနာထားရှိဆောင်ရွက်
တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်နေချိန်တွင် နိုင်ငံတော်နှင့် ပြည်သူလူထု ၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ရာတွင် တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံရမည့် စစ်သည်တော်ကျင့်ဝတ်များကို တိတိကျကျ လိုက်နာ ကျင့်ကြံကြမည်ဆိုပါက တပ်တွင်းစည်းလုံးညီညွတ် မှုကို ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း၊ တပ်မတော် သားများနှင့် မိသားစုဝင်များအနေဖြင့် တိုင်းပြည်နှင့် တပ်မတော်အပေါ်တွင် ကောင်းမွန်သည့် စိတ်ရင်း စေတနာထားရှိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်ကြံ နေထိုင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို မိမိတို့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာပြီး တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်း ထားသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် နေ့စဉ်လူမှုဘဝ လုံခြုံရေးများကိုပါ ကာကွယ်စောင့်ရှောက်ပေးလျက် ရှိကြောင်း။
ထို့ကြောင့် မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် အားတက်သရော စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင် ရွက်ပေးခြင်းများဖြင့် ပြည်သူက အားကိုး၊ အားထား ရသည့် တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးပမ်းသွားကြရန် မှာကြားလိုကြောင်း။
ကျင့်ဝတ်များကို လိုက်နာ
တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန် များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် သမား ရိုးကျ စစ်ပွဲများဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်ရာတွင် အင်ဂျင်နီယာများ၏အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အင်ဂျင် နီယာကျင့်ဝတ်များကို လိုက်နာပြီး အရာရာတွင် တီထွင်ဖန်တီးလိုသည့် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် စွမ်းရည် များရှိအောင် ကြိုးစားလေ့လာသင်ယူကြရမည် ဖြစ်ကြောင်း၊ အရည်အသွေးအာမခံမှုရှိသည့် အင်ဂျင် နီယာပညာရေးစနစ်တစ်ခုမှ ပေါက်ဖွားလာသည့် အရာရှိငယ်များသည် “အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ တပ်မတော်အတွက် အတတ်ပညာရှင်၊ အသိပညာရှင် များအဖြစ် ပံ့ပိုးလုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်း၊ တာဝန်ကျရာ ဒေသအသီးသီးတွင် ပင်မ တာဝန်ထမ်းဆောင်ရင်း စဉ်ဆက်မပြတ် တိုးတက် လျက်ရှိသည့် သိပ္ပံနှင့် နည်းပညာရပ်များကို အမီ လိုက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ် ပြီး မိမိနိုင်ငံ၊ မိမိတပ်မတော်အတွက် အကျိုးရှိသည့် ပညာရပ်များကို စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း (Continuous Learning)ဖြင့် မိမိတို့၏ အရည်အချင်း များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ လေ့ကျင့်ရေး ဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် “ကျန်းမာကြံ့ခိုင် ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဟူသည့် ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မိမိတို့ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေးဆောင် ရွက်ချက်များကို “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ ကြိုးစား ဆောင်ရွက်ကြပြီး တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
အလေးပြုခြင်းကို ခံယူ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကားပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့် ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်း ကာလ ၆ နှစ်တာကာလတစ်လျှောက်လုံး ကြိုးစား အားထုတ်မှု၊ မိမိကိုယ်ကို စောင့်ထိန်းမှုတို့ကြောင့် ရရှိခဲ့သည့် တန်ဖိုးရှိသည့် ဆုတံဆိပ်များပင်ဖြစ် ကြောင်း၊ မိဘများအနေဖြင့်လည်း သာမန်နိုင်ငံ့ ဝန်ထမ်းများနှင့် တောင်သူများဖြစ်ကြသည်ကို တွေ့ရှိရပြီး ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကြိုးစားရုန်းကန် ပြုစုပျိုးထောင်ပေးခဲ့ရမည်ဖြစ် ကြောင်း၊ မိဘ၊ ဆရာများ၏ ဆိုဆုံးမမှု၊ သင်ကြားမှု အောက်တွင် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပြီး မိမိကိုယ်ကို ထိန်းသိမ်းလုပ်ဆောင်တတ်သည့် အခြေခံစိတ်ဓာတ်ကောင်းများကို ဆက်လက်ခိုင်မာ အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာပေ ပညာအပြင် အတတ်ပညာကိုပါ သင်ယူရသည်ဖြစ်ပြီး တန်ဖိုးရှိသည့် ပညာရပ်များကို သင်ယူခဲ့ရသည် ဖြစ်သည့်အတွက် မိမိတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ပန်းတိုင်များ မပျောက်ပျက်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ စိတ်ကိုအလိုမလိုက်ရန်နှင့် အသောက် အစား အပျော်အပါးများကို ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းရမည်ဖြစ်ပြီး အသက်အရွယ်အားဖြင့် ငယ်သည်ဖြစ်သော်လည်း ခေါင်းဆောင်များဖြစ်သည့် အတွက် ရင့်ကျက်တည်ငြိမ်စွာ နေထိုင်သွားလာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဝတစ်လျှောက် လျှောက်လှမ်းရမည့် လမ်းခရီးများစွာ ကျန်ရှိနေသေး သည်ဖြစ်သည့်အတွက် အသိပညာအတတ်ပညာများ ပြည့်စုံရန် စာပေဗဟုသုတလေ့လာခြင်း၊ ကျန်းမာ ကြံ့ခိုင်အောင်နေထိုင်ခြင်းတို့ဖြင့် မိမိကိုယ်ကို ဝမ်းစာ ဖြည့် ဆေးတိုက်ကျွေးရန်လိုကြောင်း၊ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည့် မိဘများ၏ ကျေးဇူးကို သိတတ် ရန်နှင့် ကျေးဇူးဆပ်ရန် လိုအပ်သကဲ့သို့ ဒုတိယမိခင် ဖြစ်သည့် တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာ စောင့်သိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက် များ အောင်မြင်ရေး၊ မိသားစုများ၏ ရည်မှန်းချက်များ မပပျောက်စေရေးအတွက် စစ်သားကောင်း တစ်ယောက် ပီသစွာဖြင့် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်