
နေပြည်တော် ဩဂုတ် ၆
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း၊ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စဝ်နော်လိတ်တို့ တက်ရောက်ကြသည်။
အတည်ပြုလက်မှတ်ရေးထိုး
ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ များအစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်လိုသည့် အချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ သဘောထား များကို ညှိနှိုင်းရေး ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား နှစ်ဖက်ဆွေးနွေးညှိနှိုင်းကြပြီး ၃ ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေ သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊ ခေတ်နှင့်အညီ ပြန်လည်ပြုစုထားသည့် မြန်မာ့စွယ်စုံ ကျမ်း (အတွဲ-၁)နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်