
နေပြည်တော် မေ ၂၅
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP)ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် မွန်ပြည်သစ်ပါတီ (NMSP)မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ကြသည်။
ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို လည်း ကောင်း ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပြီး NMSP အဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။ ယင်းနောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘော တူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ယင်းနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားကြပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊ ခေတ်နှင့်အညီ ပြန်လည်ပြုစုထားသည့် မြန်မာ့စွယ်စုံကျမ်း(အတွဲ-၁)တို့နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်