
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=======================
နိုင်ငံတော်၏ဆော့ဖ်ပါဝါ သို့မဟုတ် ရန်ကုန်တက္ကသိုလ် အနုပညာအသင်း၏ နှစ်ပေါင်း ၇၀ ခရီး
===========================================================
မျိုးမြတ်သူ
ယနေ့ ၂၁ ရာစုမှာ စစ်ရေးအစွမ်းကိုအသုံးပြု၍ နိုင်ငံ တစ်နိုင်ငံကို သိမ်းပိုက်သောအင်အားကို ဟတ်ဒ်ပါဝါ (Hard Power) ဟုခေါ်ဆိုပြီး စစ်ရေးအရမဟုတ်ဘဲ နိုင်ငံ၏ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ယဉ်ကျေးမှုအင်အားတွေနဲ့ နိုင်ငံတစ်နိုင်ငံအပေါ်လွှမ်းမိုးထားနိုင်သောစွမ်းအားကို ဆော့ဖ်ပါဝါ (Soft Power) ဟု ခေါ်ဆိုခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံတွင် ဟတ်ဒ်ပါဝါအင်အားကောင်းဖို့ အရေးကြီးသလို နိုင်ငံရဲ့ဆော့ဖ်ပါဝါကလည်း အဆင့် အတန်းမြင့်မားပြီး လွှမ်းမိုးထားနိုင်စွမ်းရှိဖို့ အရေးကြီး လှပါတယ်။ မိမိနိုင်ငံရဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး အင်အားကောင်း နေမှသာလျှင် အခြားသောအင်အားကြီးနိုင်ငံတွေရဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပါတယ်။ ၂၁ ရာစုမှာ အင်အားကြီးနိုင်ငံတွေဟာ စစ်တိုက်ခြင်းနဲ့ ကျူးကျော်လွှမ်းမိုးမှုကို မလုပ်ကြတော့ဘဲ နည်းပညာ၊ စီးပွားရေး၊ အနုပညာ၊ ယဉ်ကျေးမှုနည်းလမ်းပေါင်းစုံ သုံးပြီး နိုင်ငံတစ်နိုင်ငံကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်း အားထုတ်နေကြပါပြီ။
ဥပမာပြရရင် ရုပ်မြင်သံကြား လုပ်ငန်းနယ်ပယ်မှာ အမေရိကန်မှ ထုတ်လွှင့်နေသော MTV တေးဂီတရုပ်သံလိုင်းဟာ တစ်ကမ္ဘာလုံးက ဆယ်ကျော်သက်လူငယ်တွေကိုချုပ်ကိုင်ထားနိုင်စွမ်းရှိနေပါ ပြီ။ တေးဂီတ၊ ဖက်ရှင်၊ အက၊ လူနေမှုဟန် Lifestyle က အစ လူငယ်တွေအပေါ်လွှမ်းမိုးထားပါတယ်။ ထို့အတူ အမေရိကန်ဟောလိဝုဒ်က ထုတ်လုပ်တဲ့ ရုပ်ရှင် ဇာတ်ကားတွေကလည်း ကမ္ဘာအနှံ့မှာ လွှမ်းမိုးထားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ယခုအခါ အိန္ဒိယ ဘောလိဝုဒ်မှာ ထုတ်လုပ်တဲ့ ဇာတ်ကားတွေ၊ တရုတ် နိုင်ငံ၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ) တို့မှ ရိုက်ကူးထုတ် လုပ်တဲ့ရုပ်ရှင်တွေကလည်း နိုင်ငံတကာရုပ်ရှင် ဈေးကွက်မှာ အောင်မြင်မှုတွေရနေပါပြီ။ အထူးသဖြင့် K Pop လို့ခေါ်တဲ့ ကိုရီးယားခေတ်ပေါ်ဂီတနဲ့အက၊ Korea Drama Series လို့ခေါ်တဲ့ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲတွေဟာ ၂၀၀၀ ပြည့်နှစ်လောက်ကစပြီး အရှေ့တောင်အာရှနိုင်ငံတွေကို စတင်လွှမ်းမိုးလာခဲ့တာဒီကနေ့ဆိုရင်ကမ္ဘာအဆင့်အထိ တက်လှမ်းနေပြီဖြစ် ပါတယ်။ ယခုဆိုလျှင် မြန်မာရုပ်မြင်သံကြားလိုင်းများ မှာ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်ရုပ်သံဇာတ်လမ်း တွဲတွေသာမက တူရကီ၊ ဖိလစ်ပိုင်၊ ထိုင်းစတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေပါ ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါ တယ်။ ဒါတွေဟာ နိုင်ငံတကာရဲ့ ဆော့ဖ်ပါဝါတွေပါပဲ။
ဒါတွေကို ကျွန်တော်တို့အနေနဲ့တွန်းလှန်နိုင်ဖို့၊ ကိုယ့် စာပေ၊ ကိုယ့်ဂီတ၊ ကိုယ့်အနုပညာ၊ ကိုယ့်ယဉ်ကျေးမှုကို မပျက်ယွင်းမပျောက်ဆုံးအောင်ထိန်းသိမ်းထားနိုင်ဖို့ အဆင့်အတန်း မြင့်မားသည်ထက်မြင့်မားလာအောင် စွမ်း ဆောင်နိုင်ဖို့အရေးကြီးလှပါတယ်။
၂၀၁၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာပေ၊ ဂီတ၊ အနုပညာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ဆော့ဖ်ပါဝါ မြင့်မားလာဖို့ ဆောင်ရွက်ကြရမယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဒါကြောင့် တက္ကသိုလ်တွေမှာ ပညာရပ်ဆိုင်ရာဘာသာရပ် တွေကိုပဲ သင်ကြားပို့ချပေးနေရုံနဲ့မလုံလောက်ဘဲ ကျောင်း သား ကျောင်းသူတွေဟာ စာပေ၊ ဂီတ၊ အက၊ အဆို၊ အတီး စတဲ့ မြန်မာ့ရိုးရာအနုပညာရပ်တွေမှာ စိတ်ဝင်စားအောင်၊ ထူးချွန်အောင် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသား ကျောင်းသူတွေ ပြဇာတ်ပညာကို စိတ်ဝင်စားလာအောင်၊ ပြဇာတ်တွေ ရေးသားကပြနိုင်အောင် ကြိုးစားပေးဖို့ ပါမောက္ခချုပ်ကို တိုက်တွန်းသွားခဲ့တယ်ဆိုတာ သိရှိခဲ့ရပါ တယ်။
ဒါဟာ တကယ့်ကိုမှန်လှပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာတွေကို ထိန်းသိမ်းရာမှာ အကောင်း ဆုံးသောနည်းလမ်းဟာ ကျောင်းတွေမှာ ကလေးအရွယ် ကတည်းက သင်ကြားပို့ချပေးခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ နိုင်ငံတကာမှာ မူလတန်း ကျောင်းတွေရဲ့သင်ရိုးမှာ ဂီတသင်ရိုး၊ အကသင်ရိုး၊ အားကစားသင်ရိုးတွေကို ထည့်သွင်းထားပါတယ်။ အဲဒီမှာ ရိုးရာဂီတတူရိယာတွေနဲ့နိုင်ငံတကာဂီတကိုပေါင်းစပ်ထားတဲ့သင်ရိုးတွေကိုပါ သင်ပေးကြပါတယ်။ ဒီလို မူလတန်း အဆင့်မှာကတည်းက ဂီတနဲ့အားကစားသင်ရိုးတွေကို ထည့်သွင်းထားကြတာ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်များလောက်ကစပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ မူးယစ်ဆေးစွဲတဲ့ လူငယ်တွေနဲ့ ပြည့်တန်ဆာဖြစ်သွား ကြတဲ့မိန်းကလေးတွေရဲ့အရေအတွက်ဟာ ကြောက်ခမန်း လိလိမြင့်တက်လာတာကြောင့် အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်တွေ ခေါင်းခဲစရာဖြစ်ခဲ့ကြတယ်။ ဒါကြောင့် မူးယစ်ဆေးစွဲလူငယ်တွေနဲ့ ပြည့်တန်ဆာလျော့ပါးရေး၊ ပပျောက်ရေး ဘယ်လိုလုပ်ကြမယ်ဆိုတာ ၁၉၈၆/ ၁၉၈၇ ခုနှစ်ဝန်းကျင်လောက်မှာ ဂျပန်နိုင်ငံက ကမကထပြုလုပ်ပြီး အရှေ့တောင်အာရှနိုင်ငံက သက်ဆိုင်ရာတာဝန်ရှိအဖွဲ့ အစည်းတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ တက်ရောက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကြီးရဲ့ နောက်ဆုံး ရလဒ်က မူးယစ်ဆေးစွဲမှုနဲ့ ပြည့်တန်ဆာပြဿနာတွေကို အရွယ်ရောက်ချိန်ကျမှ ပညာပေးဖြေရှင်းရတာဟာ အင်မတန် ခက်ခဲတယ် ဆိုတာတွေ့ရှိခဲ့ကြပြီး အကောင်းဆုံး နည်းလမ်းကတော့ မူလတန်းကလေးဘဝအရွယ်ကတည်း က ကာကွယ်တားဆီးဖို့ကြိုးစားတာဟာ အကောင်းဆုံးဖြစ် တယ်ဆိုတာ သဘောတူညီခဲ့ကြပါတယ်။
ဒါကြောင့် မူလ တန်းပညာသင်ရိုးမှာ ကိုယ့်ကျန်းမာရေး ကိုယ်စောင့်ရှောက် တတ်အောင် အားကစားလေ့ကျင့်ခန်းတွေ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို တန်ဖိုး ထားတတ်အောင် ဂီတသင်တန်းအကသင်တန်းတွေကိုပါ မူလတန်းသင်ရိုးမှာ စတင်ထည့်သွင်းရေးဆွဲခဲ့ကြပါတယ်။
တကယ်တော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ နိုင်ငံတော်၏ ဆော့ဖ်ပါဝါမြင့်မားရေးအတွက်ဆိုရင်လည်း အခြေခံ ပညာမူလတန်း၊ အလယ်၊ အထက်တန်းအဆင့်များမှစ၍ အဆင့်ဆင့်ပျိုးထောင်ပြုစုပေးကြရမှာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ခန့်ကတည်း က စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။
ထိုစဉ်က ယခုကဲ့သို့ ဟတ်ဒ်ပါဝါ၊ ဆော့ဖ်ပါဝါအသုံး အနှုန်းတွေ မပေါ်သေးသော်လည်း ထိုစဉ်ကတည်းက မည်ကဲ့သို့သောရည်မှန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်း တည်ထောင်ခဲ့ကြတာကို သမိုင်းမှတ်တမ်းအဖြစ် ဖော်ပြပါရစေ။
“ရန်ကုန်တက္ကသိုလ်သည် စစ်ပြီးခေတ် ၁၉၄၇ ခုနှစ် တွင် ဘာသာစုံဌာနများဖြင့် မြိုင်ဆိုင်စွာ ဖွင့်လှစ်နိုင်ခဲ့ ပေသည်။ တိုတောင်းလှသောနှစ်တွင်းမှာပင် မြန်မာပြည် ၏ဂုဏ်ကျက်သရေကို ဆောင်ယူကယ်တင်နိုင်သည့်အခြေ သို့ရောက်လာခဲ့ပေသည်။ တိုင်းပြည်တစ်ပြည်နှင့် တစ်ပြည် ကူးလူးဆက်ဆံရာတွင် လွယ်ကူနိုင်မှု ရယူနိုင်ခြင်းမှာ ပညာ ရှင်များပေါ်ထွန်းရာ တက္ကသိုလ်ကျောင်းတော်ပင် ဖြစ်ရကား တက္ကသိုလ်ရှိ ကျောင်းတော်သူကျောင်းတော်သားများ၌ တာဝန်ရှိပေသည်။ ထိုသို့ တာဝန်ရှိသည့်အလျောက် လူမျိုး တစ်မျိုး၏ ယဉ်ကျေးမှုတွင်အကျုံးဝင်ရာအနုပညာရပ်များ မြှင့်တင်ထိန်းသိမ်းနိုင်မှုမှာ ကျောင်းတော်သူ ကျောင်း တော်သားများ၏ ကြိုးပမ်းအားပေးမှုသာလျှင် အဓိက ဖြစ်ပေရာ တက္ကသိုလ်ကျောင်းတော်ကြီးရှိ အမျိုးသား အမျိုးသမီး ဂုဏ်ယူနိုင်စရာဖြစ်သည့် တက္ကသိုလ်အနုပညာ အသင်းကြီး ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်၌ ပေါက်ဖွားခဲ့ ပေသည်။
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီးကို တက္ကသိုလ်မှ ပါမောက္ခများဖြစ်သည့် ဦးမျိုးမင်း၊ ဒေါက်တာ မောင်မောင်ခတို့ဦးစီးကာ မြန်မာအနုပညာရပ်များကို မူမပျက်တည်တံ့စေရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများပါဝင်၍ ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့လေသည်။ ၎င်းအသင်း တည်ထောင်စနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူမှာ ပါမောက္ခချုပ် ဒေါက်တာထင်အောင်ဖြစ်၍ အကျိုးဆောင် အဖြစ် ဒေါက်တာမောင်မောင်ခက ဆောင်ရွက်ခဲ့ပါသည်။ အသင်း၏ ကောင်စီဝင်အမှုဆောင်များတွင် ဦးအောင်လှ၊ ပါမောက္ခ ဦးဧမောင်၊ ပါမောက္ခဒေါက်တာသာလှ၊ ပါမောက္ခဦးဘညွန့်၊ ပါမောက္ခဒေါက်တာဒေါ်သင်းကြည်၊ ဦးဝန်၊ ဦးသိန်းဟန်၊ ဦးခင်မောင်လတ်တို့နှင့်တကွ ကထိက၊ ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူ အများ အပြားပါဝင်ခဲ့လေသည်။ ၎င်းအသင်းကြီး၏ရည်ရွယ်ချက် မှာ အနုပညာရပ်တွင် ပါဝင်သော ပန်းချီ၊ စာပေ၊ ဂီတ၊ အက၊ ပြဇာတ်၊ ရုပ်ရှင်၊ ပန်းပု၊ အိမ်တွင်းအလှဆင်နှင့် ဗိသုကာပညာရပ်များကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ပြတိုက်၊ စာကြည့်တိုက်များ ဖွင့်လှစ်၍ လည်းကောင်း၊ အနုပညာဆိုင်ရာ ဗဟုသုတ ဖြစ်စေမည့်စာအုပ်စာတမ်း များထုတ်ဝေရေးတို့အတွက် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေသည်။”
(ပါမောက္ခကျော်ရင် မြန်မာစာဌာန ရေးသားသော ရန်ကုန်တက္ကသိုလ်အနုပညာအသင်းဆောင်းပါးမှ ကောက်နုတ်ချက် )
ရန်ကုန်တက္ကသိုလ်အနုပညာအသင်းကို ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့တယ်။ ထိုစဉ်က ရန်ကုန် အနုပညာအသင်းကို ဘာကြောင့်တည်ထောင်ခဲ့ကြ ရတယ်ဆိုတဲ့အကြောင်းကို ၁၉၇၆ ခုနှစ် ရန်ကုန်တက္ကသိုလ် အနုပညာအသင်း၏ ၂၅ နှစ်မြောက်ငွေရတုသဘင် အခမ်းအနားတွင် မြန်မာစာပါမောက္ခဆရာကြီးဦးလှရွှေ က ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့ နောက် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေဟာ ဗြိတိသျှသံရုံး၊ အမေရိကန်သံရုံး၊ ပြင်သစ်သံရုံး အစရှိတဲ့သံရုံးအသီးသီးက ဧည့်ခံပွဲတွေကို တက်ရောက် ကြပြီး အနောက်တိုင်းအက၊ အနောက်တိုင်းတေးဂီတ တွေကို သီဆိုတီးမှုတ်ကခုန်ကြဖို့ ကျောင်းဆင်းချိန် ညနေ ပိုင်းတွေမှာ သွားလာနေကြတာကို မြင်တွေ့ကြရတဲ့ ရူပဗေဒပါမောက္ခ ဒေါက်တာမောင်မောင်ခ၊ မြန်မာစာ ပါမောက္ခဦးကျော်ရင်၊ မြန်မာစာပါမောက္ခ ဆရာကြီး ဦးလှရွှေတို့ သုံးယောက်ဟာ တိုင်ပင်ပြောဆိုခဲ့ကြပါတယ် တဲ့။ ဒီအတိုင်းသာဆိုရင် တို့တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ အနောက်တိုင်းအက၊ အနောက်တိုင်း ဂီတတွေမှာ မွေ့လျော်သွားကြပြီး မြန်မာ့ရိုးရာယဉ်ကျေး မှုဖြစ်တဲ့ အက၊ ဂီတတွေ စိတ်ဝင်စားမှု မရှိတော့ဘဲ မေ့လျော့သွားကြရင် ဒုက္ခရောက်ကုန်ကြမယ်။ ဒါကို တွေးပူမိတဲ့ ဆရာကြီးသုံးဦးဟာ မြန်မာအက၊ မြန်မာဂီတ၊ မြန်မာယဉ်ကျေးမှုအနုပညာတွေကို ကျောင်းသား ကျောင်းသူတွေ စိတ်ဝင်စားလာအောင်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို မြတ်နိုးထိန်းသိမ်းလာအောင်၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့ကြတာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါဟာ တကယ် တော့ လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်ကတည်းက နိုင်ငံတော်ရဲ့ ဆော့ဖ်ပါဝါကို နိုင်ငံတော်ရဲ့အမြင့်မားဆုံးပညာရေး အဖွဲ့အစည်းဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က စတင်တည် ဆောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်အနုပညာအသင်းရဲ့ လက် အောက်မှာ ပန်းချီဌာနခွဲ၊ ဂီတဌာနခွဲ၊ အကနှင့်ပြဇာတ် ဌာနခွဲ၊ ဟောပြောရေးဌာနခွဲ၊ အိမ်တွင်းအလှဆင်နဲ့ ဗိသုကာဌာနခွဲတွေနဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။
ပန်းချီဌာနခွဲမှာ ပန်းချီဆရာကြီးဦးဘကြည်၊ ပန်းချီဆရာကြီးဦးအုန်းလွင်၊ ပန်းချီဆရာကြီးဦးဉာဏ်ရှိန်၊ ပန်းချီဆရာကြီးဦးသိန်းဟန်၊ ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ပန်းချီဆရာကြီး ဦးနန်းဝေနဲ့ ကာတွန်း ဆရာကြီးဦးဖေသိန်းတို့က လာရောက်သင်ကြား ဟောပြောပို့ချပေးခဲ့ကြပါတယ်။
၁၉၅၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး နှစ်စဉ် ပန်းချီပြိုင်ပွဲပြပွဲတွေ၊ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲတွေကို ကျင်းပနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ဝိဇ္ဇာခန်းမရဲ့အနောက်ဘက်၊ အီကိုကန်တင်း စားသောက် ဆိုင်တန်းတွေရဲ့ အရှေ့ဘက်မှာ အုတ်ကြွပ်မိုးတစ်ထပ် တိုက်လေးကို ပန်းချီအသင်းခန်းမအဖြစ် ဆောက်လုပ်ပေး ခဲ့ပါတယ်။ ယင်းပန်းချီခန်းမမှာ ပန်းချီဆရာကြီး ဦးသိန်းဟန်နဲ့ ပန်းချီဆရာကြီး ဦးလွန်းကြွယ်တို့က လာရောက်သင်ကြားပြသပေးခဲ့ရာ လက်ရာမြောက် ရေးဆွဲနိုင်သော ပန်းချီဆရာလူငယ်တွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှ နှစ်စဉ်ထုတ်ဝေတဲ့ ရန်ကုန် တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာ ပန်းချီ ဌာနစိတ် ပန်းချီခန်းမှ ကျောင်းသားကျောင်းသူတွေက မျက်နှာဖုံး ပန်းချီမှအစပြု၍ ကဗျာသရုပ်ဖော်ပုံ၊ ဝတ္ထုသရုပ်ဖော်ပန်းချီ၊ ကာတွန်းတွေအားလုံးကိုရေးဆွဲကြကာ ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင် လှလှပပ နှစ်စဉ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့် ရွှေရတုသဘင် အထိမ်းအမှတ်မဂ္ဂဇင်းစာအုပ်ကြီး နှစ်အုပ်ကိုလည်း တက္ကသိုလ်ဘာသာပြန်ဌာနက တာဝန်ခံပြီး တက္ကသိုလ် ပန်းချီဆရာကြီးဦးနန်းဝေနဲ့ ကျောင်းသား ကျောင်းသူ တွေရဲ့ လက်ရာတွေနဲ့ သမိုင်းဝင်မှတ်တမ်းစာအုပ်အဖြစ် ဂုဏ်ယူစွာ ထုတ်ဝေခဲ့ပါတယ်။ ယနေ့အထိ မြန်မာနိုင်ငံ ပန်းချီလောက၊ သရုပ်ဖော်ပန်းချီလောက၊ ဒီဇိုင်းပန်းချီ လောက၊ ကာတွန်းဆရာလောကမှာ ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းခန်းမှ ထွက်ပေါ်ခဲ့တဲ့ ပန်းချီဆရာတွေ၊ ဒီဇိုင်းဆရာတွေ၊ ကာတွန်းဆရာတွေအမြောက်အမြားပင် ရှိခဲ့ပါတယ်။
ဂီတဌာနခွဲမှာလည်း အသင်းကြီးရဲ့အသံလွှင့်ဌာန စိတ်အနေနဲ့ သမိုင်းပါမောက္ခဦးဘညွန့်( ရုပ်ရှင်မင်းသား ဝင်းဦး၏ ဖခင်)က ဦးစီးကာ ၁၉၅၁ ခုနှစ်မှစ၍ “ဂီတ ညဉ့်ဦးယံ” ဖျော်ဖြေပွဲ၊ နိုင်ငံတော်အသံလွှင့်ဌာနမှာ ကာလပေါ်သီချင်းအသံလွှင့်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှစ၍ ဂီတပြိုင်ပွဲကိုစတင်ကျင်းပခဲ့ရာ ပြိုင်ပွဲ များမှာ ကျောင်းသား ကျောင်းသူတွေပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ထို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့ကို အနုပညာ နေ့အဖြစ် သတ်မှတ်ကာ အနုပညာနေ့ပွဲ ကျင်းပခဲ့ရာ အဆို၊ မယ်ဒလင်၊ တယော၊ စန္ဒရားပြိုင်ပွဲတွေကို စည်ကားသိုက် မြိုက်စွာ ကျင်းပပေးခဲ့ပါ တယ်။ ရန်ကုန်တက္ကသိုလ်အနုပညာ အသင်းရဲ့ ပထမဆုံး အဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေဖြစ်ကြတဲ့ အဆိုတော် ဦးမောင်မောင်လတ် ( ကဗျာဆရာနောင် )ဆိုလျှင် ယခုတိုင် သက်ရှိထင်ရှားရှိနေဆဲပါ။ ဆရာကြီးဦးကျော်ရင်ရဲ့ ဆောင်းပါးအရဆိုလျှင် ၁၉၅၆ မှ ၁၉၅၈ ခုနှစ်တိုင်အောင် သုံးနှစ်ဆက်တိုက် မဟာဂီတသီချင်းကြီးတွေ၊ ကာလပေါ် သီချင်းတွေကို အသင်းသူ အသင်းသားတွေက မြန်မာ့အသံမှ နေ၍ လွှင့်ထုတ်နိုင်ခဲ့ပါတယ်။ ၎င်းဌာနခွဲမှပင် ၁၉၅၈- ၁၉၅၉ ခုနှစ်များတွင် ပညာသင်ဌာနစိတ်တစ်ခု ထပ်မံတိုးချဲ့ ကာ တယော၊ ပတ္တလား၊ စောင်း၊ အဆိုသင်တန်းတွေကို ဆရာကြီး ဂီတာဦးစိမ်းမောင်၊ ဒေါ်မေစီ၊ စောင်းဆရာမကြီး ဒေါ်သွင်တို့ကို ဖိတ်ကြား၍ သင်တန်းတွေဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူ ဆရာဆရာမတွေကို ဂီတပညာတွေ သင်ကြားစေခဲ့ပါတယ်။ ၁၉၅၉- ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာ လည်း အနုပညာအသင်းက သင်တန်းတွေကို ဆက်လက် ဖွင့်လှစ်ခဲ့ရာ ၁၉၈၈ ခုနှစ်တက္ကသိုလ်ကျောင်းတွေမပိတ်ခင်အထိ ပင်ဟု ဆိုရပါမယ်။ အနုပညာအသင်းကြီးရဲ့ ဌာနခွဲတစ်ခု ဖြစ်တဲ့ အကနဲ့ပြဇာတ်ဌာနခွဲကလည်း အသင်းကြီး စတင်ဖွဲ့စည်းတဲ့ ၁၉၅၁ ခုနှစ်ကပင်စ၍ အနုပညာနေ့ပွဲတော် ကို ကျင်းပခဲ့ရာ ယင်းပွဲတော်မှာကျောင်းသူ မတင်တင်စုရဲ့ ယိုးဒယားအက၊ မကြွယ်ကြွယ်ရဲ့ မြန်မာ့နန်းတွင်း တပင် တိုင် အကတွေနဲ့ ဧည့်ခံခဲ့ပြီး “ဘိုးဘိုးအောင်”အမည်ရှိ ပြဇာတ်ကို ကျောင်းသား ကိုစိန်အုံး၊ စတင်လီဘဖေတို့ ပါဝင်ကပြကာ ရှိတ်စပီးယားရဲ့ အင်္ဂလိပ်ပြဇာတ် “ Hamlet ” မှ အခန်းတစ်ခန်းကို ကျောင်းသားကိုဝင်းဖေနဲ့ ကျောင်းသူ မမေစီခတို့က ဦးဆောင်ကပြခဲ့ကြကြောင်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ ထို့အပြင် ၁၉၅၂ ခုနှစ်မှာ ပါမောက္ခ ဦးဘဦးစီးပြီး မန္တလေးအောင်ပင်လယ်ဗြော၊ လင်ကွင်းရွဲအက၊ စည်တော်အကတွေကို ယုဒသန်ခန်းမ ဆောင်မှာ ခင်းကျင်းကပြနိုင်ခဲ့တယ်။ ၁၉၅၆- ၅၇ ခုနှစ်မှာ အသင်းပိုင်အခန်းတွေမရရှိသေးတဲ့အတွက် တက္ကသိုလ် ဆရာများ အသင်းတိုက်တွင် အပတ်စဉ်အကသင်တန်းတွေ ကို နိုင်ငံတော်ပန်တျာနှင့်ပြဇာတ်ကျောင်းထွက် ဆရာ ဆရာမတွေနဲ့ အခြေခံအကတွေ၊ တပင်တိုင်ယိမ်းအကတွေ၊ နန်းတွင်း ယိမ်းအကတွေကို ကျောင်းသားကျောင်းသူတွေကို သင်ကြားပို့ချပေးခဲ့ကြတယ်။
၁၉၅၇-၅၈ ခုနှစ်နောက်ပိုင်းတွင်လည်း အက သင်တန်းတွေကို ဆက်လက်ဖွင့်လှစ်ခဲ့ရာ အကပညာသင် ဌာနစိတ်မှ သဘာပတိ ဒေါက်တာ မောင်မောင်ခနဲ့ ပြဇာတ် ဌာနစိတ်မှ သဘာပတိဦးဘတင်တို့ဦးစီးကာ ရာမဇာတ် တော်မှ ကဏ္ဍ ငါးခု အပါအဝင် ပဒေသာအကတွေ၊ ဗုံရှည်၊ ဗုံကြီး၊ စည်တော်၊ တီးဟန်ကဟန်တွေ၊ ယိမ်းအကတွေ တို့ကို အနုပညာမဟာ သဘင်ပွဲအဖြစ် ယုဒသန်ခန်းမရဲ့အရှေ့ လဟာပြင်ဇာတ်ခုံတွင် ခင်းကျင်းပြသနိုင်သည်အထိ အောင်မြင်ခဲ့ကြပါတယ်။ ထို့ထက်ပို၍ ထူးခြားသည်မှာ အသင်းလူကြီးတွေရဲ့ အသင်းသူ အသင်းသားတွေဟာ ပါမောက္ခချုပ် အိမ်ဝင်းအတွင်း ပြုလုပ်တဲ့ ဧည့်ခံပွဲတွေ အတွက် အကတွေနဲ့ ဧည့်ခံတာ၊ ပဲခူးဆောင် ဗိုလ်ချုပ် အောင်ဆန်း အခန်းဖွင့်ပွဲမှာ ဧည့်ခံဖျော်ဖြေတာ၊ သမ္မတ အိမ်တော်လွတ်လပ်ရေးနေ့ဧည့်ခံဖျော်ဖြေပွဲမှာ ယိမ်း အကတွေနဲ့ ဖျော်ဖြေတာတို့ကို ကူညီကပြဆောင်ရွက်နိုင် ခဲ့ပါတယ်။ ထိုစဉ်က ပါမောက္ခချုပ်ရဲ့ မှတ်တမ်းအရ ကျောင်းသားမိတ်ဆက် အဖွဲ့တစ်ဖွဲ့ကို တရုတ်ပြည်ကို စေလွှတ်ရာ တက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား ကျောင်းသူ ၁၄ ဦးကို တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့ကို စေလွှတ်ပြီး ယူနန်ဘုရင်ဧည့်ခံပွဲ၊ မန်စီမြို့ ဥက္ကဋ္ဌကြီး ဧည့်ခံပွဲ၊ ကူမင်း ပြည်သူ့ဇာတ်ရုံကြီးဧည့်ခံပွဲ၊ ကူမင်းလူငယ်များဧည့်ခံပွဲတွေမှာ မြန်မာ့ အနုပညာရပ် တွေကို ကပြဖျော်ဖြေနိုင်ခဲ့ပါတယ်။ ထို့အပြင် ၎င်းဌာန စိတ်မှပင် သီးခြားအကသင်တန်းအဖြစ် တီတီစီကျောင်း ဆောင်မှာ ဆရာဖြစ်သင်တန်းမှ သင်တန်းတက်နေသော ကျောင်းသား ကျောင်းသူတွေကို အကသင်တန်းတစ်ခုကို အသင်းကြီးက တာဝန်ယူ၍ ၁၉၅၆ ခုနှစ်မှစတင်၍ အပတ် စဉ် သင်ကြားပို့ချပေးခဲ့ပါတယ်။ ဟောပြောရေးဌာနခွဲက လည်း ဟောပြောပွဲတွေ ကျင်းပပြုလုပ်ပေးဖို့ ရည်ရွယ် ချက်ထားရှိခဲ့သဖြင့် ၁၉၅၁ ခုနှစ်မှစ၍ မြန်မာပညာရှိ ဒဂုံပ ဦးဘတင်၏ “မြန်မာဇာတ်အကြောင်း ”၊ ပညာ ဝန်ဟောင်း ဦးစိန်ရွက်၏ “Lighter Veins In Burmese Drama”၊ မြန်မာပညာရှိ ဦးဂုဏ်ဘဏ်၏ “မြန်မာဇာတ် သဘင်”၊ ယဉ်ကျေးမှုဌာန ညွှန်ကြားရေးဝန် ဦးသာမြတ်၏ “မွန် မြန်မာအက္ခရာသမိုင်း”ဟောပြောပွဲတွေကို ကျင်းပ ခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် အနုပညာအသင်းမှ ဦးစီးကာ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာရေးဆရာ အသင်း မှ လူကြီးမင်းတွေနဲ့ တက္ကသိုလ်မှ ဆရာတွေ ပါဝင်တဲ့ စကားရည်လုပွဲ (Debate)ကျင်းပရာ “မြန်မာစာပေသည် ဘဝသရုပ်မှန်စာပေဖြစ်သည်” ဟူသော ခေါင်းစဉ်ဖြင့် ဦးထင်ဖတ် (မောင်ထင်)၊ ဦးသိန်း (ဇဝန)၊ ဦးသိန်းတင် (ညိုမြ) တို့ကအဆိုတင်သွင်းပြီး ဆရာဦးစံထွန်း၊ ဆရာ ဦးကျော်ရင်၊ ဆရာဦးလှရွှေတို့က ချေပပြောဆိုခဲ့ကြပါ တယ်။
အိမ်တွင်းအလှဆင်နဲ့ ဗိသုကာဌာနခွဲအနေနဲ့မူ ၁၉၅၆ ခုနှစ် ကျမှသာလျှင် ဗိသုကာပညာရပ်နဲ့ သက် ဆိုင်သော အကြောင်းကို ဗိသုကာသိပ္ပံ မဟာဌာနမှ ကထိကဆရာ ဒေးဗစ်က “Architecture as an Art” ခေါင်းစဉ်နဲ့ ရုပ်ပြပညာပေး ဟောပြောပို့ချပေးခဲ့ပါ တယ်။ ဗိသုကာပညာရပ်အနေနဲ့ နှစ်စဉ်ကျင်းပတဲ့ ပန်းချီပြိုင်ပွဲပြပွဲများမှာ ကျောင်းသားတွေရဲ့ ဗိသုကာ လက်ရာတွေကို ပါဝင်ပြသခဲ့ကြပါတယ်။ ထိုစဉ်က အခြား ပညာရပ်ဆိုင်ရာမှာ သင် ကြားပြသပေးနိုင်တဲ့ဆရာတွေ မရှိတဲ့ အခက်အခဲကြောင့် ခေတ္တရပ်နားလိုက်ရပါ တယ်။
အဲဒီလိုရန်ကုန်တက္ကသိုလ်အနုပညာအသင်းကြီးကို စနစ်တကျတည်ထောင်ပြီး မြေတောင်မြှောက်အားပေး ချီးမြှင့်ခဲ့ကြတဲ့အတွက် ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့် ရွှေရတုသဘင်ပွဲကို ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်တိတိ ခမ်းနားကြီး ကျယ်စွာကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ ပြင်ပရောက်ကျောင်းသား ကျောင်းသူ ဟောင်းတွေအားလုံး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီ သဘင်ပွဲမှာ အနုပညာအသင်းက ဇာတ်ခုံ သုံးခုံ တည်ဆောက်ခဲ့ရာ ဝိဇ္ဇာခန်းမရှေ့မြက်ခင်းပြင်မှာတစ်စင်၊ မန္တလေးဆောင်ရှေ့မြက်ခင်းပြင်မှာတစ်စင်၊ ဆေး တက္ကသိုလ် မြက်ခင်းပြင်မှာတစ်စင်၊ ထို့အပြင် ဘွဲ့နှင်း သဘင်ခန်းမ၏ ဘယ်ဘက်နံဘေးတွင် ဂီတဖျော်ဖြေရေးစင်၊ အပန်းဖြေရိပ်သာထဲတွင် ဂီတပြိုင်ပွဲစင်များကို တည် ဆောက်ကာ အနုပညာအသင်းသူ အသင်းသားတွေက အဆို၊ အကပေါင်းစုံ၊ ပြဇာတ်များ၊ အငြိမ့်တွေနဲ့ အားရ ပါးရ စည်စည်ကားကား ဖျော်ဖြေပေးခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ်မှာ အဓိပတိလမ်းမကြီးနံဘေး၊ တက္ကသိုလ်စာကြည့်တိုက်နဲ့မျက်နှာချင်းဆိုင်မှာ တက္ကသိုလ် အပန်းဖြေရိပ်သာကိုတည်ဆောက်ပြီး အနုပညာအသင်းရုံး ခန်း၊ အကသင်တန်းခန်းမ၊ ပြဇာတ်ခန်း၊ စန္ဒရားခန်း၊ ပတ္တ လားခန်း၊စောင်းသင်တန်းခန်းတွေဖွင့်လှစ်၍ ယဉ်ကျေး မှုဌာနမှ ဆရာကြီး၊ ဆရာမကြီးတွေကို ပင့်ဖိတ်ပြီး သင်ကြားပို့ချပေးခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား တွေ ပါဝင်တီးမှုတ်ကြတဲ့ မြန်မာ့ဆိုင်းဝိုင်းကို ထူထောင် နိုင်ခဲ့ပြီး ၁၉၇၅-၇၆ ခုနှစ်လောက်မှစ၍ ဘွဲ့နှင်းသဘင် ခန်းမမှာ ကျင်းပသောဘွဲ့ပေးအပ်ပွဲတွေမှာ ယခင်က ပြင်ပဆိုင်းအဖွဲ့တွေကို ငှားရမ်းတီးစေရာမှ တက္ကသိုလ် အနုပညာဆိုင်းအဖွဲ့ကို တီးမှုတ်စေခဲ့တယ်။
တက္ကသိုလ်အနုပညာအသင်းမှ နှစ်စဉ်ပြဇာတ်သစ်တွေကို တင်ဆက်ခဲ့ကြရာ တို့ဆေး၊ မှတ်တိုင်ကလေးကိုတဲ့ ကား ပေါ်တင်၊ ကြေးမုံပြင် ဟာသပြဇာတ်တွေကို ကျောင်းသား ကျောင်းသူတွေက အထူးအားပေးနှစ်ခြိုက်ခဲ့ကြပါတယ်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့်ရွှေရတု သဘင်ပွဲကို တာဝန်ခံကျင်းပပေးခဲ့တဲ့ ထိုစဉ်က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာညီညီ (ယခုအခါ အမေရိကန်တွင် နေထိုင်လျက်ရှိ) ပြောခဲ့တဲ့ စကားလည်းရှိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ အငြိမ့် သည် ဘယ်ခါမှ ခွဲမရဆိုတဲ့ စကားပင် ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုရသော် ရန်ကုန်တက္ကသိုလ်ဟာ မည်သည့်အောင်ပွဲ အခမ်းအနားများတွင်မဆို အငြိမ့်နဲ့ ဧည့်ခံတဲ့ အစဉ်အလာရှိခဲ့တယ်ဟု ဆရာကြီးကပြောခဲ့ ကြောင်း အမေရိကန်နိုင်ငံတွင် ဆရာကြီးကို သွားရောက် အင်တာဗျူးလုပ်ခဲ့သော အငြိမ်းစား ဒုတိယပါမောက္ခချုပ် ဦးခင်မောင်ချိုက ပြောပြခဲ့ပါတယ်။ မှန်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ အဆောင် ညစာစားပွဲမှအစ တစ်နိုင်ငံလုံး ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းက Burma Police ပုလိပ်ကြီးအသင်း ကိုနိုင်ပြီး အောင်ပွဲခံခဲ့ရာ ရန်ကုန်တက္ကသိုလ် ဘောလုံး ကွင်းတွင် နာမည်ကျော်အငြိမ့်တွေနဲ့ ခြိမ့်ခြိမ့်သဲအောင်ပွဲခံ ခဲ့ကြပါတယ်။ ဒါကြောင့် လေဘာတီ မမြရင်တို့ခေတ်က လိုပင် အငြိမ့်မင်းသမီးများတွင် ကောလိပ်မြိုင်၊ ယူနီဗာ စီတီမြသန်းကြည်၊ ရွှေလိပ်ပြာမအေးကြည်၊ ယိုးဒယား ပြန်အမာစိန်၊ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတို့ဟာ တက္ကသိုလ် ကျောင်းသားတွေအကြားမှာ ရေပန်းစားခဲ့ကြတဲ့ အငြိမ့်မင်းသမီးတွေ ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် နဲ့အငြိမ့်ခွဲမရဆိုတဲ့စကားအတိုင်း ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီးပေါ်ပေါက်ပြီးနောက် ကျောင်းသား ကျောင်းသူတွေကိုယ်တိုင်ပါ အငြိမ့်မင်းသမီးတွေအဖြစ် ပါဝင်ကပြကြပြီး ကျောင်းသားတွေက လူရွှင်တော်တွေ လုပ်ကာ ကပြဖျော်ဖြေခဲ့ကြတဲ့ ကံ့ကော်မြိုင်အငြိမ့်ကို လည်း ဆရာဆရာမတွေ၊ ကျောင်းသားတွေက အထူး အားပေးခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် အနုပညာ အသင်းမှ မွေးထုတ်ပေးခဲ့သော အဆိုတော်တွေ၊ မင်းသမီး တွေ၊ လူရွှင်တော်တွေဟာ နောင်ကျောင်းပြီးသွားသောအခါ မြန်မာ့အနုပညာလောကတွင် ထင်ရှားကျော်ကြား အောင်မြင်သူတွေ အမြောက်အမြားပေါ်ထွန်းခဲ့ပါတယ်။ နှစ်ပေါင်း ၁၀၀ အတွင်း ထွန်းပေါက်ခဲ့တဲ့ စာပေနဲ့ အနု ပညာရှင်တွေရဲ့ အမည်စာရင်းကိုသာ ရေးချပြရမယ်ဆိုရင် ဆောင်းပါးမှာ အလွန်ရှည်လျားသွားမှာဖြစ်၍အမည်နဲ့ တကွ မဖော်ပြနိုင်တာကို နားလည်ခွင့်လွှတ်ပေးကြဖို့ စာဖတ်ပရိသတ်ကို တောင်းပန်အပ်ပါတယ်။
ဒါဟာ တကယ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ လောက် ကတည်းက နိုင်ငံတော်ရဲ့ဆော့ဖ်ပါဝါကို နိုင်ငံတော်ရဲ့ အမြင့်မားဆုံးပညာရေးအဖွဲ့အစည်းဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးက အမြော်အမြင်ကြီးမားစွာ တက္ကသိုလ်ကို ဦးဆောင်ခဲ့ကြတဲ့ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ ကထိကတွေ၊ ဆရာ ဆရာမတွေက ထူထောင်ခဲ့ကြခြင်း ရဲ့အကျိုးရလဒ်တွေပဲဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းတွေဖြစ်ပွားပြီးတဲ့နောက် မှာ တက္ကသိုလ်ကျောင်းတွေကို နိုင်ငံရေးအခြေအနေတွေ ကြောင့် ကျောင်းတွေ မကြာခဏပိတ်တာ၊ နှစ်ရှည်လများ ရန်ကုန်တက္ကသိုလ်ကို ပိတ်ထားတာတို့ကြောင့် ရန်ကုန် တက္ကသိုလ်အနုပညာအသင်းရဲ့ လှုပ်ရှားမှုတွေမရှိတော့ သလောက် နည်းပါးသွားခဲ့ရာမှ နောက်ဆုံးမှာ ပျောက် ကွယ်သွားတဲ့အထိ ရောက်ရှိသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ယခုအစိုးရလက်ထက် ရန်ကုန်တက္ကသိုလ်မှာ ပထမနှစ် ကစလို့ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း လက်ထက် ၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်အနုပညာ အသင်းရဲ့ ပန်းချီဌာနခွဲကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပန်းချီအသင်းသားဟောင်းတွေရဲ့ အင်တိုက်အားတိုက် ပါဝင်ကူညီပေးမှုကြောင့် ပန်းချီ ခန်းမမှာ ပန်းချီသင်တန်း တွေကို အပတ်စဉ်ဖွင့်လှစ်နိုင်ခဲ့တယ်။ ယခုဆိုလျှင် သင်တန်းသား ၁၀၀ကျော်ကို တန်းခွဲသုံးခုခွဲ၍ သင်ကြားပေး ရသည်အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။
အလားတူပဲ ၂၀၁၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာအတွင်းရှိ အနုပညာအသင်းခန်းတွေကိုပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အနုပညာအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာစာဌာနမှူး ပါမောက္ခဒေါက်တာ အောင်မြင့်ဦးက ဆောင်ရွက်ပြီး အကသင်တန်း၊ အဆို သင်တန်း၊ ပတ္တလားသင်တန်း၊ စောင်းသင်တန်းတွေကို အသင်းသားအသင်းသူဟောင်းတွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်။ သင်တန်းဖွင့်ပွဲ၊ သင်တန်း ဆင်းပွဲတွေကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ကွန်ပျူတာသိပ္ပံဌာနမှူး ပါမောက္ခ ဒေါက်တာစိုးမြမြအေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ သင်တန်းတွေကိုဆက်လက်ဖွင့်လှစ်ခဲ့ပြီး စန္ဒရားသင်တန်း ကိုပါ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ပြဇာတ်ပညာနဲ့ပတ်သက် ပြီး အကယ်ဒမီ ဒါရိုက်တာငြိမ်းမင်းနဲ့ သရုပ်ဆောင် လူရွှင်တော်အရိုင်းတို့က ဝိဇ္ဇာခန်းမမှာ ဟောပြောပို့ချ ပေးခဲ့ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်ဟာ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီးရဲ့ နှစ်၇၀ ပြည့်အချိန်ကျရောက် မှာဖြစ်လို့ ရန်ကုန်တက္ကသိုလ်အနုပညာအသင်းသားဟောင်းတွေ စုစည်းဖွဲ့စည်းကာ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ပြည့်ပွဲနဲ့အတူ နှစ်၁၀၀ပြည့်အထိမ်းအမှတ် ဟောပြောပွဲတွေ၊ ဂီတပြိုင်ပွဲတွေ၊ ဓာတ်ပုံနဲ့ ပန်းချီပြ ပွဲတွေ၊ ပဒေသာကပွဲတွေ၊ ပြဇာတ်တွေ၊ အငြိမ့်တွေ တင်ဆက်ဖျော်ဖြေနိုင်ဖို့ ကြိုးစားအားခဲထားခဲ့ကြပါ တယ်။ ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ ပြည့်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေးမှာ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် ရဲ့ပညာရေးကဏ္ဍကို မြှင့်တင်ရာတွင် စာသင်ကြားရေး တစ်ခုတည်းကိုသာ မြှင့်တင်ကြဖို့မဟုတ်ဘဲ စာပေ၊ အနုပညာနဲ့ အားကစားပညာရပ်တွေကိုလည်း တိုးမြှင့် လုပ်ဆောင်ပေးကြဖို့ ညွှန်ကြားပြောဆိုသွားခဲ့ပါတယ်။
ထို့ကြောင့် ယခင်က အစဉ်အလာရှိခဲ့တဲ့ ရန်ကုန် တက္ကသိုလ်အနုပညာအသင်းကြီးရဲ့ မြန်မာ့ရိုးရာ အကတွေ၊ မြန်မာရိုးရာတူရိယာတွေနဲ့ တီးခတ်မှု အတတ်ပညာ၊ မဟာဂီတသီချင်းတွေ၊ ပြဇာတ်တွေ စသည့် မြန်မာရိုးရာယဉ်ကျေးမှုအနုပညာတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမယ့်အပြင် အဆင့် အတန်းမြင့်မားတိုးတက်ဖို့၊ နိုင်ငံအနှံ့ နိုင်ငံတော်ရဲ့ ဆော့ဖ်ပါဝါအဖြစ် လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြ ပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။
- Log in to post comments