နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

 

နေပြည်တော် ဩဂုတ် ၅

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလ အတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း ၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့ အခြေအနေများကို အပြန်အလှန်ဆွေးနွေးသည်။

 

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ ယနေ့တွင် နိုင်ငံသားများအတွက် များစွာအရေးကြီးသည့် အခြေခံ အခွင့်အရေးနှစ်ခုနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပါ ကြောင်း၊ ပထမတစ်ခုသည် ကျန်းမာရေးဖြစ်ပါကြောင်း၊ ပြည်သူတိုင်း ကျန်းမာရေးကောင်းမွန်ရေးသည် မိမိတို့၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ ယင်းသည် ပြည်သူပြည်သား များ၏ရပိုင်ခွင့်ဖြစ်ပါကြောင်း၊ နောက်တစ်ခုသည် ရွေးကောက်ပွဲတွင်ပါဝင်၍ မဲပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ယင်းသည်လည်း နိုင်ငံသူနိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် တာဝန်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့သည် အဓိကကျပါ ကြောင်း။

 

များစွာအလေးထားရမည့်ကိစ္စ

 

နိုင်ငံသူ နိုင်ငံသားများ ဆန္ဒမဲသွားရောက်ပေးသည့် အခါတွင် လုံလုံခြုံခြုံရှိရန် ကိုဗစ်-၁၉ အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားခြင်းသည် ဒုတိယအဆင့်ဖြစ်ပါကြောင်း၊ ပထမအဆင့်သည် မဲသွားရောက်ပေးရန်အတွက် မဲစာရင်း မှန်ကန်ရန်လိုအပ်ပါကြောင်း၊ ယခုရက်သတ္တတစ်ပတ် နှစ်ပတ်အတွင်း မဲဆန္ဒရှင်စာရင်းများ မမှန်သည့်အကြောင်း၊ မပြည့်စုံသည့်အကြောင်း သတင်းများ များစွာထွက်ပေါ် လျက်ရှိကြောင်း၊ ယင်းမှာ များစွာအလေးထားရမည့် ကိစ္စ ဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများသည် ၁၈ နှစ်ပြည့်ပြီး တိုင်းရင်းသားမိဘနှစ်ပါးက ဖွားမြင်သည်ဆိုလျှင် မဲပေးပိုင် ခွင့်ရှိပါကြောင်း၊ မိမိ၏ အယူအဆသည် မဲပေးပိုင်ခွင့်ရှိသည် နှင့်အမျှ တာဝန်လည်းရှိပါကြောင်း၊ မိမိနိုင်ငံအတွက် တာဝန်ယူလိုသည့်စိတ်သည် လူတိုင်းလူတိုင်းတွင် ရှိရမည် ဖြစ်ပါကြောင်း၊ မိမိကြိုက်နှစ်သက်သည့်အတိုင်း မဲပေးရ မည်ဖြစ်ပါကြောင်း၊ မဲမပေးဘဲ ဟိုဟာကို မကြိုက်ဘူး၊ ဒီဟာကို မကြိုက်ဘူးဆိုပြီး ပြောနေခြင်းသည် အလွန် တာဝန်မဲ့ပါကြောင်း၊ ငါးနှစ်တွင် တစ်ရက်အချိန်ပေးရသည့် တာဝန်ကိုကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးက လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အများစုက ထိုကဲ့သို့လုပ် ဆောင်လိုသည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသား များ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ဌာနသုံးခုက ကူညီ ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အတွက် ဆောင်ရွက်ထားရှိမှုများကို အပိုင်း(၃)ပိုင်းဖြင့် ဆွေးနွေးတင်ပြလိုပါကြောင်း၊ ပထမပိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်တစ်ခုဖြစ် သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာ စီမံချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ အခြေခံပညာကျောင်းများ၊ စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ် ရုံများသို့ ကွင်းဆင်းပြီး ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ သစ္စာစီမံချက်ဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၅၇၂၀၀၀၀ ကျော် ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ရေး၊ တိကျမှန်ကန်သည့် မဲစာရင်းရရှိ ရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ ပေါင်းစပ် ညှိနှိုင်းပြီး လူဦးရေစာရင်း အချက်အလက်များ ကောက်ယူ ခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်း စီမံချက်ရေးဆွဲခဲ့ပါကြောင်း၊ ယင်းစီမံချက်တွင် လူဦးရေ စာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ စိစစ် ခြင်း၊ အခြေခံမဲစာရင်းပြုစုခြင်း၊ ပြောင်းလဲနေသည့် လူဦးရေ စာရင်းနှင့် အခြေခံမဲစာရင်းများကို ပြုစုခြင်း၊ ပြင်ဆင်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လုပ်ငန်းကြီးကြပ်ရေး အဖွဲ့၊ ခရိုင်အဆင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပါကြောင်း။

 

လက်ခံစိစစ်ပြုစုခဲ့

 

လုပ်ငန်းတာဝန်များကိုလည်း တိတိကျကျ သတ်မှတ် ပေးခဲ့ပြီး သင်တန်းပို့ချခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထူးခြားမှုအနေဖြင့် ယခု ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကောက်ယူခဲ့ရာတွင် မြေပြင်၌ အမှန်တကယ်ရှိနေသည့် ရှိကောက်စာရင်း ကို ကောက်ယူခဲ့ပါကြောင်း၊ ရရှိသည့်စာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှ လက်ခံစိစစ်ပြုစုခဲ့ ခြင်းဖြစ်ပါကြောင်း၊ ဇူလိုင် ၂၅ ရက် ရွေးကောက်ပွဲ ကော်မရှင်မှ ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းထုတ်ပြန် ကြေညာခဲ့ရာတွင် တချို့မဲဆန္ဒနယ်များ၌ လူဦးရေစာရင်း များ ကျန်ရှိနေခဲ့မှု၊ အချက်အလက်အချို့ မှားယွင်းနေမှု၊ မပါဝင်သင့်သူများ ပါဝင်နေမှု၊ မှတ်ပုံတင်နံပါတ်များထပ်နေမှု၊ လွဲမှားနေမှုနှင့် ကွက်လပ်ဖြစ်နေမှုများကိုလည်း တွေ့ရှိရပါ ကြောင်း။

 

ယခုမဲစာရင်းထုတ်ပြန်မှုသည် ပထမအကြိမ်ဖြစ်ပါ ကြောင်း၊ ပထမအကြိမ်အပေါ် ပြည်သူများကြည့်ပြီး လိုအပ် ချက်များကို ပြင်ဆင်မှုပြုလုပ်၍ အောက်တိုဘာလတွင် ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်သွားမည်ကို ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားပါကြောင်း၊ ထိုသို့ထပ်မံထုတ်ပြန် မည့် မဲစာရင်းများတွင် ပိုမိုတိကျမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမည့် စီမံချက်ကိုလည်း ရေးဆွဲ ပြီးဖြစ်ပါကြောင်း၊ ယင်းစီမံချက်တွင် လုပ်ငန်းအဖွဲ့(၃) ဖွဲ့ခွဲ ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

လုပ်ငန်းအဖွဲ့(၃)ဖွဲ့၏ ဆောင်ရွက်သွားမည့် လုပ်ငန်း များသည် ပထမလုပ်ငန်းအဖွဲ့အနေဖြင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် မိမိတို့ဌာနမှ ဝန်ထမ်းများပူးပေါင်းပြီး မဲစာရင်းများကို ပြန်လည်တိုက်ဆိုင်စိစစ်ကာ ပြည်သူများတင်ပြလာသည့် ပြင်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒုတိယလုပ်ငန်းအဖွဲ့အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု များမှ မဲစာရင်းများကို ကောက်ယူမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းများကို လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် မဲစာရင်း ပြင်ဆင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တတိယအဖွဲ့အနေဖြင့် မြို့နယ်ဦးစီးမှူးရုံး၌ အခြေစိုက်ပြီး ရုံးသို့လာရောက်ဆောင်ရွက်သည့် မဲဆန္ဒရှင် များအတွက် လိုအပ်သည့်လုပ်ငန်းများကို ယင်းကာလတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 

ကွင်းဆင်းဆောင်ရွက်မည်

 

ယင်းလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာတွင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ပြည်သူလူထုအား အသိပညာပေးခြင်းများကိုလည်း တစ်ပြိုင်နက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ် များကို ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မလုပ်ရသေးသူ များနှင့် မရှိသူများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု များနှင့် ကြိုတင်ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက် ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များကိုလည်း မိမိဌာနမှဝန်ထမ်း များ တိတိကျကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ပြည်သူများကိုလည်း အသိပညာပေးပြီး တိတိ ကျကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာ သည့် ပြည်ပရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ် သမားများကိုလည်း လက်ခံလျက်ရှိပါကြောင်း၊ နယ်စပ်ဂိတ် များမှ ဝင်ရောက်လာသူ စုစုပေါင်း ၁၄၁၅၃၉ ဦး ရှိပါကြောင်း၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက်လာ သူ ၂၄၂၃ ဦးရှိပြီး စုစုပေါင်း ၁၄၃၉၆၂ ဦးရှိပါကြောင်း၊ ထိုသို့ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမားများ ကိုလည်း သက်ဆိုင်ရာဒေသများတွင် ဆန္ဒမဲပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေ့ပြောင်း လုပ်သားများ၏ နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့လည်း စာရင်းများပေးပို့ပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း။

 

စီစဉ်ဆောင်ရွက်လျက်ရှိ

 

ထို့အတူ ပြည်ပနိုင်ငံများတွင်ရှိသည့် မြန်မာအလုပ် သမားများကိုလည်း သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ပြည်ပရောက်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပိုင်း(၂)အနေဖြင့် ယခုကာလသည် ကိုဗစ်ကာလဖြစ်သည့် အတွက် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရသည့်အတွက် ကန့်သတ်ချက် များနှင့် စိန်ခေါ်မှုများရှိခဲ့ပါကြောင်း၊ ထို့ပြင် မိုးတွင်းကာလ ဖြစ်သည့်အတွက် သွားလာလှုပ်ရှားမှုများတွင်လည်း ကန့်သတ်ချက်များရှိပါကြောင်း၊ ပြည်ပသို့ ရောက်ရှိနေသူ များ၏ အချက်အလက်များကို နယ်သို့သွားရောက်၍ ကောက်ခံရာတွင် ကျန်နေရစ်သူများက အချက်အလက်များ ကို တိကျစွာမဖြေကြားနိုင်သည်ကိုလည်း တွေ့ရပါကြောင်း၊ အခြားဒေသသို့ ကာလရှည်သွားရောက်နေထိုင်ပြီး ပုံစံ ၁၀ ရွှေ့ပြောင်းမှုမရှိခြင်းကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခဲ့ မှုမရှိသည်ကိုလည်း သိရပါကြောင်း၊ ပြည်သူများအနေဖြင့် လည်း မိမိတို့၏မွေးသက္ကရာဇ်ကို မမှတ်မိခြင်းများလည်း ရှိပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးသည့်အခါ လာရောက်ပြီး လုပ်ဆောင်နိုင်မှုမရှိခြင်းနှင့် ခရီးလွန်နေခြင်း များရှိပါကြောင်း၊ အချို့ဒေသများတွင်လည်း လုံခြုံရေးအရ ကန့်သတ်ချက်များရှိနေသည့်အတွက် ယင်းဒေသမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ လုံခြုံရေးအဖွဲ့အစည်းတို့နှင့် ညှိနှိုင်းခွင့်ပြုချက်ရယူပြီး သွားရောက်ရသည့် အခြေအနေ များရှိပါကြောင်း။

 

ကိုဗစ်ကာလတွင် ရွှေ့ပြောင်းအလုပ်သမားများအနေ ဖြင့် နေရပ်ပြောင်းရွှေ့မှု များပြားနေပါကြောင်း၊ ပြည်တွင်း တွင်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမားများပါ နေရပ်ဒေသပြောင်းရွှေ့မှုများပြားနေသည့်အတွက် မဲဆန္ဒ ရှင်စာရင်းများသည်လည်း အမြဲတမ်းပြောင်းလဲနေခြင်း ဖြစ်ပါကြောင်း၊ ယင်းအခက်အခဲများကို သက်ဆိုင်ရာ အဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းပြီး လာမည့် ကာလတွင် တိတိကျကျဖြစ်အောင်၊ ကျော်လွှားနိုင်အောင်၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင် အောင် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါ ကြောင်း၊ အပိုင်း(၃)အနေဖြင့် မြန်မာ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ နယ်စပ်ထွက်ပေါက်များမှ မြန်မာရွှေ့ပြောင်းအလုပ်သမား များ ပြန်လည်ဝင်ရောက်လာသည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တိတိကျကျ စစ်ဆေးပြီး ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အတူ ကယ်ဆယ် ရေးလေယာဉ်များနှင့် ပြန်လည်ရောက်ရှိလာကြသူများကိုလည်း ပြန်လည်ရောက်ရှိသည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြားသော ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စနစ်တကျ စိစစ်ပြီးမှ ဝင်ရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း။

 

ကြိုးပမ်းလုပ်ဆောင်မည်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ ၃ ခု ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများ၏ ပူးပေါင်းမှု စွမ်းအားကိုရယူ၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင် စာရင်းတွင် ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တက်တက်ကြွကြွ ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၁ဝ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုစာရင်းပေါ် အခြေခံ၍ ကောက်ယူခဲ့ပါကြောင်း၊ ထိုသို့ စာရင်းကောက်ယူသည့်အခါ အိမ်ထောင်စုစာရင်းတွင်ရှိသော်လည်း ယင်းနေရာ၌ လူမရှိခြင်းများ ကြုံတွေ့ရပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်ရှိ သော်လည်း အိမ်ထောင်စုစာရင်းတွင် မပါရှိခြင်းများရှိနေပါ ကြောင်း၊ တချို့သည် အိမ်ထောင်စုစာရင်းနှစ်ခုရှိနေသည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့ကြောင့် ယခုအကြိမ်တွင် အိမ်ထောင်စုစာရင်းကို လုံးဝအခြေမခံဘဲ အမှန်တကယ်နေ ထိုင်သူများ၏ စာရင်းကိုကောက်ယူပါကြောင်း၊ အိမ်ထောင်စု စာရင်းရှိလျှင် အိမ်ထောင်စုစာရင်းအတိုင်း ကောက်ယူပါ ကြောင်း၊ အိမ်ထောင်စုစာရင်းရှိသော်လည်း လူမရှိလျှင် မကောက်ယူပါကြောင်း၊ လူရှိပြီး အိမ်ထောင်စုစာရင်းမရှိ လျှင်လည်း စာရင်းကောက်ယူပါကြောင်း၊ ယခုကောက်ယူ သည့်နည်းသည် မဲဆန္ဒရှင်စာရင်းဦးရေ ဖောင်းပွခြင်းမရှိနိုင် ပါကြောင်း၊ သို့သော် မဲဆန္ဒရှင်စာရင်း ကပ်လိုက်သည့်အခါ အမှားအယွင်းများ များလာသည်ကို တွေ့ရှိရပါကြောင်း၊ ယခုမဲစာရင်းကပ်သည့်အခါတွင် မဲပေးခွင့်ရှိသူစာရင်း ၃၇ သန်း ၅ သိန်းကျော်ရရှိပါကြောင်း၊ မဲစာရင်းလာကြည့်ရှုသူမှာ ၆ သန်း ၆ သိန်းကျော်ရှိပါကြောင်း၊ လာရောက်ကြည့်ရှုပြီး နောက်ပုံစံ(၃)ဖြင့်တောင်းဆိုသည့် ဦးရေ ၂ သိန်း ၁ သောင်း ကျော် ရှိပါကြောင်း၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူဦးရေ ၆ သောင်း ၆ ထောင်ကျော်ရှိပါကြောင်း၊ အချက်အလက် မှားယွင်းသည့်အတွက် ပုံစံ(၄-ဂ)ဖြင့် တင်ပြလာသူဦးရေ ၁ သိန်း ၅ သောင်း ကျော်ရှိပါကြောင်း။

 

အမြန်ဆုံးဖြည့်သွင်းသွားမည်

 

မိမိအနေဖြင့် ယခုတောင်းဆိုထားသည်များကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး အမြန်ဆုံး ဖြည့်သွင်းသွားမည်ဖြစ် ကြောင်း၊ ထိုသို့ ဖြည့်သွင်းပြီးနောက် လွှတ်တော်ကိုယ်စား လှယ်လောင်းများထံ ၎င်းတို့၏ မဲဆန္ဒရှင်များထဲမှ မည်သူ များကျန်ရှိနေသည်ကို သိရှိရန် ပြုပြင်ပြီးမဲစာရင်းများကို ပေးပို့ရန် အစီအစဉ်ရှိပါကြောင်း။

 

မဲဆန္ဒရှင်များ မဲပေးသည့်အခါ ကျန်းမာရေးအရ လုံလုံ ခြုံခြုံဖြင့် မဲပေးနိုင်ရေးသည် အဓိကစဉ်းစားရမည့် ကိစ္စဖြစ် ပါကြောင်း၊ မဲဆန္ဒရှင်များ၏ ကျန်းမာရေးအတွက်ပါ စဉ်းစား ပြီး စီစဉ်ရမည့်ရွေးကောက်ပွဲဖြစ်ပါကြောင်း။

 

မိမိတို့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကြီးကို မဲဆန္ဒရှင် များ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့်ပျော်ရွှင်ချမ်းမြေ့စွာ လာရောက်မဲပေးနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး မဲဆန္ဒရှင်များ မဲပေးသည့်နေရာတွင် မည်သို့လုံခြုံစေမည်၊ မည်သို့လုပ်ဆောင်ရမည်၊ ဆောင်ရန်နှင့် ရှောင်ရန်များကို ညှိနှိုင်းခဲ့ပါကြောင်း၊ ထိုညှိနှိုင်းချက်များအရ လက်တွေ့ သရုပ်ပြ မဲရုံလုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ မဲရုံမှူး၊ မဲရုံအဖွဲ့ ဝင်များအားလုံးသည် မျက်နှာဖုံးကာဘာများ၊ နှာခေါင်းစည်း များနှင့် လက်အိတ်များလည်းတပ်ထားမည်ဖြစ်ကြောင်း၊ မဲရုံအတွင်းထိုင်ခုံများကိုလည်း ၆ ပေအကွာ ထားရှိမည် ဖြစ်ပါကြောင်း၊ မဲရုံထဲတွင် မဲဆန္ဒရှင်များ တစ်ယောက်နှင့် တစ်ယောက် ၆ ပေအကွာရပ်ရန် အမှတ်အသားများ မှတ်ထားပြီး မဲရုံများကိုပြင်ဆင်ထားပါကြောင်း။

 

ပြန်လည်စဉ်းစားသုံးသပ်သွားမည်

 

မဲရုံပြင်ပတွင် မဲဆန္ဒရှင်များလာသည့်အခါ ကြည့်နိုင် မည့် မဲနမူနာများ၊ ပယ်မဲနမူနာများ၊ ခိုင်လုံသည့် မဲနမူနာ ပုံစံများကပ်ထားပါကြောင်း၊ မဲရုံအတွင်းသို့ဝင်မည်ဆိုလျှင် လက်ဆေးပြီး အပူချိန်တိုင်းကာ ဝင်ရောက်ရမည်ဖြစ် ကြောင်း၊ မဲရုံအဝင်ဝတွင် တစ်ခါသုံးလက်အိတ်များထား ရှိထားပြီး မဲဆန္ဒရှင်များကိုယ်တိုင်ယူရမည်ဖြစ်ကြောင်း၊ မဲရုံအတွင်းသို့ ရောက်ရှိသည့်အခါ မဲလက်မှတ်ထုတ်ပေး သူရှေ့တွင် မဲလက်မှတ်တောင်းဆိုရမည်ဖြစ်ကြောင်း၊ ထိုသို့ တောင်းဆိုသည့်အချိန်တွင် မဲလက်မှတ်ထုတ်ပေးသူသည် မဲဆန္ဒရှင် မှန်၊ မမှန်မေးမြန်း စိစစ်ပြီး မှန်လျှင် မဲလက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုမဲလက်မှတ်ကိုယူပြီး မဲပေး ခန်းသို့ သွားရမည်ဖြစ်ပါကြောင်း၊ လျှို့ဝှက်မဲပေးခန်းတွင် သတ်မှတ်ထားသည့် တံဆိပ်တုံးဖြင့် မိမိကြိုက်သည့် လွှတ်တော်ကိုယ်စားလှယ်အား နှိပ်ရမည်ဖြစ်ကြောင်း၊ လက်အိတ်များဖြင့် တံဆိပ်တုံးနှိပ်ရာတွင် တိကျမှုရှိစေရေး ကို ပြန်လည်စဉ်းစားသုံးသပ်သွားမည် ဖြစ်ပါကြောင်း။

 

မဲပေးလာသူများသည် တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာနေ၍ မဲပေးကြရမည်ဖြစ်သောကြောင့် အချို့နေရာ များတွင် မဲရုံများတိုးချဲ့ထားပါကြောင်း၊ မဲဆန္ဒရှင်များသည့် နေရာများတွင် မဲပေးရန် နှစ်ဆိုင်းသုံးဆိုင်းခွဲထားပါကြောင်း၊ မဲပေးရန် တစ်ဦးလျှင် ၇ မိနစ် ကြာမြင့်ပါကြောင်း၊ မဲပေးချိန် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ တစ်ဦးလျှင် ခုနစ်မိနစ် နှုန်းဖြင့် တွက်ကြည့်သည့်အခါ မဲပေးသည့်နေရာတွင် လူဦးရေ ၇၀ဝ ထက်မပိုလျှင် အဆင်ပြေမည်ဟု ယူဆသည့် အတွက် မဲဆန္ဒရှင်များကို အဆိုင်းလိုက် စီစဉ်ထားပါကြောင်း၊ အချို့မဲရုံများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် အားကစား ကွင်းများတွင် စီစဉ်ထားပါကြောင်း။

 

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ အများမဲပေးကြရာ၌ အချို့နေရာများတွင် ညနေ ၄ နာရီ ထက်ကျော်လွန်ပါကြောင်း၊ ငါးနာရီ၊ ခြောက်နာရီမှ ပြီးသည့် နေရာများရှိပါကြောင်း၊ မဲရုံပရဝဏ်သို့ ညနေ ၄နာရီအတွင်း ရောက်ရှိသူများကို ၎င်းတို့ မဲပေးပြီးသည်အထိ ဆောင်ရွက် ပေးရပါကြောင်း၊ အဓိကမှာ ညနေ ၄ နာရီအတွင်း ရောက်ရှိ ပါက မဲပေးသည့် လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၄ နာရီမထိုးမီ မဲရုံပရဝဏ်အတွင်းသို့ အရောက်လာရန် လိုအပ်ပါကြောင်း၊ မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ မည်သို့ဆောင်ရွက်ရမည်ကို ညှိနှိုင်းဆွေးနွေးပြီး ကြိုတင်အသိပေးသွားမည်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က မဲစာရင်းမှန် ကန်ရေးအတွက် ပြင်ဆင်မှုနှင့်ပတ်သက်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အခန်းကဏ္ဍကို ဦးစွာတင်ပြလိုပါ ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအသီးသီးကို ဖွဲ့စည်းထားပါ ကြောင်း၊ ယင်းအဖွဲ့အစည်းများတွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ် အားလုံးကို ကူညီပံ့ပိုးဆောင်ရွက်ရပါကြောင်း။

 

တိတိကျကျ ညွှန်ကြားထား

 

ကိုဗစ်-၁၉ ကာလ၌ ရောဂါစစ်ဆေးကုသသည့် လုပ်ငန်းမှလွဲ၍ ကျန်သည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် မိမိတို့ဦးစီးဌာနက ဝင်ရောက်ဆောင်ရွက်လျက်ရှိသည့် အတွက် ဝန်ထမ်းများအနေဖြင့် သင်ခန်းစာများနှင့် အတွေ့ အကြုံများရရှိခဲ့ပါကြောင်း၊ ယင်းအတွေ့အကြုံများအပေါ် တွင် အခြေခံပြီး မဲဆန္ဒရှင်များနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကူညီပံ့ပိုးရမည့် လုပ်ငန်းများ အား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်း များ မှန်ကန်ရေးသည် များစွာအရေးကြီးသည့်အချက်ဖြစ် သည်ကို လက်ခံကျင့်သုံးနေပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သမ္မတရုံးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား များအားလုံး မဲပေးပိုင်ခွင့်ရှိရေး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ လုပ်ငန်းများကို အားလုံးဝိုင်းဝန်းကူညီဆောင် ရွက်ပေးရန် တိတိကျကျ ညွှန်ကြားထားပါကြောင်း။

 

မဲစာရင်းများ မှားယွင်းခြင်း၊ မပြည့်စုံခြင်းတို့နှင့် ပတ်သက်၍ အခြေခံ အကြောင်းရင်းများရှိပါကြောင်း၊ မဲစာရင်းကောက်ယူသည့် စနစ်ပုံစံအရရှိသည့်လူကို သွားရောက်ကောက်ခံပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့ဖြင့် သွားရောက်ကောက်ခံပါ ကြောင်း၊ သွားရောက်ကောက်ခံသည့်အခါတွင် သံတူ ကြောင်းကွဲစကားလုံးများ ထည့်သွင်းရေးသားရာ၌ မှားယွင်းမှုများရှိခြင်း၊ ရပ်ရွာဓလေ့အရ နာမည်အရင်းကို မပြောပြဘဲ ငယ်နာမည်ကိုပြောခြင်း၊ လယ်တောထဲ၌ သွားရောက်အလုပ်လုပ်ကိုင်နေသည့်အတွက် သွားရောက် ကောက်ခံသည့်အခါ မတွေ့ခဲ့၍ အမည်စာရင်း မပါဝင်ခြင်း များရှိပါကြောင်း၊ အကြောင်းရင်းများကိုသိရှိပါက ပူးပေါင်းဖြေရှင်း၍ ရပါကြောင်း၊ ပြည်သူလူထုအနေဖြင့် လည်း အကြောင်းရင်းကို သိမည်၊ သေချာစွာ ရှင်းပြ မည်ဆိုလျှင် မဲစာရင်းမှန်ကန်ရေးဆောင်ရွက်ချက်များကို များစွာအထောက်အကူပြုမည်ဟု ထင်မြင်မိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲစာရင်းများမှားယွင်းသည့်ကိစ္စ အတွက် ပြင်ဆင်ရေးအဖွဲ့များ ဖွဲ့စည်း၍ စတင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာလတွင် ဒုတိယအကြိမ်အဖြစ် မဲစာရင်း ထပ်မံကြေညာသည့်အခါ ယခုကြုံတွေ့နေရသည့် မဲစာရင်း မှားယွင်းမှုများ၊ မပြည့်စုံမှုများကို ဖြေရှင်းပြီး ဖြစ်စေရန် စနစ်တကျ စီမံချက်ချ၍ ဆောင်ရွက်ထားပါကြောင်း။

 

အသိပညာပေးရန် စီစဉ်ထား

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ များ သွားရောက်မဲပေးသည့်အခါ ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး အသိ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ သွားရောက်မဲပေးသည့်အခါ မည်သို့ လုပ်ဆောင်ရမည်ဆိုသည့် ကိစ္စများနှင့် ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ထားသည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရပ်ကွက်ကျေးရွာများ အတွင်း Volunteer များက အသံချဲ့စက်များ၊ လက်ကိုင် စပီကာများဖြင့် လိုက်လံအသိပညာပေးရန် စီစဉ်ထားပါ ကြောင်း။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကောင် အထည်ဖော်ဆောင်ရွက်မည့် ကိစ္စအားလုံး၏ အုပ်ချုပ်ရေးအခြေခံလုပ်ငန်းစဉ်များကို မိမိတို့ဦးစီးဌာနမှ ဝန်ထမ်းများ က ဖြည့်ဆည်းလုပ်ကိုင်ပေးရပါကြောင်း၊ မဲစာရင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အချက်အလက်များ၊ မဲစာရင်းမှားယွင်းမှုများ၊ မပြည့်စုံမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အခက်အခဲများရှိလာပါက မိမိတို့ဦးစီးဌာနမှ ဝန်ထမ်းများကို ဆက်သွယ်အကူအညီ တောင်းခံရန် ပြည်သူ လူထုကို တင်ပြလိုပါကြောင်း၊ ထိုသို့ အကူအညီတောင်းခံ လာပါက မိမိတို့၏ဝန်ထမ်းများအနေဖြင့် ကော်မရှင်က သတ်မှတ်ထားသည့် နည်းဥပဒေ၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အခက်အခဲများကို ကူညီဖြေရှင်းသွား ရန် အသင့်ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေခြင်း သည် နိုင်ငံရေးအရတင် မဟုတ်ပါကြောင်း၊ နိုင်ငံ၏အရေး အရကို အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စင်ကာပူနိုင်ငံရွေးကောက် ပွဲနှင့် ကိုရီးယားနိုင်ငံရွေးကောက်ပွဲများကို လေ့လာခဲ့သည် ဟု သိရှိရပါကြောင်း၊ အဆိုပါနိုင်ငံများ၏ ရွေးကောက်ပွဲများ သည် ချောချောမွေ့မွေ့အဆင့်မီမီဖြင့် ပြီးစီးခဲ့ကြောင်းကို တစ်ကမ္ဘာလုံးက လက်ခံပါကြောင်း၊ ယင်းနိုင်ငံများသည် အလွန်ချမ်းသာသည့် နိုင်ငံများဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ သည် ယင်းနိုင်ငံများကဲ့သို့ ချမ်းသာသည့်နိုင်ငံ မဟုတ်ပါ ကြောင်း၊ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က အခြားနိုင်ငံများ က အရင်းအမြစ်နည်းပါးသည့် မိမိတို့ကဲ့သို့ နိုင်ငံတစ်နိုင်ငံ က အဆိုပါကပ်ရောဂါအား ထိန်းချုပ်နိုင်၊ မထိန်းချုပ်နိုင်ကို သံသယရှိခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့နိုင်ငံသည် ကပ်ရောဂါကို ယခုအချိန်အထိ ထိန်းချုပ်ထားနိုင်သည်ကို လက်ခံလာပါကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်သည် မပြီးဆုံးသေးပါ ကြောင်း၊ မည်သည့်အချိန်အထိ ကြာမြင့်နေမည်ကိုလည်း မသိသေးပါကြောင်း၊ ယင်းကာလထဲတွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိပါကြောင်း။

 

အားလုံးပူးပေါင်းဆောင်ရွက်

 

မိမိတို့ပြည်သူပြည်သားများ၏ အခွင့်အရေးနှင့် တာဝန်အရ၊ နိုင်ငံ၏သိက္ခာအရ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်၊ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် ကျင်းပနိုင်သည်ကို ပြသလိုပါကြောင်း၊ မိမိတို့ နိုင်ငံသူနိုင်ငံ သားများ၏ အရည်အချင်းသည် ငွေရေးကြေးရေးပေါ်တွင် သာ အခြေခံခြင်းမဟုတ်ဘဲ တာဝန်သိမှု၊ စည်းကမ်းထိန်း သိမ်းမှု၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုအပေါ်တွင်သာ အခြေခံ ပြီး အောင်မြင်အောင် လုပ်ဆောင်သွားသည်ကို ပြသလိုပါ ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ အားလုံးပူးပေါင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲတွင် ပြည်သူ များ၏ အခွင့်အရေး အပြည့်အဝရရှိရေးနှင့် တာဝန်ကျေပွန် ရေးတို့ကို အပြည့်အဝထမ်းဆောင်သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း။

 

လူတစ်ယောက်၏ ဘဝတွင် အသက် ၁၈ နှစ်ကစပြီး မဲပေးမည်ဆိုလျှင် ရွေးကောက်ပွဲကို ၅ နှစ် တစ်ကြိမ် ကျင်းပ သည့်အတွက် အသက် ၈၀ အထိ နေနိုင်မည်ဆိုပါက ၁၂ ကြိမ်သာ မဲပေးပိုင်ခွင့်ရှိပါကြောင်း၊ ထို့ကြောင့် အသက် ၈၀ အတွင်းတွင် မိမိနိုင်ငံ၏ အနာဂတ်အတွက်၊ မိမိနိုင်ငံ၏ တိုးတက်မှုအတွက် ရွေးကောက်ပွဲအရ လူတစ်ယောက် လုပ်ပိုင်ခွင့်သည် တစ်သက်တွင် ၁၂ ကြိမ်သာရှိပါကြောင်း၊ ယင်း ၁၂ ရက်ကို အကောင်းဆုံးဖြစ်အောင် အသုံးချစေလိုပါ ကြောင်း၊ အကောင်းဆုံးအသုံးချနိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ကူညီရန်တာဝန်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးပေးကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများ ယုံကြည်နိုင်အောင်၊ ပြည်သူများ ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။

 

မဲစာရင်းတွင် ပါ၊ မပါနှင့် မဲစာရင်း မှား၊ မမှား လာရောက် ကြည့်ရှုစစ်ဆေးသူများ အလွန်များသည်ဆိုသည့် အချက်သည် ကောင်းမွန်သည့်လက္ခဏာဖြစ်ပါကြောင်း၊ယင်းအချက်သည် ရွေးကောက်ပွဲပေါ်တွင် ပြည်သူများ စိတ်ဝင်စားမှုရှိကြောင်း၊ ရွေးကောက်ပွဲ၏အရေးပါမှုကို အသိအမှတ်ပြုနားလည်ကြောင်းကို ပြသခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို အောင်အောင်မြင် မြင်ဖြင့် ကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယုံကြည် သည့်အတိုင်း ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေး ကြမည်ဟု ကြားသိရသဖြင့် အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

 

သတင်းစဉ်