
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Climate Ambition Summit ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ကြေညာခဲ့
=================================================================================================================================
နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပြောကြား ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန် ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ကြေညာခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ပါရီသဘောတူညီချက် (၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ၊ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ချီလီနိုင်ငံ၊ အီတလီနိုင်ငံတို့နှင့် မိတ်ဖက်ပူးပေါင်း ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံသည် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် (Nationally Determined Contribution - NDC) ကို ယခုနှစ် မကုန်မီ တင်သွင်းသွားရန် ရည်မှန်း ထားကြောင်း ကြေညာခဲ့ပြီး အဆိုပါ လုပ်ငန်းအစီအစဉ်အရ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ပါဝင်မှုအချိုးကို ၃၉ ရာခိုင်နှုန်း တိုးမြှင့်ခြင်းနှင့် သစ်တော ကဏ္ဍမှ ကာဗွန်အသားတင် ထုတ်လွှတ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချခြင်း တို့မှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှတ်မှုပမာဏ တန်ချိန် ပေါင်း ၂၄၃ သန်းလျှော့ချရန် မျှော်မှန်းကြောင်း၊ ထို့ပြင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုနှင့်ပတ်သက်၍ စွမ်းအင်ကဏ္ဍတွင် တန်ချိန်ပေါင်း ၁၀၅ ဒသမ ၂ သန်းနှင့် သစ်တောကဏ္ဍတွင် တန်ချိန်ပေါင်း ၁၂၃ ဒသမ ၆ သန်း အသီးသီး လျှော့ချသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေရေး လုပ်ငန်းစီမံချက် (National Adaptation Plan) ကို ၂၀၂၄ ခုနှစ်တွင် အပြီးရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာဗွန်စုပ်ယူမှုမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ စုစုပေါင်း နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တိုးမြှင့်သတ်မှတ်ရေးအတွက် နိုင်ငံအဆင့်ရည်မှန်းချက်များ ချမှတ်ထားကြောင်း၊ သစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်း ၂၀၁၇-၂၀၂၇ နှင့်အညီ မြေဧရိယာဟက်တာ သုည ဒသမ ၅၉ သန်းရှိ ကြိုးဝိုင်းသစ်တောများကို ထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင်မြေများ၏ မြေဧရိယာဟက်တာ သုည ဒသမ ၂၅ သန်းတွင် သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ထို့ပြင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့်ပတ်သက်၍ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ လူနေအိမ်ရာများတွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကုန်သွယ် စီးပွားရေးကဏ္ဍတွင် ၄ ရာခိုင်နှုန်းနှင့် အခြားကဏ္ဍများတွင် ၁ ဒသမ ၃၆ ရာခိုင်နှုန်း တိုးမြှင့်ဖော်ဆောင်သွားရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၁-၂၀၃၀ ကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၅ ဒသမ ၉၉ သန်းနီးပါး လျှော့ချနိုင်ရေးအတွက် ထင်းသုံးစွဲမှုလျော့နည်းသည့် စွမ်းအား မြှင့်မီးဖို ၅ ဒသမ ၁ သန်း ဖြန့်ဖြူးသွားရန် စီစဉ်ထားရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိပ်သီးအစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ နိုင်ငံပေါင်း (၇၅) နိုင်ငံမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များက ဗီဒီယိုဖြင့် မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပြီး ရာသီဥတုပြောင်းလဲမှုတုံ့ပြန်ဖြေရှင်းရေးနှင့် ပါရီ သဘောတူညီချက် အကောင်အထည်ဖော်ရေးတို့အတွက် ကတိကဝတ်အသစ် များ ကြေညာခဲ့ကြသည်။
သတင်းစဉ်