
နေပြည်တော် နိုဝင်ဘာ ၂၉
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ် မူတည်လျက် ရှိကြောင်း၊ ထို့ကြောင့် ကောင်းမွန်သည့် ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် ယင်းစနစ်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်မွေးထုတ် ပေးရန် လိုအပ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခု ဖွင့်လှစ်ပို့ချမည့်သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသိကောင်းစရာများ၊ မြန်မာ နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ပြုပြင် ပြောင်းလဲရေး၊ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲ ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည်များ စာရင်းလျာထား ဆောင်ရွက်ခြင်းနှင့် စာရင်းပြုစုခြင်း၊ နိုင်ငံပိုင်စီးပွား ရေးအဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုနှင့် အရ အသုံးခန့်မှန်းခြေ ရေးဆွဲတင်ပြရာတွင် လိုက်နာ ရမည့်အချက်များ၊ ပြည်ပချေးငွေနှင့် ပြည်ပအကူအညီ ရယူခြင်း၊ နိုင်ငံခြားငွေသုံးစွဲခြင်းဆိုင်ရာ လိုက်နာ ရမည့်အချက်များ၊ စီမံကိန်းစိစစ်ခြင်းနှင့် စောင့်ကြည့် ကြီးကြပ်ခြင်း၊ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေး သတင်းအချက်အလက်များ၊ စာရင်းပေါင်းချုပ်ပြုစု ရေးနှင့် အစီရင်ခံခြင်း၊ ဘဏ္ဍာရေးစာရင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း စသည့်ဘာသာရပ်များကို သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် ဆွေးနွေး ပို့ချသည့် သင်ခန်းစာများအပေါ် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ကျင့်သုံး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော် ၏ ဦးစားပေးမူဝါဒအရဆောင်ရွက်မည့် စီးပွားရေး ကဏ္ဍများကို ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစွမ်းရည် ဖြင့် ပံ့ပိုးဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ် သော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်း စစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲ မှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာန အကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်း သား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄) သို့ ဗဟိုအဖွဲ့ အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ညွှန်ကြား ရေးမှူးအဆင့် အရာထမ်း သင်တန်းသား/သင်တန်း သူ ၃၂ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် လေးပတ် ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်