
နေပြည်တော် ဧပြီ ၅
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခြေခံကျသော ပညာရေးကဏ္ဍ မြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ သာယာလှပစေရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းလျက်ရှိပြီး ကျောင်းသား၊ ဆရာ၊ မိဘတို့ကလည်း ကျရာအခန်း ကဏ္ဍတို့တွင် ဝမ်းပန်းတသာ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် အတန်းပညာရပ်များကို အောင်မြင်စွာ သင်ကြား နိုင်ခဲ့ပြီး အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ကျောင်းသား၊ ဆရာ၊ မိဘတို့၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ ပညာရည်မြင့်မားရေးတို့အတွက်
ကြိုးပမ်း ဆောင်ရွက်နေမှုအပေါ် NUG၊ PDF အမည်ခံ အကြမ်းဖက် သမားများက ပျက်စီးရာပျက်စီး ကြောင်း စိတ်ဓာတ်ဖြင့် မြို့နယ် အချို့ရှိ ပညာရေးအဆောက် အအုံများအား မိုင်းထောင်ဖောက်ခွဲ ခြင်းနှင့် စာမေးပွဲအဖြေလွှာ များအား ဖျက်ဆီးခြင်းများ ပြုလုပ် သည့်အပြင် ပညာရေးဆိုင်ရာ ဝန်ထမ်းများကိုလည်း ရက်စက်စွာ သတ်ဖြတ်ခြင်းများ ကျူးလွန် လုပ်ဆောင်လျက်ရှိသည်။
လက်လုပ်မိုင်းများပေါက်ကွဲ
ထိုသို့ ဖောက်ခွဲဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့ရာ ဧပြီ ၄ ရက် ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ပုလော မြို့ အား/ကာ လမ်းပေါ် မြို့နယ် ပညာရေးမှူးရုံးအနီး၊ ယနေ့နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ် သက္ကလ မြို့ မြို့မစံပြရပ်ကွက်ရှိ သက္ကလ အခြေခံပညာ အထက်တန်း ကျောင်းအနီး၊ နံနက် ၈ နာရီခွဲခန့် တွင် ကဝမြို့ အမှတ်(၃)ရပ်ကွက် ပဲခူးလမ်းနှင့် ငါးထပ်ကြီးဘုရား လမ်းထောင့်ရှိ အခြေခံပညာ အထက်တန်းကျောင်း အနီးတို့၌ PDF အမည်ခံ အကြမ်းဖက်သမား များထောင်ထားသည့် လက်လုပ် မိုင်းများ ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၄ ရက် နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ (၁)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ရှေ့ထွက် မိုင်းတစ်လုံးကို လည်းကောင်း၊ ယနေ့ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းအနီး၌ လက်လုပ်ဗုံးနှစ်လုံးကိုလည်းကောင်း၊ ကဝမြို့ အခြေခံပညာ အထက်တန်း ကျောင်းအနီး၌ လက်လုပ်မိုင်းတစ်လုံးကိုလည်းကောင်း၊ နံနက် ၉ နာရီ ၂၅ မိနစ်တွင် စစ်ကိုင်း တိုင်းဒေသကြီး အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်းကျောင်းရှေ့၌ လက်လုပ်မိုင်း တစ်လုံးကို လည်းကောင်း တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အများ ပြည်သူ အန္တရာယ်မဖြစ်စေရေး အတွက် သက်မဲ့ပြုလုပ်သိမ်းဆည်း ခဲ့ကြကြောင်း သိရသည်။
၎င်းအပြင် ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကင်းချောင်းကျေးရွာ အခြေခံ ပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာမကြီးသည် ကျေးရွာ ရပ်မိရပ်ဖများနှင့်အတူ စာသင်ကျောင်းအား သွားရောက် ကြည့်ရှုစဉ် ကျောင်းအုပ်ကြီး ရုံးခန်းရှိ ပြတင်းတံခါးမှန်များ ရိုက်ခွဲဖျက်ဆီးခံထားရပြီး ရုံးခန်း တံခါးမကြီး ပွင့်နေသည်ကိုတွေ့ ရှိရပြီး ရုံးခန်းအတွင်း ထိန်းသိမ်း ထားရှိသော စတုတ္ထတန်းမှ သတ္တမတန်းအထိ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုထားသည့် အတန်းတင်စာမေးပွဲ စစ်ဆေးပြီး အဖြေလွှာများကို အကြမ်းဖက် သမားများက မင်ရည်များဖြင့် ပက်ဖျန်း ဖြန့်ကြဲထားခြင်းနှင့် ရုံးခန်းနံရံများပေါ်၌ မှုတ်ဆေးဖြင့် ညစ်ညမ်းသောစာသားများ၊ ရုပ်ပုံ များရေးဆွဲထားခြင်းများ ပြုလုပ် ထားကြောင်း သိရှိရသည်။
အရေးယူနိုင်ရေးဆောင်ရွက်
ထိုသို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည့် ပညာ သင်ကြားရေးလုပ်ငန်းများကို မနာ လို မရှုဆိတ်များဖြင့် ဖျက်ဆီးခြင်း များပြုလုပ်ခဲ့သည့် အကြမ်းဖက် သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်