
နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပ သည်။
နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အစီအစဉ်၊ အကြောင်းအရာများကို နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲအစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ စဝ်အုမ်ခေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးရမည့်ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေး ကိစ္စရပ်များနှင့် နှစ်ဖက်ဆွေးနွေးလိုသည့် အဆိုပြုချက်များကို ဆွေးနွေး ကြရာ တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေး ပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဒုတိယနေ့ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်