နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံးက အဘက်ဘက်က အကျိုးရှိအောင် ဝိုင်းဝန်းလုပ်ဆောင်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ  
( ၂၀၂၄ ခုနှစ်၊ မတ်လ  ၂  ရက် )
 

ချစ်ခင်လေးစားရပါသော  တောင်သူလယ်သမားကြီးများ ခင်ဗျား


ယနေ့အချိန်အခါသမယသည်     နိုင်ငံတော်တစ်ဝန်းလုံးရှိ   လယ်ယာ စိုက်ပျိုးမွေးမြူသူ  တောင်သူလယ်သမားကြီးများ အား အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသည့်  သမိုင်းဝင် နေ့ထူးနေ့မြတ်      တောင်သူလယ်သမားနေ့     ဖြစ်ပါသည်။ တောင်သူလယ်သမားကြီးများအားလုံး    ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာပြီး     စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆတက်ထမ်းပိုး    တိုးတက်အောင်     စွမ်းဆောင်နိုင်ကြပြီး  လူမှုစီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း     ဆုမွန် ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်  ချမှတ်အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိရာ   တိုင်းပြည်သာယာဝပြောရေးနှင့်        စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်     ပို့ကုန် မြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးဦးတည်ချက်  (၃) ရပ် ချမှတ်၍     ရေတိုရေရှည်စီမံကိန်းများ    ရေးဆွဲကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 


တောင်သူလယ်သမားကြီးများ စိုက်ပျိုးထုတ်လုပ်လျက် ရှိသော   သီးနှံများအနက်  အဓိကသီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံများဖြစ်သည့်  မြေပဲ၊  နှမ်း၊  နေကြာ၊  စက်မှု ကုန်ကြမ်းသီးနှံများဖြစ်သည့်  ဝါ၊  ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်း  စသည့်သီးနှံများကို သတ်မှတ် စိုက်ဧကပြည့်မီအောင် စိုက်ပျိုးသွားကြရန်လိုပါသည်။ ထို့ပြင်  ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက်     မျိုး၊   မြေ၊  ရေ၊  နည်းတို့နှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊  မြေကို  စနစ်တကျပြုပြင်ဆောင်ရွက်ရေး၊  အောင်ရေရရှိ ရေး၊   စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့်  သီးထပ်စိုက်ပျိုးမှုတို့ဖြင့်     စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိအောင်   စွမ်းဆောင် နိုင်ရေးသည်   လွန်စွာအရေးပါကြောင်း တိုက်တွန်းမှာကြားလိုပါသည်။

 


စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သီးနှံ အလိုက် နှစ်စဉ်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး အဓိက ကျသော သီးနှံအထွက်နှုန်းတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယနေ့ထိ စပါးဧက (၁၇)သန်း၊ ပဲမျိုးစုံဧက (၁၀.၅၇) သန်း၊ ဆီထွက်သီးနှံဧက (၈.၂၄) သန်း၊ အစေ့ထုတ်ပြောင်းဧက (၁.၆)သန်းနှင့် ဝါသီးနှံဧက(၀.၅၂)သန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် တောင်သူလယ်သမား ကြီးများအား ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

 


လက်ရှိအချိန်တွင်  စားသုံးဆီကို လိုအပ်သည်ထက်  ပိုမိုစားသုံး နေကြသဖြင့် ပြည်သူအချို့မှာ ကျန်းမာရေးအရ ထိခိုက်မှုများရှိနေသလို တစ်ဖက်မှာလည်း ပြည်တွင်းလိုအပ်ချက်ကို ပြည်ပမှ မှာယူတင်သွင်း ရမှုများ မြင့်တက်လျက်ရှိပါသည်။ စားသုံးဆီကို လိုသလောက်သာ သုံးစွဲခြင်းဖြင့် ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည့်အပြင်    ပြည်တွင်းဆီထွက်သီးနှံများမှ   ထုတ်လုပ်သော စားသုံးဆီဖြင့် လုံလောက်စေရန် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချစေနိုင်မည်ဖြစ်သောကြောင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါသည်။ နိုင်ငံတော်အနေဖြင့်  ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီထွက်သီးနှံများ ဧကပြည့်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 


၎င်းအပြင် ချည်နှင့် ချည်ထွက်ပစ္စည်းတင်သွင်းမှု လျှော့ချနိုင်ရန် နှင့်  ပြည်တွင်းလိုအပ်ချက်ကို   ဖြည့်ဆည်းနိုင်ပြီး  ပိုလျှံပါက  ပြည်ပ တင်ပို့နိုင်ရန်အတွက်   ချည်မျှင်ရှည်ဝါသီးနှံ   တစ်ဧကအထွက်နှုန်း တိုးတက်ရေး  ဆောင်ရွက်ခြင်းနှင့်   စိုက်ဧကတိုးချဲ့ပြီး  (၅) နှစ်တာ ကာလအတွင်း  မူလစိုက်ခဲ့ကြသည့်   ဧက  ၈  သိန်းပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိရာ  ဝါတစ်ဧကအထွက်နှုန်း  ပိဿာ (၇၀၀)ထွက်ရှိရေးနှင့် အရည်အသွေးကောင်း ဝါနှင့် ဝါဂွမ်းများရရှိရေးတို့ကို အဓိကရည်မှန်းဆောင်ရွက်လျက်ရှိရာ  တောင်သူလယ်သမားကြီး များကလည်း   ကြိုးစားဆောင်ရွက်ပေးကြစေလိုပါသည်။  ကော်ဖီ စိုက်ပျိုးထုတ်လုပ်ခြင်းသည်     ကမ္ဘာ့ဈေးကွက်တွင်   သေချာသည့် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါဝင်စားသူ များ၊  အရင်းနှီးတတ်နိုင်သည့်  တိုင်းရင်းသားများအနေဖြင့် ရင်းနှီး လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ပါသည်။ နိုင်ငံတော်အနေဖြင့် ကနဦး ဧက ၁ သိန်းစိုက်ပျိုးရန် လျာထားပါသည်။ ဆက်လက်၍ ဧက ၃ သိန်း အထိနှင့်   နောင်တွင်  ဧက  ၁  သန်းအထိ  စိုက်ပျိုးနိုင်ရေး  မျှော်မှန်း ဆောင်ရွက်နေပါသည်။

 


သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ အပြည့်အဝသုံးစွဲ စိုက်ပျိုး နိုင်ရေးအတွက် မိမိတို့နိုင်ငံအတွင်းတွင် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်  ကျယ်ကျယ်ပြန့်ပြန့်  လေ့လာ သိရှိနိုင်ရန်အတွက်    ၂၀၁၉   ခုနှစ်မှစ၍    မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 


ထို့အတူ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက အရေးပါသော မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်း များ ဆောင်ရွက်ရာ၌ စက်ကိရိယာများ အသုံးပြုနိုင်ရန် စီမံဆောင်ရွက် ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ စွမ်းအားပြည့် အသုံးပြုနိုင် ရေးအတွက် စနစ်တကျလယ်ယာမြေများဖော်ထုတ်ခြင်း၊ တောင်သူ များ လုပ်ငန်းခွင်အဆင့်တိုင်း စက်ကိရိယာအသုံးပြုနိုင်ရန် လယ်ယာသုံး စက်ကိရိယာအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးခြင်း၊ အသုံးပြုနိုင်ရန် စီမံပေးခြင်းတို့ဖြင့် ခေတ်မီနည်းစနစ်များသုံးပြီး စက်မှုလယ်ယာစနစ် သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
မိမိတို့နိုင်ငံအတွင်း   စွမ်းအင်ဝန်ကြီးဌာနနှင့်  စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ယူရီးယားဓာတ်မြေ ဩဇာများကို   တောင်သူများအား  ဈေးနှုန်းချိုသာစွာဖြင့်  ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။ ၎င်းအပြင် သီးနှံအထွက်နှုန်း တိုးတက် ရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်သုံးစွဲရေး ပညာပေးခြင်း၊ သဘာဝမြေဩဇာများ ဒေသအလိုက် ထုတ်လုပ်သုံးစွဲ နိုင်ရေး နည်းပညာဖြန့်ဝေပေးခြင်း၊ သွင်းအားစုဈေးနှုန်းများ သက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 


လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ အရ စိုက်ပျိုးထားသောသီးနှံများ ရိတ်သိမ်းချိန်မတိုင်မီ ထိခိုက်ပျက်စီးမှု များရှိနေပြီး အဆိုပါဖြစ်စဉ်များကြောင့် စားရေရိက္ခာမလုံလောက်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်း ရေးတို့ကို ကြိုတင်စဉ်းစားလုပ်ဆောင်ကြရန် လိုပါသည်။ နိုင်ငံတော် ကလည်း အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှု များပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားပြီး အထူးအလေးထား အားပေးကူညီဆောင်ရွက်လျက်ရှိပါသည်။
တစ်ဖက်မှာလည်း ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေလိုအပ်ချက် နည်းသော  သက်တမ်းတိုသီးနှံများ  ပြောင်းလဲစိုက်ပျိုးခြင်း၊  ဒေသ အခြေအနေပေါ်မူတည်၍ ဒေသနှင့်ကိုက်ညီသော သီးနှံနှင့် သီးနှံပုံစံ များ ပြောင်းလဲစိုက်ပျိုးကြရမည်ဖြစ်ပါသည်။ ရေကို ချွေတာသုံးစွဲ နိုင်သည့်    ခေတ်မီရေသွင်းကိရိယာများ      အသုံးပြုစိုက်ပျိုးခြင်း၊ ရေလိုအပ်မှုနည်းသည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း  စသည့် ပညာပေး လုပ်ငန်းများ၊  သရုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 


နိုင်ငံတော်အနေဖြင့် ရေရှားပါးမှု အခက်အခဲအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံပေါင်း(၂၄၆)ခု၊ ရေလွှဲဆည် (၁၄၄)ခု၊ ရေကန် (၇၂)ခု၊ ရေတံခါး (၁၉၉) ခု၊ ရေတင်လုပ်ငန်း (၂၁၉) ခု၊ စုစုပေါင်း (၈၈၀) ခု ဆောင်ရွက်ပေးထားပြီး စိုက်ဧက (၃၁) သိန်းကျော်အား အကျိုးပြုလျက် ရှိပါသည်။ မြေအောက်ရေအရင်းအမြစ်များမှ စက်ရေတွင်း (၂၅၅၁၃)ခု တူးဖော်ခြင်း၊ ယာယီချောင်းပိတ်တမံများပြုလုပ်ပြီး ဆိုလာရေတင် စနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ခြင်း၊ ပင်လယ်နှင့် ထိစပ်လျက်ရှိသော
ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ ရှိသော ဒေသများတွင် ရေကြီးနစ်မြုပ်မှု၊ ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန်   ရေငန်တားတာများ   တည်ဆောက်ခြင်း၊  ရေဘေး ကာကွယ်ရေးတာများ     တည်ဆောက်ခြင်းတို့ဖြင့်    စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရေးလုပ်ငန်း များကို   နိုင်ငံတော်က   ဆောင်ရွက်ပေးလျက်ရှိပါသည်။  ရေကို ထိရောက်စွာ   အသုံးပြုရေးနှင့်   အလေအလွင့်မရှိစေရေးအတွက် သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

 


တောင်သူလယ်သမားကြီးများအနေဖြင့်   သီးနှံများစိုက်ပျိုး ထုတ်လုပ်မှု    မြင့်မားလာစေရေးအတွက်   အထွက်နှုန်းတိုးရေး နည်းလမ်းများဖြင့် ဆောင်ရွက်သည့်အပြင် စိုက်ဧကတိုးတက်စေရန် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းကိုပါ ဆောင်ရွက်ကြရပါမည်။ ထို့အတူ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် အော်ဂဲနစ်စိုက်ပျိုး ရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။

 


သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ခေတ်မီစိုက်ပျိုး နည်းပညာများ၊ ရာသီဥတု၊ စျေးကွက်နှင့် လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များကို      “တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း”၊ မြန်မာ့အသံရေဒီယိုမှ “သုတပဒေသာ စိုက်ပျိုးနည်းပညာ အစီအစဉ်”ဖြင့် ထုတ်လွှင့်ပေးခြင်း၊ သတင်းစာများ၊ ဂျာနယ်များ၊ ပညာပေးစာစောင်များ၊ လယ်ယာစီးပွားသတင်းစာစောင်များ ထုတ်ဝေ ပေးခြင်း၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ကို ဖြန့်ဝေပေးခြင်း စသည်တို့ဖြင့် တောင်သူလယ်သမားများအားလုံး လေ့လာသိရှိနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ငွေဖြင့် ယခင်နှစ်က ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းကိုလည်းကောင်း၊ ယခုနှစ် တွင် မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းကိုလည်းကောင်း ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်(၈)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း  (၆) ခုကိုလည်းကောင်း၊   တိုင်းဒေသကြီး  (၆) ခုကို လည်းကောင်း  အရင်းအနှီးများ  မတည်ထောက်ပံ့ပေးပြီး  စိုက်ပျိုး မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးလျက်ရှိပါသည်။ 

 


မွေးမြူရေးနှင့်ပတ်သက်၍ နွားမျိုးကောင်းမျိုးသန့်များ ပြန့်ပွား စေရန် မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မျိုးထိန်း၊ မျိုးပွားသုတေသနခြံများ    တည်ထောင်ပြီး   မျိုးဖြန့်ဖြူးပေးခြင်း၊ ကောင်းမွန်သော   တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်နှင့်အညီ   မွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပညာပေးခြင်း၊ ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားမှုများအား ထိန်းချုပ်ခြင်း၊ ကုသခြင်း၊ မွေးမြူရေးဇုန်များ ဖော်ဆောင်ရန်စီမံခြင်းနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အကောင် အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 


နွားမွေးမြူရေးနှင့် ကျွဲမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍    နို့ထွက်ပစ္စည်းများကို   ပြည်တွင်း၌  ဖူလုံအောင် ထုတ်လုပ်သွားရန် လိုအပ်ပါသည်။ မွေးမြူရေးကဏ္ဍကို မြှင့်တင်နိုင်ရေး အတွက် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန် တိရစ္ဆာန်ဆေးကု သိပ္ပံသင်တန်းကျောင်းကို အင်းစိန်တွင် ၂၀၂၄ ခုနှစ်၊ မေလတွင် စတင် ဖွင့်လှစ်ရန် စီစဉ်ထားပါသည်။
အသားကဏ္ဍအနေဖြင့်     နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်    စိုက်ပျိုးမွေးမြူရေး   မြစိမ်းရောင်စီမံကိန်းကို လည်းကောင်း၊ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်း ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

 


ကျေးလက်ဒေသ    ငါးကဏ္ဍဖွံ့ဖြိုးရေး     မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) စီမံကိန်းအစီအစဉ်ဖြင့် အရင်းမပျောက် မတည်ရင်းနှီးငွေ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းခန့် ကို ပြည်တွင်း ငါးရိက္ခာလိုအပ်ချက်အတွက် ဖြည့်ဆည်းလျက်ရှိပြီး ကျန် ၁၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေရရှိ ခဲ့ပါသည်။ 

 


ဒေသ၊ ရာသီဥတု၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီဖြစ်ထွန်းသည့် ငါးမျိုးများရရှိရေး၊   သဘာဝငါးမျိုး  မသုဉ်းစေရေး၊  ငါးထွက်နှုန်း တိုးတက်စေရေး၊  မျိုးကောင်းမျိုးသန့်  ငါးမျိုးများ ရေရှည်တည်တံ့ စေရေးအတွက် ငါးသားပေါက်များကို စဉ်ဆက်မပြတ်ထုတ်လုပ်၍ မျိုးစိုက်ထည့်ခြင်းနှင့် ဖြန့်ဖြူးပေးခြင်း၊ ငါးမွေးကန်များ၏ ရေ၊ မြေ အရည်အသွေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ပေးခြင်း၊     ငါးသားပေါက်များ    ကျန်းမာရေးစစ်ဆေး ထောက်ခံချက်  ထုတ်ပေးခြင်း စသည်တို့ဖြင့် နိုင်ငံတော်က ကူညီပံ့ပိုး ပေးခဲ့ပါသည်။ မွေးမြူသူများအနေဖြင့်  ကောင်းမွန်သော  ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်နှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ် ပါသည်။

 


နိဂုံးချုပ်အားဖြင့် မိမိတို့နိုင်ငံ၏ (၇၀)ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများတွင် အပါအဝင်ဖြစ်သော  တောင်သူလယ်သမားများ၏ စိုက်ပျိုး၊   မွေးမြူရေးလုပ်ငန်းများ  တိုးတက်အောင်မြင်ပါက  နိုင်ငံ တစ်ဝန်းရှိ ပြည်သူများ စားဝတ်နေရေးနှင့် လူနေမှုဘဝတိုးတက်လာ မည်ဖြစ်ပါသည်။   ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက  အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့နိုင်ခြင်းကြောင့် ဝင်ငွေများ တိုးတက်ရရှိ လာပြီး  နိုင်ငံတော်၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး ရေးနှင့်  မွေးမြူရေးကဏ္ဍများတွင်  ပါဝင်ဆောင်ရွက်နေကြသူများ အားလုံးက   ကောင်းမွန်သော  အခြေခံစိတ်ဓာတ်ဖြင့် လုံ့လ၊  ဝီရိယ ပေါင်းစပ်၍  အဘက်ဘက်က အကျိုးရှိအောင် ဝိုင်းဝန်းလုပ်ဆောင် ပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

    ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
    နိုင်ငံတော်ဝန်ကြီးချုပ်
    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ