
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှု များရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ် သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြား ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံးစားပြု၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက် ပေးရန်ရည်ရွယ်၍ ပေးအပ်သော အမေရိကန် ဒေါ်လာ ၆၀၀၀၀၀ (ခြောက်သိန်း)နှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာတို့ကို သုံးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း (ရုံးချုပ်)ဖွင့်လှစ်ရန် မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အအုံတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်း သက်သာသောနှုန်းထားနှင့် ငှားရမ်းဆောင်ရွက် စေခဲ့ခြင်းကြောင့် နိုင်ငံတော်က ငွေကျပ် သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုး သက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိ မြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ ထံမှ လျှောက်ထားရယူခဲ့ရာတွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ထိုက်သင့်သည့်တန်ဖိုးထက် များစွာလျော့နည်း လျက် ပေးချေခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ်၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မူလ ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ မြှင့်တင်ရေး လုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် နေအိမ် အဆောက်အအုံကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း သို့ အများ ပြည်သူက ထည့်ဝင်လှူဒါန်းထား သော အလှူငွေများထဲမှ ငွေကျပ်သန်း ၁၆၀၀ ကျော်ကို သုံးစွဲဆောက်လုပ်စေခဲ့ခြင်းတို့ ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဝင်ဟောင်းဦးမင်းသူတို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်သို့ တရားစွဲ
တင်ပို့ခဲ့ရာ နေပြည်တော်သီးသန့် တရားရုံး တွင် ရုံးထိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထပ်မံ စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ပုဂ္ဂလိကလုပ်ငန်း ရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြ၍ ပေးအပ်သည့် အမေရိကန် ဒေါ်လာ ၅၅၀၀၀၀ (ငါးသိန်းငါးသောင်း)ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူးတာဝန်ကို အလွဲသုံးစား ပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံ ရယူခဲ့ခြင်းသည် အဂတိလိုက်စားမှု ကျူးလွန် ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅)နယ်မြေရဲစခန်းတွင် ဖေဖော်ဝါရီ ၃ ရက်၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
သတင်းစဉ်