
နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်း နောင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာသက်သက်ခိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးအတွင်းရှိ ရှေးဟောင်း အုတ်ခွက်ဘုရားများနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
လှည့်လည်ဖူးမြော်ကြည်ညို
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီး၏ အတွင်းပိုင်းနှင့် အပြင် ပိုင်းရှိ အုတ်ကျောက်၊ အင်္ဂတေ၊ သစ်သားတို့ဖြင့် ပုံစံအမျိုးမျိုး၊ အရွယ် အစားအမျိုးမျိုး၊ အနေအထားအမျိုးမျိုးတို့ဖြင့် ထုလုပ်စီမံထားသော ဆင်းတုတော်များ၊ ရုပ်လုံးရုပ်ကြွများ၊ ကျောက်ကပ်အုတ်ခွက်ဘုရားများ၊ မင်စာဟုထင်ရသည့် ရှေးဟောင်းစာများ၊ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ရုပ်ပွားတော်များကို လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ဂူတော်ကြီးအတွင်းပိုင်းရှိ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများကို ကပ်လှူပူဇော်ကြကာ ကော့ဂွန်း ဂူတော်ကြီး ဘက်စုံမွမ်းမံထိန်းသိမ်းရေး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မြင်တွေ့နိုင်
ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးသည် ဘားအံမြို့၏ အနောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို မြင်တွေ့နိုင်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်