
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Online မှတစ်ဆင့် တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုး တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများနှင့် ဝန်ထမ်း ဟောင်းများက Online မှတစ်ဆင့် တက်ရောက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ၏ စိန်ရတုအထိမ်းအမှတ်ပြတိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး ပြတိုက်ကမ္ပည်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။
အမွှေးနံ့သာရည် ပက်ဖျန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် များနှင့် ပြည်ထောင်စုဝန်ကြီးများက ပြတိုက်ကမ္ပည်း ဆိုင်းဘုတ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ပြတိုက် အတွင်းရှိ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော ရေဒီယိုများ နှင့် အသံလွှင့်ဆိုင်ရာ စက်ပစ္စည်းများပြခန်း၊ ခေတ်အဆက် ဆက် အသံလွှင့်ဆိုင်ရာစက်ပစ္စည်းများနှင့် Programme အစီအစဉ်များပြခန်း၊ သတင်းနှင့် ပြန်ကြားရေးပြခန်း၊ ခေတ်အဆက်ဆက် ရုပ်မြင်သံကြားထုတ်လွှင့်ရေးဆိုင်ရာ TV အမျိုးအစားများပြခန်း၊ Green Screen Virtual ပြခန်း၊ ပြုပြင်တိုင်းတာရေးဆိုင်ရာ စက်ပစ္စည်းများနှင့် လွှင့်စက်/ ဖမ်းစက်များပြခန်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော Camera များနှင့် ဆက်စပ်ပစ္စည်းများပြခန်း၊ စကားဝိုင်း/ ဆွေးနွေးခန်းဆက်တင်ပြခန်း၊ သတင်းဖတ်ကြားသည့် ဆက်တင်ပြခန်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော MIC များနှင့် တယ်လီဖုန်းပြခန်း၊ ခေတ်အဆက်ဆက် ရိုက်ကူး ရေးတွင် အသုံးပြုခဲ့သော တူရိယာပစ္စည်းများပြခန်းနှင့် BBS ခေတ်အသုံးပြုခဲ့သော ထိုင်ခုံများနှင့် Board ပြခန်း တို့ကို လှည့်လည်ကြည့်ရှုကြရာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ က ရှင်းလင်းပြသကြသည်။
စနစ်တကျ ထိန်းသိမ်း
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ရုပ်မြင် သံကြားထုတ်လွှင့်ရေးဆိုင်ရာ စက်ပစ္စည်းများနှင့် အသံလွှင့် ဆိုင်ရာ စက်ပစ္စည်းများသည် ပြန်မရနိုင်သည့် ရှေးဟောင်း စက်ပစ္စည်းများဖြစ်သဖြင့် ယိုယွင်းပျက်စီးမှုမရှိစေရေး အတွက် စနစ်တကျ ထိန်းသိမ်းကြရန်လိုကြောင်း မှာကြား သည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ် မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားကို စတင် ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “စိန်ရတုအလှမှန် ထာဝရမြန်မာ့အသံ” သီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စိန်ရတုခရီးသမိုင်းမှတ်တိုင် Documentary အစီအစဉ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ ကျရောက်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ် နှစ်ဖြာကျန်းမာပါစေကြောင်း၊ ဝန်ထမ်းတိုင်းအနေဖြင့် ရတု အခမ်းအနားများကို ဝန်ထမ်းသက်တမ်းတစ်လျှောက်တွင် နှစ်ကြိမ်ခန့် ကြုံတွေ့ရနိုင်ပြီး ရတုနေ့ရက်များသည် ဘဝ တွင် မမေ့နိုင်သည့် အဖိုးတန်နေ့ရက်များပင်ဖြစ်ကြောင်း ဖြင့် ဦးစွာပြောကြားသည်။
အမျိုးသားအသံလွှင့်ဌာနတစ်ခုအဖြစ် အစပျိုးခဲ့
ထို့နောက် မြန်မာ့မီဒီယာလုပ်ငန်းသည် ၁၈၇၄ ခုနှစ်၊ မတ်လ ၉ ရက် (မင်းတုန်းမင်းလက်ထက်) ရတနာပုံ သတင်းစာမှ စခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အသံလွှင့်လုပ်ငန်း များသည် ၁၉၃၇ ခုနှစ်က စတင်ခဲ့သော်လည်း လွတ်လပ် သော အမျိုးသားအသံလွှင့်လုပ်ငန်း မဟုတ်ခဲ့ကြောင်း၊ ၁၉၄၅ ခုနှစ်၊ မတ်လဆန်း၌ ရန်ကုန်မြို့တွင် မြန်မာ့တော်လှန် ရေးတပ်မတော်အသံလွှင့်ဌာနကို ထူထောင်ခဲ့ပြီး လွတ်လပ် သော အမျိုးသားအသံလွှင့်ဌာနတစ်ခုအဖြစ် အစပျိုးခဲ့ ကြောင်း။
၁၉၄၅ ခုနှစ်၊ မေလဆန်းတွင် ရန်ကုန်မြို့ ရွှေတောင် ကြား၌ ရန်ကုန်ရေဒီယို (Rangoon Radio) အမည်ဖြင့် ထုတ်လွှင့်ခဲ့ပြီး ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယိုမှ “ဗမာ့အသံ” (Burma Broadcasting Service – BBS)အဖြစ် အမည်ပြောင်းခဲ့ကြောင်း၊ ၎င်းနေ့ ကိုပင် ဗမာ့အသံနေ့ဟု ခေတ်အဆက်ဆက်သတ်မှတ်ခဲ့ ကြောင်း၊ ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်၌ “ဗမာ့အသံ”အမည် မှ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးကို ကိုယ်စားပြု သော “မြန်မာ့အသံ” အမည်သို့ ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ခုနှစ်၊ ဇွန် ၃ ရက်တွင် ရောင်စုံရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် “မြန်မာ့အသံနှင့်ရုပ်မြင်သံကြား” (Myanmar Radio and Television – MRTV) ဟု အမည် ပြောင်းလဲခဲ့ကြောင်း။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် (၇၅) နှစ် မြောက် စိန်ရတုအထိမ်းအမှတ်နေ့၌ Myanmar Radio အမည်ဖြင့် အင်္ဂလိပ်ဘာသာသီးသန့် FM Channel အသစ် တစ်ခုနှင့် MRTV ရုပ်သံလိုင်းအစီအစဉ်၌လည်း အင်္ဂလိပ် ဘာသာဖြင့် သတင်းထုတ်လွှင့်မှုကို စတင်သွားမည်ဟု သိရှိ ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အင်္ဂလိပ်ပိုင်းဆိုင်ရာ များကို ထုတ်လွှင့်ရာတွင် အသံထွက် ပီသမှုရှိစေရေး ဂရုပြု ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ပိုင်းဆိုင်ရာအစီအစဉ်များ ထုတ်လွှင့်ရာတွင် ပြည်သူကို ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်တို့အပြင် အတတ်ပညာတစ်ခု ရရှိစေနိုင် သည်အထိ ကြိုးပမ်းတင်ဆက်သွားကြရန် တိုက်တွန်းလို ကြောင်း။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် သမိုင်းအစဉ် အလာကြီးမားသော ဌာနကြီးဖြစ်သည်နှင့်အညီ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရနှင့် တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကာလတို့၌ ခေတ် အဆက်ဆက် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အစဉ်အလာ အလွန်ကြီးမားခဲ့ပြီး ရှေးယခင်ကတည်းကပင် ရေဒီယို အစီအစဉ်များတွင် စိတ်ဝင်စားစရာ၊ ပညာရစရာကောင်း သည့်အစီအစဉ်များရှိခဲ့ကြောင်း၊ ဇာတ်လမ်းပမာနားဆင် စရာအစီအစဉ်များကို နားထောင်ခဲ့ရပြီး စာရေးဆရာကြီး သော်တာဆွေ၏ “လူ့မနော”ဆိုသည့် ဇာတ်လမ်းတင်ဆက်မှု ကို ယနေ့တိုင်အမှတ်ရနေမိကြောင်း၊ လူတို့၏ စိတ်အကြောင်း ကို တင်ဆက်ထားခြင်းဖြစ်သဖြင့် အသိအမြင်များစွာရရှိ ခဲ့ကြောင်း။
တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲစတင်ခဲ့
မြန်မာ့အသံမှ ဘောလုံးပွဲများအား တိုက်ရိုက် အသံ ထုတ်လွှင့်ခြင်းလုပ်ငန်းကို ၁၉၅၇ ခုနှစ် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲက စတင်ခဲ့သည်ဟု သိရှိရကြောင်း၊ ထုတ်လွှင့်ခဲ့သူတို့မှာ ဦးကျော်ငြိမ်းနှင့် ဦးခင်မောင်တို့ ဖြစ်ကြောင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုများကို နားဆင်ပြီး တကယ့်ဘောလုံးပွဲကို ကြည့်ရှုနေရသကဲ့သို့ ခံစားခဲ့ရ ကြောင်း၊ ထိုစဉ်က အစီအစဉ် တင်ဆက်သူများဖြစ်သည့် ဦးမောင်မောင်ရင်၊ ဦးမောင်မောင်သီ၊ ဦးဇော်ဝင်းတို့၏ တင်ဆက်ပုံများမှာ အမှတ်ရဖွယ် ဖြစ်ကြောင်း။
အချိန်နှင့်တစ်ပြေးညီ တင်ဆက်
မိမိတို့ခေတ်ကာလတွင် မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့ သည့် ဇာတ်လမ်းပမာနားဆင်စရာကဏ္ဍ၊ ရေဒီယို ဇာတ်လမ်းနှင့် အသံလွှင့်ဇာတ်လမ်းတို့မှ ပေးသည့် အသိပညာ၊ အတွေ့အကြုံများမှာ တန်ဖိုးမဖြတ်နိုင်စရာ ဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ကို သာမက လူတို့၏စိတ်နှလုံးကို တက်ကြွအောင် (Moti- vation) လုပ်ပေးနိုင်ခဲ့ကြောင်း၊ မီဒီယာသည် စတုတ္ထ မဏ္ဍိုင်ဖြစ်သဖြင့် အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို မထိခိုက်စေရန်လည်း ဂရုပြုရမည်ဖြစ်ကြောင်း၊ သတင်းနှင့် ပတ်သက်လာပါက မြန်ရမည်၊ မှန်ရမည်ဖြစ်ပြီး အကျိုးရှိမည့် သတင်းများကို တင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုသိရှိရန် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စာအုပ် စာပေ ဖတ်ရှုမှုနှုန်း အားနည်းလာပြီး အွန်လိုင်းမီဒီယာ များတွင်သာ အချိန်ကုန်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အွန်လိုင်းမီဒီယာများကို လွဲမှားစွာအသုံးချပါက အန္တရာယ် ကြီးမားစွာဖြစ်စေနိုင်သဖြင့် မိမိတို့အတွက် အကျိုးရှိနိုင် သည့် အသုံးပြုမှုများကိုသာ ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ ရည်မှန်းချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်၊ စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တို့ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် နိုင်ငံသူ၊ နိုင်ငံသားအားလုံး သိသင့် သိထိုက်သော ဗဟုသုတပညာများ ရှိရန်လိုအပ်ကြောင်း၊ ယင်းပညာဗဟုသုတတို့ကို ပြည်သူတို့ လက်ဝယ်အရောက် ပို့နိုင်သည်မှာ ပြန်ကြားရေးနှင့် မီဒီယာလုပ်ငန်းသာ ဖြစ်ကြောင်း။
ထိထိရောက်ရောက်ဆောင်ရွက်
ရှင်မဟာရဋ္ဌသာရ ဆုံးမခဲ့သည့် “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကြား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာ လည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ ရှိသည်သာတည်း” ဆိုသည့် စကားအတိုင်း နိုင်ငံသူ၊ နိုင်ငံသားတိုင်း အသိပညာဗဟုသုတများ နေ့စဉ်ရရှိနေ စေရေး၊ နေ့စဉ်တွေ့မြင်နေစေရေး၊ နေ့စဉ်ထိတွေ့နေစေရေး ဆောင်ရွက်ရင်းဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ၌ ပါဝင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တိုင်းပြည်၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာက သိရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုနေ့မှသည် နိုင်ငံတော် အတွက် ထာဝရရှိနေမည့် နိုင်ငံတော်က အားထားရသော၊ ပြည်သူက အားကိုးရသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖြစ်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိ သူများက လက်ခံရယူကြသည်။
ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအမှတ်တရပစ္စည်း အရောင်းဆိုင်နှင့် တိုင်းရင်းသားဘာသာအစီအစဉ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ရိုးရာအစားအစာများ ခင်းကျင်းပြသ ထားမှုကို လိုက်လံကြည့်ရှုပြီး တက်ရောက်လာကြသူများနှင့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က အမှာစကားပြောကြား ပြီး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့နှင့်အတူ Myanmar Radio (အင်္ဂလိပ်ပိုင်း အစီအစဉ်)နှင့် မြန်မာ့ရုပ်မြင်သံကြား(MRTV)၏ အင်္ဂလိပ် ပိုင်း သတင်းအစီအစဉ်တို့ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ထုတ်လုပ်/ထုတ်လွှင့်မှု ထူးချွန်ဆုရရှိကြသူများ၊ တင်ဆက်မှု ထူးချွန်ဆုရရှိကြသူများ၊ စက်ပိုင်းဆိုင်ရာ ထူးချွန်ဆုနှင့် ရိုက်ကူးရေးပိုင်းဆိုင်ရာ ထူးချွန်ဆုရရှိကြ သူများ၊ ဌာနခွဲအလိုက် စံပြဆုရရှိကြသူများ၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိကြသူများနှင့် ထပ်ဆင့်လွှင့်စက်ရုံများ စွမ်းဆောင်ရည်ဆုရရှိကြသည့် စက်ရုံများမှ တာဝန်ရှိ သူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်း များက“အသစ်တစ်ဖန် ခေတ်သဏ္ဌာန် MRTV” တေးသီချင်း ဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ၁၉၄၆ ခုနှစ် ဖေဖော် ဝါရီလ (၁၅ )ရက်နေ့တွင် “ဗမာ့အသံ” (Burma Broadcasting Service-BBS) အမည်ဖြင့် စတင် တည်ထောင်ခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်ခေတ်၊ ဒုတိယ ကမ္ဘာစစ်ကာလ၊ ဂျပန်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ် များတွင် နေရာပြောင်းရွှေ့ပြီး အမည်နာမမျိုးစုံဖြင့် ဖြတ်သန်းခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအဖြစ် အမည် ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ပြည့်နှစ် ဇွန်လ ၃ ရက်တွင် ရောင်စုံရုပ်မြင်သံကြားကို စမ်းသပ်ထုတ်လွှင့်ခဲ့ရာမှ နိုဝင်ဘာလ ၁ ရက်မှစ၍ ရုပ်မြင်သံကြားအစီအစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် မူလရေဒီယို အသံလွှင့်လုပ်ငန်းနှင့် ပူးပေါင်းပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့် ဦးစီးဌာန (Myanmar Television and Radio Department –MTRD) အမည်ဖြင့် ပြင်ဆင်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) အမည်ကို ပြောင်းလဲကာ ယနေ့တိုင် ခေါ်ဝေါ်သတ်မှတ်ခဲ့ ကြောင်း။
MRTV Channel အပြင် တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် ထုတ်လွှင့်နေသည့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း( NRC)၊ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel)၊ တောင်သူလယ်သမားရုပ်သံလိုင်း(Farmer’s Channel) နှင့် ပြည်တွင်းပြည်ပ အားကစား ရုပ်သံလိုင်း (MRTV Sport Channel)တို့ကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တိုးချဲ့ထုတ်လွှင့်ပေးခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းကို ကချင်၊ ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ချင်း(ချိုး)၊ ချင်း(လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် “ဝ”ဘာသာ စသည့် တိုင်းရင်းသား ၁၁ ဘာသာနှင့် ၄ လ တစ်ကြိမ် နာရီစဉ် အလှည့်ကျနှင့် ဘာသာစကားအလိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း။
ယနေ့အချိန်တွင် MRTV ၏ (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် အောင်မြင် မှုများကို မှတ်တမ်းတင် ဂုဏ်ပြု တင်ဆက်ပေးလျက်ရှိ ကြောင်း၊ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင် ရှင်သန် ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သည် စိန်ရတုသက်တမ်းတိုင်အောင် ခေတ်အဆက်ဆက် တွင် တိုးတက်ပြောင်းလဲမှုများနှင့် နိုင်ငံပိုင် မီဒီယာကြီးတစ်ခု အဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်