နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၈


စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌   ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။  


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ  ဇနီး ဒေါ်ကြူကြူလှ၊   ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)    ဗိုလ်ချုပ်ကြီး     သီရိပျံချီ စည်သူမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)   ဗိုလ်ချုပ်ကြီး  ဇေယျကျော်ထင်    စည်သူ မိုးအောင်နှင့်ဇနီး၊   ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊    ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူ များ၊  ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်း သူများဖြစ်သည့်  စစ်တက္ကသိုလ်၊   စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ       သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည်    ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများကို စစ်ဆေးသည်။ 


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်  အား   ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေး ပြုကြသည်။  ထို့နောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ  သတိုး သီရိသုဓမ္မ  မင်းအောင်လှိုင်က     စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၆၅)မှ    အောင်စစ်သည်ဆု ရရှိသူ  ဗိုလ်လောင်းအမှတ် ၃၅၇၄၃၊    ဗိုလ်လောင်း သူရိန်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၇၇၈၊  ဗိုလ်လောင်း   ဟိန်းထက်အောင်၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ) ရရှိသူ   ဗိုလ်လောင်းအမှတ် ၃၅၄၈၆၊ ဗိုလ်လောင်း ဇေလင်းမောင်၊ စာပေထူးချွန်ဆု (သိပ္ပံ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၄၂၅၊ ဗိုလ်လောင်း ချမ်းငြိမ်းလွင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၃၈၊ ဗိုလ်လောင်း ဟန်ဘုန်း မြတ်တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။


သင်တန်းဆင်းမိန့်ခွန်းပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် ယနေ့သည် မျိုးဆက်သစ်ခေါင်းဆောင်ငယ် များ   ထပ်မံမွေးထုတ်ပေးနိုင်ခဲ့သည့်   နေ့တစ်နေ့ဖြစ် သောကြောင့်    တိုင်းပြည်နှင့်   တပ်မတော်အတွက်  အားသစ်လောင်းသည့်    နေ့တစ်နေ့ဖြစ်ကြောင်း၊ “နောင်တစ်ခေတ်၏  အောင်စစ်သည်”     ဟူသည့် ဆောင်ပုဒ်အတိုင်း     နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် လက်ရုံးရည်သာမက နှလုံးရည်ပါ ပြည့်ဝသည့်      အရာရှိကောင်းများဖြစ်လာစေရန် အတွက် အမိစစ်တက္ကသိုလ်မှ   သင်ကြားပေးလိုက် သည့် အသိပညာ၊ အတတ်ပညာများကို မိမိ၏အတွေ့ အကြုံ၊    ဗဟုသုတများနှင့်ပေါင်းစပ်ပြီး     လက်တွေ့ နယ်ပယ်တွင်   ထိရောက်အောင်မြင်စွာ    အသုံးချရန် လိုသည်ကို မှာကြားလိုကြောင်း။


အမိစစ်တက္ကသိုလ်သည်  “သစ္စာ၊  သူရ၊   သိပ္ပ” ဆိုသည့်     ဆောင်ပုဒ်နှင့်အညီ    ပေးအပ်လာသည့် တာဝန်မှန်သမျှ   သစ္စာရှိရှိ   ထမ်းဆောင်နိုင်ရန်၊  နိုင်ငံတော်နှင့် တပ်မတော်အပေါ်  ကျရောက်လာမည့် ဘေးအန္တရာယ်ရန်စွယ်မှန်သမျှကို       သူရဆိုသည့် ရဲစွမ်းသတ္တိပြည့်စုံစွာဖြင့်      တိုက်ခိုက်ချေမှုန်းနိုင် ရန်၊    စစ်ခေါင်းဆောင်တစ်ဦး    သိသင့်သိထိုက်သည့် စစ်ပညာ၊  ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်ဆိုသည့်  သိပ္ပအတတ် ပညာများကို  တတ်မြောက်အောင် သင်ကြားလေ့ကျင့် ပေးပြီး  ခေါင်းဆောင်ငယ်များအဖြစ်  မွေးထုတ်ပေးခဲ့ ပြီးဖြစ်ကြောင်း၊ နောင်တော်ကျောင်းဆင်းအရာရှိများ သည်လည်း  ခေတ်အဆက်ဆက်တွင်    နိုင်ငံတော် နှင့် တပ်မတော်၏တာဝန်များကို  အောင်မြင်အောင်  စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြကြောင်း၊ လက်ရှိတွင် လည်း  နိုင်ငံတော်နှင့်တပ်မတော်၏    ကြီးမားသည့် တာဝန်များကို ထမ်းဆောင်လျက်ရှိခြင်းကြောင့် အမိ စစ်တက္ကသိုလ်၏  ဂုဏ်ရောင်ထွန်းပြောင်လျက်ရှိ ကြောင်း၊  ထို့ကြောင့်    တပ်မတော်၏  ဂုဏ်၊ အမိ   စစ်တက္ကသိုလ်၏ဂုဏ်ကို  ဆက်လက်ထိန်းသိမ်းနိုင်ရန် အတွက် ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်ရာတွင်    အထက်ကယုံကြည်အားကိုးပြီး   လက်အောက်က လေးစားရသည့်  အရာရှိကောင်းများဖြစ်အောင်  ကြိုးစားသွားကြရန် မှာကြားလိုကြောင်း။


စေတနာထားဆောင်ရွက်


မကြာမီ တပ်မတော်(ကြည်း၊ ရေ၊ လေ)  တပ်ရင်း၊ တပ်ဖွဲ့အသီးသီး၌       ခေါင်းဆောင်ငယ်များအဖြစ် လက်တွေ့   တာဝန်ထမ်းဆောင်ကြရတော့မည့်သူ များအနေဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို  သိရှိ နားလည်ထားကြရန် အရေးကြီးကြောင်း၊ ခေါင်းဆောင် ဆိုသည်မှာ    အကျင့်စာရိတ္တကောင်းရမည်၊   သမာ သမတ်ရှိရမည်၊ လက်အောက်အပေါ်  စိတ်ကောင်း၊ စေတနာကောင်းရှိရမည့်အပြင်  ကိုယ်ချင်းစာစိတ်နှင့် ကွပ်ကဲအုပ်ချုပ်သွားကြရမည်ဖြစ်ကြောင်း၊  အကျင့် စာရိတ္တကောင်းမွန်မှသာ လုပ်ဆောင်ပြုမူပြောဆိုချက် များ  အောင်မြင်လာမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာ သည့်အပိုင်း၌  သဘောကောင်းခြင်းနှင့်   စေတနာ ကောင်းခြင်းကို   ခွဲခြားသိမြင်နိုင်ရန်လိုပြီး   ရေတို အလုပ်ဖြစ်စေရန် သဘောကောင်းသည်မျိုးမဟုတ်ဘဲ  ရေရှည်အကျိုးကိုကြည့်ပြီး  စေတနာထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊     ကွပ်ကဲအုပ်ချုပ်မှု အောင်မြင်ရန်အတွက်လည်း    မိမိအုပ်ချုပ်ရသည့် လက်အောက်ငယ်သားများကို  ကျောသားရင်သား မခွဲခြားဘဲ  ညီညွတ်မျှတစွာ   အုပ်ချုပ်သွားရမှာဖြစ် ကြောင်း၊ တစ်ဦးချင်းစီ၏ စိတ်နေသဘောထားနှင့် လုပ်ဆောင်နိုင်စွမ်းများ၊ အားသာချက်နှင့် အားနည်း ချက်များကိုလည်း   သိရှိအောင်ဆောင်ရွက်ပြီး လူမှန်၊ နေရာမှန်  တာဝန်ပေးအပ်နိုင်ရေး  လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း။


စစ်သားပီသစွာ နေထိုင်ကျင့်ကြံရန်လို


တပ်မတော်သားတိုင်းသည်    မည်သည့်လုပ်ငန်း တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ   စစ်တိုက် နိုင်ရမည်ဖြစ်သဖြင့်  နိုင်ငံတော်ကာကွယ်ရေးတာဝန် များကိုလည်း ထမ်းဆောင်နိုင်ရမည်ဖြစ်ခြင်းကြောင့် စစ်သားပီသစွာ နေထိုင်ကျင့်ကြံရန်လိုအပ်ကြောင်း၊  စစ်ရေးအသိ၊  စစ်ရေးသတိအမြဲရှိနေရမည်ဖြစ်သည့် အပြင်  သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများ ကို  ကျွမ်းကျင်နေရမည်ဖြစ်ကြောင်း၊ သင်ကြားပေး လိုက်သည့်စစ်ပညာရပ်များကို  လက်တွေ့နယ်ပယ် တွင်  မှန်ကန်ထိရောက်စွာ  အသုံးပြုနိုင်ရန်အတွက်  “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့်  ဆောင်ပုဒ် အတိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့် အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့်  စစ်အသုံး အဆောင်နှင့် စစ်အတတ်ပညာများကို  အသုံးချနိုင်ရန် အတွက် လေ့လာခြင်း၊ ကျန်းမာကြံ့ခိုင်ကျွမ်းကျင်နေ ရန်အတွက် လေ့ကျင့်ခြင်းနှင့်   စစ်အခြေခံသဘော တရားများ၊  စစ်မြေပြင်စည်းကမ်းများကို  တိကျစွာ လိုက်နာကျင့်သုံးကြရန်လိုအပ်သည်ကို  တိုက်တွန်း ပြောကြားလိုကြောင်း။


စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးနှင့်အသက်ဝိညာဉ်ဖြစ်သည့်အတွက်  စည်းကမ်းလိုက်နာ မှုရှိပြီး  အမိန့်နာခံမှုရှိမှသာ  စစ်သားကောင်း    တစ် ယောက်ပီသမည်ဖြစ်ကြောင်း၊  နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတာဝန်များကို  ထမ်းဆောင်ရာတွင်  အမိန့်နာခံမှုရှိခြင်းသည်   အလွန်အရေးကြီးသကဲ့သို့  စည်းကမ်းကောင်းမွန်ရန်လည်း   လိုအပ်ကြောင်း၊  စည်းကမ်းကောင်းမွန်ခြင်းသည်လည်း   အမိန့်နာခံမှု ရှိခြင်းပင်ဖြစ်ကြောင်း၊  မိမိတို့  တပ်မတော်အတွင်း၌  စည်းကမ်းများချမှတ်ထားခြင်းသည် စနစ်တကျရှိမှု နှင့် စုစည်းညီညွတ်မှုရှိစေရန်ဖြစ်သကဲ့သို့ စစ်မြေပြင် တွင် တစ်ဦးနှင့်တစ်ဦး အသက်ပေးတာဝန်ထမ်းဆောင် ကြရသူများဖြစ်သည့်အတွက် အမိန့်နာခံမှုကောင်းပြီး  ပေးအပ်သည့်တာဝန်များကို  ကျေပွန်စွာထမ်းဆောင် နိုင်ရေး၊   မလိုလားအပ်ဘဲ    အသက်အန္တရာယ်ထိခိုက် မှုများ မဖြစ်ပေါ်စေရေးတို့အတွက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်   စည်းကမ်းဆိုသည်မှာ   အကြောင်းမဲ့ တင်းကျပ်ထားခြင်းမဟုတ်သည်ကို နားလည်သဘော ပေါက်ထားပြီး  စည်းကမ်းလိုက်နာခြင်းဖြင့်  မိမိကိုယ် ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း။


ထို့အပြင် တပ်မတော်သားများ  ဖြစ်ရုံသာမက  နိုင်ငံသားတစ်ဦးလည်းဖြစ်သည့်အတွက် တပ်မတော် က ချမှတ်ထားသည့်   အမိန့်နှင့်ညွှန်ကြားချက်များ အပါအဝင်  နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေနှင့် စည်းကမ်းများကိုလည်း စံနမူနာပြလေးစားလိုက်နာ ကျင့်သုံးပြီး လက်အောက်ငယ်သားများကိုပါ လိုက်နာ မှုရှိစေရေး  ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ် ကြောင်း၊ ပေးအပ်လာသည့်တာဝန်များကို ထမ်း ဆောင်ရာတွင်  မိမိကိုယ်ကိုသစ္စာရှိရန်၊   မိမိအလုပ်နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာရှိရန်   မိမိ ကိုယ်တိုင်သာမက  နိုင်ငံတော်နှင့်တပ်မတော်အပေါ်   ယုံကြည်ချက်၊   ခံယူချက်မြင့်မားစွာ    ထားရှိရန် လိုကြောင်း   အထူးအလေးအနက်ထား    မှာကြား လိုကြောင်း။ 


စွမ်းရည်သုံးရပ်နှင့် ပြည့်ဝနေရန်လိုအပ်


တပ်မတော်၏ မူလတာဝန်သည်    နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို     ထမ်းဆောင်ခြင်းဖြစ်ပြီး နိုင်ငံတော်ကို      ကာကွယ်စောင့်ရှောက်ရန်အတွက် “စစ်ရေးစွမ်းရည်၊  စည်းရုံးရေးစွမ်းရည်၊  အုပ်ချုပ်ရေး စွမ်းရည်” ဟူသည့်  စွမ်းရည်သုံးရပ်နှင့်  ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ကြောင်း၊  စစ်ရေးစွမ်းရည်ထက်မြက် စေရန်အတွက်  စစ်အတတ်ပညာများကို  အမြဲတမ်း လေ့လာလိုက်နာနေရန်လိုသကဲ့သို့     အုပ်ချုပ်ရေး စွမ်းရည်    ထက်မြက်နေစေရန်အတွက်     အမိန့်နှင့် ညွှန်ကြားချက်များကို  အောင်မြင်အောင်ဆောင်ရွက် နိုင်ရန်  စနစ်တကျစီမံကွပ်ကဲခြင်း၊  ဆင့်ကဲကွပ်ကဲ ကြပ်မတ်ခြင်းတို့  ဆောင်ရွက်သွားရမည်၊  အုပ်ချုပ်  ရေးတွင်    ကိုယ်တိုင်လိုက်နာဆောင်ရွက်ရသကဲ့သို့ စီမံဆောင်ရွက်ပေးရခြင်းရှိပြီး နှစ်ပိုင်းလုံးကို လိုက်နာ ကျင့်ကြံအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊  စွမ်း ရည်သုံးရပ်သည်   တစ်ခုနှင့်တစ်ခု   ဆက်စပ်နေပြီး  အုပ်ချုပ်ရေးစွမ်းရည်     ကောင်းမွန်သည်နှင့်အမျှ စစ်သည်များ၏ စိတ်ဓာတ်ကောင်းမွန်လာမည်ဖြစ်ပြီး စစ်ရေးစွမ်းရည်တိုးတက်မှုကို  ရှိစေမည်ဖြစ်သကဲ့သို့  စည်းရုံးရေးစွမ်းရည်ကို    ကောင်းမွန်လာစေမည်ပင် ဖြစ်ကြောင်း။


မိသားစုစိတ်ဓာတ်မွေးမြူ


တိုင်းပြည်၏အားသည်    ပြည်တွင်း၌သာရှိပြီး တပ်မတော်၏အားကို   တပ်မတော်အတွင်း   တည် ဆောက်ရမည်ဖြစ်ကြောင်း၊  မိမိတို့တပ်မတော်သည်  တိုင်းပြည်၏  နေရာဒေသအသီးသီးက  တိုင်းရင်းသား ပြည်သူများ စုစည်းနေထိုင်တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက်    မိသားစုစိတ်ဓာတ်    မွေးမြူပြီး  စည်းလုံးညီညွတ်မှုရှိကြရမည်ဖြစ်ပြီး    စုပေါင်းအား သည်  ထုကိုရရှိစေပြီး ခိုင်မာမှုကို  ပိုမိုရရှိစေကြောင်း၊  တပ်မတော်သားများနှင့် မိသားစုဝင်များ၊  ပြည်သူများ အားလုံး စုပေါင်းအားနှင့်ရှိနေပါက  မည်သည့်အရာကို မဆို  ရင်ဆိုင်အောင်မြင်နိုင်မည်ဖြစ်သည့်အတွက်  တပ်တွင်းစည်းရုံးရေးသာမက   ပြည်သူအားလုံး၏ စုပေါင်းအားကိုရရှိစေရန်အတွက်  တပ်ပြင်စည်းရုံးရေး ကိုလည်း  အလေးထား   လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း။
စည်းရုံးရေးဆိုသည်မှာ အချိန်နှင့်အမျှလုပ်ဆောင် နေရမည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အရေးပေါ်မှ ထပြီး လုပ်ဆောင်၍ရသည့်    လုပ်ငန်းမျိုးမဟုတ်သည့် အတွက်  တစ်ကြိမ်တစ်ခါကောင်းဆောင်ရွက်ရုံဖြင့်  မရနိုင်သည်ကိုလည်း    သိရှိထားရမည်ဖြစ်ကြောင်း၊  စည်းရုံးရေးတွင်  လက်တွေ့မပါသည့် စည်းရုံးရေးနှင့်  လက်တွေ့ပါသည့် စည်းရုံးရေးဟူ၍ရှိပြီး  ပြုမူဆောင် ရွက်မှု  Behaviour   အပေါ်တွင်  မူတည်ခြင်းဖြစ် သဖြင့်  ညင်သာ သိမ်မွေ့စွာ  ဆောင်ရွက်ရန်လိုသည့် အတွက် တပ်မတော်စည်းရုံးရေးကော်မတီက  ချမှတ် ပေးထားသည့်       ရှေ့လုပ်ငန်းစဉ်များနှင့်အညီ   စဉ်ဆက်မပြတ်  ပီပီပြင်ပြင် ဆောင်ရွက်သွားကြရန် လိုကြောင်း။


တပ်တွင်းစည်းလုံးညီညွတ်ရေးကို  ဆောင်ရွက် ရာတွင်လည်း  တပ်မတော်သားတိုင်း လိုက်နာရမည့်  စစ်သည်တော်ကျင့်ဝတ်များကို တိတိကျကျလိုက်နာ ကျင့်ကြံသွားကြမှသာ   တပ်တွင်းစည်းလုံးညီညွတ်မှု  ပိုမိုခိုင်မာအားကောင်းလာမည်ကို  သိရှိနားလည်ရန် လိုကြောင်း၊   တပ်မတော်အင်အားရှိမှ    တိုင်းပြည် အင်အားရှိမည်ဖြစ်သောကြောင့် နိုင်ငံတော်၏ အချုပ် အခြာအာဏာနှင့်ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေး  ခိုင်မာသေချာစေရန် တပ်တွင်းစည်းလုံးညီညွတ်မှုကို  ကျစ်လျစ်သေချာစွာ  တည်ဆောက်သွားရန် အလေး အနက်ထား မှာကြားလိုကြောင်း။


တပ်ပြင်စည်းရုံးရေးဆောင်ရွက်ရာတွင်လည်း “ပြည်သူသာအမိ၊  ပြည်သူသာအဖ” ဟု သဘော ထားပြီး မိမိတာဝန်ထမ်းဆောင်ရသည့်  နယ်မြေဒေသ များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို   တစ်တပ် တစ်အား   ဆောင်ရွက်ပေးခြင်း၊    သဘာဝဘေး အန္တရာယ်များနှင့်ရင်ဆိုင်ရပါက  လူနည်းစု၊ တိုင်းရင်း သား၊  ဘာသာခွဲခြားမှုမရှိဘဲ   အချိန်နှင့်တစ်ပြေးညီ  ကူညီဆောင်ရွက်ပေးခြင်း၊   ပညာရေး၊  ကျန်းမာရေး နှင့်  လူမှုရေးဆိုင်ရာ    ကူညီစောင့်ရှောက်ခြင်းများ အပါအဝင်  ပြည်သူ့အကျိုးပြုလုပ်ငန်း    မှန်သမျှကို  ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။


၂၁ ရာစုခေတ်သစ်စစ်ပွဲများသည်  အကန့်အသတ်  အတားအဆီးမဲ့ပုံစံဖြင့်    အရပ်မျက်နှာအမျိုးမျိုး၊  နယ်ပယ်အမျိုးမျိုးမှ  ပုံသဏ္ဌာန်မျိုးစုံဖြင့်   ပုံဖော် တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း၊  တိုးတက်လာသည့်  ခေတ်မီစစ်လက်နက်ပစ္စည်းများကြောင့်    ပြောင်းလဲ သွားမည့် စစ်ပွဲ၏ပုံစံနှင့် စစ်ဗျူဟာများကို  ကြိုတင် မျှော်တွေးကြရမည်ဖြစ်ကြောင်း၊  ခေတ်မီဆန်းသစ် လာသည့် ကွပ်ကဲမှုနှင့် ကြီးကြပ်မှုစနစ်ကို  နားလည် တတ်ကျွမ်းအောင် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး နည်းပညာများနှင့် လိုက်လျောညီထွေပြောင်းလဲနေ သည့် စစ်မဟာဗျူဟာ၊  စစ်နည်းဗျူဟာများကိုလည်း  လေ့လာနေရမည်ပင်ဖြစ်ကြောင်း၊    ခေတ်ကာလ အခြေအနေအရ         ခေါင်းဆောင်ငယ်များအဖြစ်  တာဝန်ထမ်းဆောင်ကြရမည့်သူများအနေဖြင့် စစ်ရေး ဆိုင်ရာကိစ္စရပ်များအပြင်  လက်ရှိဖြစ်ပေါ်နေသည့်  နိုင်ငံတကာရေးရာကိစ္စရပ်များကိုပါ   စဉ်ဆက်မပြတ်  လေ့လာနေရန်လိုအပ်ကြောင်း။


ကမ္ဘာ့နိုင်ငံအသီးသီးသည်    ၎င်းတို့နိုင်ငံများ၏  ဖြစ်တည်လာမှုသမိုင်းကြောင်း၊  ရိုးရာယဉ်ကျေးမှု၊  ဓလေ့ထုံးစံ၊  မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ  စသည်တို့အပေါ်အခြေခံပြီး  ပြည်ထောင်စု စနစ်ကို  ပုံဖော်လျက်ရှိကြောင်း၊  မိမိတို့ နိုင်ငံကိုလည်း  ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအတွေ့အကြုံအရ  နိုင်ငံတော် နှင့် ပြည်သူလူထုအတွက်  ကိုက်ညီသည့်နိုင်ငံရေး ရည်မှန်းချက်(၂) ရပ်ဖြစ်သော   “စစ်မှန်စည်းကမ်း ပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊   ဒီမို ကရေစီနှင့်    ဖက်ဒရယ်စနစ်ကို    အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေး” ကို  အောင်မြင်စွာ အကောင်အထည်ဖော်နိုင်အောင်    ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။


နိုင်ငံတစ်နိုင်ငံကို     နိုင်ငံရေးမောင်းနှင်အား၊  စီးပွားရေးမောင်းနှင်အား၊  ကာကွယ်ရေးမောင်းနှင် အားတို့နှင့်  လည်ပတ်ဆောင်ရွက်ရခြင်းဖြစ်ပြီး  ၎င်းမောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင် အားသည် အဓိကအကျဆုံးဖြစ်ကြောင်း၊  စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာ  နိုင်ငံရေးမောင်းနှင် အားနှင့်  ကာကွယ်ရေးမောင်းနှင်အားတို့ကို  တည် ဆောက်နိုင်မည်ဖြစ်သောကြောင့်     မိမိတို့အစိုးရ လက်ထက်တွင်  “တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေး” ကို   အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်အဖြစ် ချမှတ်ပြီး  အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို ပြောကြားလိုကြောင်း။


ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ယခင် NLD အစိုးရ၏   ရွေးကောက်ပွဲမဲမသမာမှုမှတစ်ဆင့်  နိုင်ငံတော်အာဏာအား   မသမာသည့်နည်းလမ်းနှင့်  အဓမ္မရယူရန်ကြိုးပမ်းသည်ကို   ကာကွယ်တားဆီးရန်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသည့် အစိုးရဖြစ်သောကြောင့်   လွတ်လပ်ပြီးတရားမျှတ သည့်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို  နိုင်ငံတော်အစိုးရ၏  အန္တိမရည်မှန်း ချက်အဖြစ်ထားရှိပြီး   လုပ်ဆောင်လျက်ရှိကြောင်း၊  ရွေးကောက်ပွဲကို  တစ်နိုင်ငံလုံး  အကြားအလပ်မရှိ  ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး၊     ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏   အခွင့်အရေးများ     နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်သည့်  ရွေးကောက်ပွဲဖြစ်စေ ရေးအတွက်  အဘက်ဘက်မှ  ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက်   အခြေခံလုပ်ငန်းစဉ်များ    စတင် ဆောင်ရွက်နေပြီဖြစ်သောကြောင့်  အားလုံးပူးပေါင်း ပါဝင်ကြမှသာ   မိမိတို့သွားချင်သည့်    ပန်းတိုင်ကို  ဆောလျင်စွာ   ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်း  အသိပေးပြောကြားလိုကြောင်း။


ကိုယ်ကျင့်တရားနှင့် စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုအပြည့်ဖြင့်   စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန်၊   ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက်  နေထိုင်စားသောက်မှုကိုဂရုပြုပြီး  လေ့ကျင့် သားပြည့်ဝသည့်   စစ်သည်တော်ကောင်းများဖြစ် အောင်  ကြိုးစားကြရန်၊ ခေတ်နှင့်အညီ   ပြောင်းလဲ တိုးတက်လျက်ရှိသည့်  စစ်ဘက်ဆိုင်ရာနည်းပညာ များ   အပါအဝင်   အခြားပညာရပ်များမှာလည်း  စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊  လေ့ကျင့်မှုနှင့် လိုက်နာမှုများကို  ဆက်လက်လုပ်ဆောင်သွားကြရန်၊ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို   အခြေခံသည့်  ပြည်ထောင်စုကြီး   တည်ဆောက်နိုင်ရေးအတွက်  ကျရာတာဝန်များကို  နိုင်ငံသားကောင်း၊ တပ်မတော် သားကောင်းတစ်ဦးပီသစွာ ပါဝင်ဆောင်ရွက်သွားကြ ရန်၊   အမိနိုင်ငံတော်နှင့် တပ်မတော်အပေါ်    သစ္စာ စောင့်သိပြီး အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို    ကာကွယ်စောင့်ရှောက်ကြမည့်  နောင်တစ်ခေတ်၏  အောင်စစ်သည်များဖြစ်အောင်  ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည်   ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို  ခံယူပြီး  စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။


ဂုဏ်ပြုအမှာစကားပြောကြား


စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ငါးဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်း တက်ရောက်ရသည့် လေးနှစ်တာကာလ တစ်လျှောက် လုံး စာပေပညာ၊ စစ်ပညာတို့တွင် ကြိုးစားအားထုတ် ခဲ့မှု၊  စည်းကမ်းကောင်းမွန်မှုတို့ကြောင့်   ယခုကဲ့သို့ ထူးချွန်ဆုများ   ရရှိခဲ့ကြခြင်းဖြစ်သဖြင့်   ချီးကျူး အသိအမှတ်ပြုကြောင်းနှင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊  ဆက်လက်လျှောက်လှမ်း ရမည့်   ဘဝခရီးတစ်လျှောက်တွင်လည်း    ယခု သင်တန်းမှရရှိခဲ့သည့်  မိမိဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းကောင်းမွန်မှု စသည့်အခြေခံအလေ့အကျင့် ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး စဉ်ဆက် မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားကြရမည် ဖြစ်ကြောင်း၊   အသိပညာ၊   အတတ်ပညာများကို ဆက်လက်ဆည်းပူးလေ့လာပြီး လုပ်ငန်းခွင်တွင်ထူးချွန်သူများဖြစ်အောင်၊   တိုင်းပြည်က   အားထားရ ပြီး  လက်အောက်က     အားကိုးရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း။


တာဝန်ထမ်းဆောင်ရာတွင်လည်း    စစ်သား ကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည် ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် နောင်တော်ကျောင်း ဆင်းအရာရှိများ၊ စစ်သည်များထံမှလည်း ကောင်းမွန် သည့်အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်း သင်ယူကြရန်လိုကြောင်း၊   မိမိကိုယ်ကို   မိမိအဖွဲ့ အစည်းနှင့်  နိုင်ငံတော်အပေါ်    သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း။


နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကို မြှင့်တင်


ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပျိုးထောင် ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်  လိုအပ်မည်ဖြစ်ကြောင်း၊  ထို့အတူ ဗိုလ်လောင်းသင်တန်း လေးနှစ်တာက ာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိ စစ်တက္ကသိုလ်၏ကျေးဇူးကိုလည်း မမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို   နားထောင်ခြင်း၊   မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေးစောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့   မိမိကိုယ်ကို   ထိန်းသိမ်း နေထိုင်ခြင်း၊ စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ လူငယ်ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင် ရာတွင် ပိုင်ဆိုင်ထားပြီးဖြစ်သည့် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်တတ်သည့်စိတ်ဓာတ် နှင့် ရိုးသားသစ္စာရှိမှုတို့ကို ပေါင်းစပ်၍  မိမိတို့ဘဝ တိုးတက်မှုရှိစေရေး  စဉ်ဆက်မပြတ်    ဆက်လက် ကြိုးပမ်း   ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကား    ပြောကြားခဲ့ကြောင်း    သတင်းရရှိ သည်။


သတင်းစဉ်