
နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အရာရှိငယ်များ တက်ရောက်ကြသည်။
တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကား ပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် အရာရှိငယ်များအား တပ်မတော်နှင့်အမျိုးသား နိုင်ငံရေး၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ တစ်ဦးချင်းတာဝန်ထမ်းဆောင်မှု စသည်တို့နှင့် ပတ်သက်၍ မှန်မှန်ကန်ကန် သိရှိနားလည်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ နိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံအခြေအနေများ တူညီမှုမရှိကြ ဘဲ နယ်ချဲ့နိုင်ငံများ၊ ကိုလိုနီပြုခြင်းခံခဲ့ရသည့်နိုင်ငံ များနှင့် ကိုလိုနီပြုခြင်းမခံခဲ့ရသည့်နိုင်ငံများ စသည် ဖြင့် အမျိုးမျိုးရှိကြောင်း၊ နိုင်ငံ၏ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်း သည် အမျိုးသားနိုင်ငံရေးပင်ဖြစ်ကြောင်း၊ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားနှင့် အမျိုးသားနိုင်ငံရေးမှာ သမိုင်းနှင့်ချီ၍ ဖြစ်ပေါ်လာခဲ့သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း။
မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိပြီး ဒေသအလိုက်၊ လူမျိုး အလိုက် ကွဲပြားခြားနားမှုများရှိကြကြောင်း၊ သွင်ပြင် လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ တူညီမှု မရှိကြဘဲ တောင်တန်းဒေသနှင့် ပြည်မဒေသတို့သည် ရာသီဥတု၊ မြေအနေအထား၊ လမ်းပန်းဆက်သွယ်မှု၊ ပညာရေးနှင့် ကူးလူးဆက်ဆံမှုများ ကွာခြားမှုရှိသဖြင့် တစ်ပြေးညီတိုးတက်ခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ယခင်ဘုရင်စနစ်ကျင့်သုံးခဲ့စဉ်က ဘုရင်များ ၏ ဩဇာသက်ရောက်မှုအပေါ်မူတည်၍ ကွာခြားမှုရှိခဲ့ ကြောင်း၊ ကိုလိုနီပြုခြင်းခံခဲ့ရချိန်တွင်လည်း ပြည်မ တွင်ရှိသည့် တိုင်းရင်းသားများနှင့် တောင်တန်းဒေသရှိ တိုင်းရင်းသားများ ကွဲပြားခြားနားမှုရှိအောင် နယ်ချဲ့ တို့က ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် အင်္ဂလိပ် - မြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ကိုလိုနီလက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသည် ကိုလိုနီ လက်အောက်တွင် ပိုမိုကြာရှည်စွာ နေခဲ့ကြရကြောင်း၊ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲပြီးနောက် ၎င်းဒေသ များသည် အင်္ဂလိပ်အုပ်ချုပ်မှုပုံစံကို ကျင့်သုံးခဲ့ကြပြီး ထိုအချိန်၌ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ဘုရင်စနစ်ကို ကျင့်သုံးနေဆဲဖြစ်ကြောင်း၊ အုပ်ချုပ်မှု ပုံစံကွဲပြားခြားနားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုလိုနီ လက်အောက်သို့ ကျရောက်ချိန်တွင် ၎င်းတို့၏ တောင်တန်း - ပြည်မ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေခဲ့ ကြောင်း၊ ကိုလိုနီလက်အောက်မှ ရုန်းထွက်ချိန်တွင် ပညာတတ်များနည်းပါးခြင်းနှင့် စုစည်းညီညွတ်သည့် အားများ နည်းပါးမှုများရှိခဲ့၍ လွတ်လပ်ရေးကို ခက်ခဲစွာကြိုးပမ်းရယူခဲ့ရကြောင်း။
တပ်မတော်သားများသည် အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်နေသူများ၊ အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်နေသူများဖြစ်သည့် အတွက် ခေတ်အဆက်ဆက်နိုင်ငံ၏သမိုင်းကို မှန်မှန် ကန်ကန်သိရှိရန် လိုအပ်ကြောင်း၊ အမျိုးသားနိုင်ငံရေး နှင့် အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ရာတွင် နိုင်ငံ၏သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိထားမှ သာ မိမိတို့၏ အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံ၏သမိုင်းကြောင်းမှ သင်ခန်းစာများကို ဖော်ထုတ်ပြီး နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ရန် လိုကြောင်း။
မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ အရေး ပါပုံနှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကိုလည်း အမြဲမပြတ် သိရှိနားလည်နေရန်လည်းလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့ နိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်း သိရှိနေရမည်ဖြစ်ပြီး ဆက်လက်၍လည်း မျက်ခြည်မပြတ် လေ့လာသွားရန်လိုကြောင်း။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန် ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်း ကြောင်းကိုလေ့လာကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့ စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီ ရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(၁၉၄၇ ခုနှစ်) ကို ကျင့်သုံးခဲ့ကြောင်း၊ မိမိတို့တိုင်းပြည်သည် ကိုလိုနီ ဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်အများစုတွင် နိုင်ငံရေး အယူအဆကွဲပြားမှုများ ရှိခဲ့ကြောင်း၊ နိုင်ငံတော်၌ ဆိုရှယ်လစ်စနစ်ကျင့်သုံးနိုင်ရေးအတွက် တော်လှန် ရေးကောင်စီ၏ မူဝါဒသဘောထား ကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်းမှတ်တမ်းများ၌ တွေ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံရေးအရ အခက်အခဲနှင့် သမိုင်းကြောင်းများ အပြင် စီးပွားရေးအရအခက်အခဲနှင့် သမိုင်းကြောင်း များကြောင့် ဖြစ်ကြောင်း။
ထိုသို့ အခက်အခဲ၊ အကျပ်အတည်းများ ဖြစ်ပေါ် နေမှုကို တပ်မတော်ခေါင်းဆောင်များက သတိထား တွေ့မြင်ခဲ့ပြီး တိုင်းပြည်၏ အနာဂတ်အရေးအတွက် မျှော်တွေးထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထို့နောက် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးခဲ့ပြီး နိုင်ငံတော်၏စီးပွား ရေးအခန်းကဏ္ဍကို ပြည်သူတို့လက်ဝယ်တွင် ရှိစေ ရေးအတွက် ဆောင်ရွက်ခဲ့ရသည်များရှိကြောင်း၊ ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊ စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေး ကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားခဲ့ရခြင်းသည် နိုင်ငံရေးပဋိပက္ခများထက် စီးပွားရေးကျဆင်းခဲ့ရမှု များကြောင့် အခြေခံပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာ ခဲ့ပြီး ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီ စနစ် လျှောက်လှမ်းနိုင်ရေးအတွက် ဦးတည်ဆောင်ရွက် ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရေး မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ နိုင်ရေး တပ်မတော်မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ရ ကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ သွားနိုင် ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ရာ တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို မြေတောင် မြှောက်ပေးခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူ လူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိ အောင် ဖော်ဆောင်ပေးခဲ့ကြောင်း။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ပထမအကြိမ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီ အစိုးရတစ်ရပ်တက်လာခဲ့ပြီး တပ်မတော်အနေ ဖြင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း တွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရ သည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့် ဖြစ်ထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက် ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိ ခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင် လည်း အုပ်ချုပ်သူအစိုးရအဖွဲ့အနေဖြင့် အကျပ် အတည်းများစွာဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်မှ ကူညီ ဖြေရှင်းပေးခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍ တရား မျှတသည့်ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲ တွင် မရိုးသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်း ကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော် မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိ သည့်အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော် အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သော ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော် မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ခဲ့ခြင်းသည် နိုင်ငံတော်မှ လျှောက်လှမ်းနေသည့်၊ ပြည်သူလူထုမှ လိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေးအတွက်သာဖြစ်ပြီး မိမိတို့ အနေဖြင့် အဆိုပါလမ်းကြောင်းပေါ်မှ သွေဖည်အောင် ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည် တည်ငြိမ်ရေးကိုဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ သာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိ ရန်လိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာ ဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို အခက်အခဲ၊ အကျပ် အတည်းများကြားမှ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဟူသည့် အချက်အား မဖြစ် မနေ အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
တစ်ဦးချင်း၏ တာဝန်ထမ်းဆောင်မှုနှင့်
ပတ်သက်၍ ရည်မှန်းချက်များ မပျောက်ပျက်အောင်
အလေးထား ဆောင်ရွက်သွားရန်လို
တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက် ၍ တပ်မတော်သားတိုင်းသည် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော် အတွင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်များ မထိခိုက် အောင် နေထိုင်ဆောင်ရွက်ကြရန်နှင့် ရည်မှန်းချက် များ မပျောက်ပျက်အောင် ထိန်းသိမ်း ဆောင်ရွက်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူတိုင်းသည် ဘဝတိုးတက်မှုကို လိုလား ကြပြီး တိုးတက်မှုများ ဖြစ်ပေါ်ရေးအတွက် အဓိက လိုအပ်ချက်သည် အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ်လေ့လာအားထုတ် ကြိုးစားလုပ်ဆောင် ခြင်းပင်ဖြစ်ကြောင်း၊ မိမိဘဝအတွက် အကျိုးဖြစ်စေ မည့် စာပေဗဟုသုတ၊ ဘာသာစကားနှင့် နည်းပညာ ပိုင်းဆိုင်ရာများကို လေ့လာသင်ယူနေရမည်ဖြစ် ကြောင်း၊ ထို့ပြင် သင့်တင့်လျောက်ပတ်သည့် ကိုယ်ခန္ဓာ သွင်ပြင်နှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ညီညွတ်မျှတသည့် နေထိုင်စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှုရှိရမည်ဖြစ်ကြောင်း။
မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရာ၌ မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိ အလုပ်ကို သစ္စာရှိရမည်၊ မိမိ မိသားစုကို သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိ ကိုယ်ကို၊ မိမိတပ်မတော်အပေါ်၊ မိမိနိုင်ငံတော် အပေါ် ယုံကြည်ချက် ခံယူချက်မြင့်မားရမည်ဖြစ် ကြောင်း၊ လူတိုင်းသည် မိမိတို့ ဘဝတိုးတက်ရေး အတွက် ရည်မှန်းချက်များရှိကြကြောင်း၊ ရည်မှန်း ချက်များ ဖြစ်မြောက်အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်ဦး တစ်ယောက်ချင်းစီ၏ ရည်မှန်းချက်တာဝန်များ ကို ဆောင်ရွက်ရာတွင် အသိတရား၊ သတိတရား ဖြင့် ထိန်းသိမ်း၍ ဆောင်ရွက်ကြမည်ဆိုပါက မိမိ တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်နိုင် မည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်