
နေပြည်တော် ဇွန် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူ များလိုက်ပါ၍ မှော်ဘီတပ်နယ်ရှိ တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ အား တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) တပ်မှူးတို့က မြဝတီရုပ်မြင်သံကြား ထုတ်လွှင့်မှုပိုင်းဆိုင်ရာများ၊ သဇင် FM ထုတ်လွှင့်မှု ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်များနှင့် တပ်မတော်အသံလွှင့်တပ်များ၏ သမိုင်းအကျဉ်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ နှင့် အဆင့်မြှင့်တင်ထုတ်လွှင့်နိုင်ခဲ့မှု၊ နေ့စဉ် ပြည်တွင်း၊ ပြည်ပသတင်းများအပါအဝင် အခြားသော ဗဟုသုတဖြစ်ဖွယ်၊ စိတ်ဝင်စားဖွယ် အစီအစဉ်များစွာ ကို ထုတ်လွှင့်ပေးလျက်ရှိမှု၊ သဇင် FM မှ နေ့စဉ် ထုတ်လွှင့်ပေးလျက်ရှိသည့် အစီအစဉ်များ၊ ရုပ်သံ ထုတ်လွှင့်ရေးတပ်များ၊ အသံလွှင့်တပ်များ၏ တိုးတက်ဆောင်ရွက်နိုင်မှုများနှင့် အထွေထွေလိုအပ် ချက်များ၊ မြဝတီတေးဂီတအဖွဲ့နှင့် သံစုံတီးဝိုင်းငယ် အဆင့်ဆင့်တိုးတက်လာမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသည့် သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် အများ ပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပ သတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ်ထုတ်လွှင့်နေရန်လို ကြောင်း၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် ရေဒီယိုအသံလွှင့် ခြင်းများ ဆောင်ရွက်ရာတွင် အများပြည်သူ စိတ်ဝင်စားမှုဖြစ်စေမည့် အစီအစဉ်များနှင့် အသိ ပညာပေးအစီအစဉ်များကိုလည်း ထုတ်လွှင့်ရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ကို ၁၉၉၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ် ကြောင်း၊ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့် ပတ်သက် ၍ အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံများရှိ ပြီးဖြစ်ကြောင်း၊ စတင်ထုတ်လွှင့်ချိန်၌ ခေတ်နှင့် အညီဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်သူများကို စိတ်ပါ ဝင်စားအောင်ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ၃၃ နှစ်တာ ကာလအတွင်း အတွေ့ အကြုံများ များစွာရရှိပြီးဖြစ်ကြောင်း။
ရုပ်မြင်သံကြားထုတ်လွှင့်မှုသည် နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုရန်လို
ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း လုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်း တစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုး ပြုသည့်လုပ်ငန်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့လုပ်ငန်း၏ အကျိုး၊ ပြည်သူလူထုနှင့် နိုင်ငံတော်အပေါ် အကျိုးပြုနိုင်မှုများကို သုံးသပ် ဆောင်ရွက်ရန်လိုကြောင်း။
မိမိတို့ထုတ်လွှင့်သည့် ရုပ်သံထုတ်လွှင့်မှုများကို နိုင်ငံအနှံ့နေရာအားလုံး၌ ဖမ်းယူကြည့်ရှုနိုင်ရန် လိုကြောင်း၊ ဒေသအလိုက် တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေသခံပြည်သူများသာမက ရှေ့တန်းရောက် တပ်မတော်သားများအနေဖြင့်လည်း အသံထုတ်လွှင့် မှု အစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်လိုကြောင်း၊ လိုအပ်သည့် သတင်းအချက်အလက်အမှန်များနှင့် သုတရသဖြစ်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ် အစီအစဉ်များကို ဖမ်းယူနားဆင်နိုင်ရမည်ဖြစ်ကြောင်း။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ရည်ရွယ်ချက်မှာ “ပြန်ကြား ပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နှင့် စည်းရုံး ရန်” ဖြစ်ကြောင်း၊ နည်းမှန်လမ်းမှန်ပြန်ကြားပေး ခြင်း၊ ဖျော်ဖြေပေးခြင်းနှင့် ပညာပေးခြင်းတို့ကို ဆောင်ရွက်မှုသည် စည်းရုံးရေးကို ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ဖျော်ဖြေမှုများ ဆောင်ရွက်ရာတွင် အသံနှင့်အရုပ်နှစ်ခုလုံး ပါဝင်ကြောင်း၊ မိမိတို့ မသိရှိ သေးသည့် အကြောင်းအရာနှင့် အသိပညာဗဟုသုတ များကို ထုတ်လွှင့်ပေးခြင်းသည် ပညာပေးခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မှန်မှန်ကန်ကန်ဖြင့် ထုတ်လွှင့်နိုင်ရန်နှင့် ကျေးလက်ဒေသများရှိ ပြည်သူ များပါ နားလည်နိုင်သည့် လွယ်ကူရှင်းလင်းသည့် ထုတ်လွှင့်မှုများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းရည်မှန်းချက်များ အောင်မြင် စေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း။
မီဒီယာလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မြန်မာနှင့် ကမ္ဘာအကြောင်း သိရှိနှံ့စပ်ကျွမ်းကျင်ရမည်
ထိုကဲ့သို့သော ပြည်သူလူထုသို့ ပြန်ကြားရေး တာဝန်များကို ထမ်းဆောင်နေကြရသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍လည်း မှန်မှန်ကန်ကန်သိရှိထားရန်လို ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေး အရသဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ခဲ့မှုမရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း စီမံဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအကြောင်းကို ဘက်စုံထောင့်စုံမှ အသေးစိတ်သိရှိပြီး ယုံကြည်ချက်၊ ခံယူချက် လေးနက်စွာ ခံယူမှုရှိရမည်၊ ဗဟုသုတ ပြည့်စုံကြွယ်ဝပြီး စဉ်ဆက်မပြတ် လေ့လာဆည်းပူး လိုစိတ်ရှိရမည်၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များကို နှံ့စပ်စွာသိရှိ နားလည်ရမည်ဖြစ်ကြောင်း။
သတင်းများထုတ်လွှင့်ခြင်းနှင့် အစီအစဉ်များ ထုတ်လွှင့်ရာတွင် သွက်လက်ဖျတ်လတ်၍ နှစ်လို ဖွယ်ဖြစ်အောင် တည်းဖြတ်ခြင်းများကို စနစ်တကျ ဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လွှင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ်သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများအတွက် ပညာပေးအစီအစဉ် များထုတ်လွှင့်ရာတွင် ပြည်သူများ အမှန်တကယ် ပညာရရှိနိုင်သည့် ထုတ်လွှင့်မှုများဖြစ်ရန် လိုသဖြင့် ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေး
လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဘဝ ရပ်တည်မှုအတွက် ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း၊ စိတ်သန့်သန့်ဖြင့် ဆောင်ရွက်မှသာ မိမိကိုယ်ကို ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ မီဒီယာလုပ်ငန်းများ ဆောင်ရွက်နေသူများဖြစ်သဖြင့် စည်းလုံးမှုပိုမိုရရှိရန်လိုကြောင်း၊ မိမိတို့ လုပ်ဖော် ကိုင်ဖက်ညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်း လုံးလုံးဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ မတူညီ သည့် ဒေသများမှ လာရောက်၍တာဝန်ထမ်းဆောင် ကြခြင်းဖြစ်သဖြင့် မိသားစုစိတ်ဓာတ်၊ ညီအစ်ကို မောင်နှမစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း။
ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး
လုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်း အမြစ်များပြည့်ဝစေရေးအတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ လူသားအရင်းအမြစ်များ ပြည့်စုံစေ ရေးအတွက် အရင်းအမြစ်အသစ်များကို စဉ်ဆက် မပြတ်လေ့ကျင့်သင်ကြားပေးခြင်းနှင့် ရှိပြီးသား လူသားအရင်းအမြစ်များကို ပိုမို၍ ကျွမ်းကျင်သူများ ဖြစ်လာအောင်ဆောင်ရွက်ခြင်းဟူ၍ နှစ်ပိုင်းရှိရာ နှစ်ပိုင်းလုံးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ရုပ်မြင်သံကြားထုတ်လွှင့်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများကိုလည်း ရှိပြီးဖြစ်သည့် စက်ပစ္စည်းများကို အကောင်းဆုံးအသုံးပြုရန်နှင့် ရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နေ ရန်လိုကြောင်း၊ ရှေးယခင်ကအသုံးပြုခဲ့သည့် စက် ပစ္စည်းများကိုလည်း ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း၊ သမိုင်းသည် မိမိတို့အတွက် တန်ဖိုးဖြတ် ၍ မရနိုင်သဖြင့် အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်း မှတ်ရာ ထိန်းသိမ်းခြင်းများကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်နေရန်လိုကြောင်း၊ ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသူများသည် ပစ္စုပ္ပန်သမိုင်းကို ရေးထိုးနေကြသူများဖြစ်သဖြင့် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဆိုပါက မိမိတို့၏ ကောင်းမွန်သည့်သမိုင်းများ ကျန်ရှိ မည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေ များကိုပေးအပ်ရာ တပ်မှူးကလက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်(မှော်ဘီ) ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုသည့် OB Van (Outdoor Broadcasting Van)နှင့် Uplink Vehicle ယာဉ်များအသုံးပြုလျက် ရှိမှုအခြေအနေကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့် ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် အရာရှိ၊ စစ်သည်များ၊ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံစဉ် မြဝတီတေးဂီတ အဖွဲ့၊ သံစုံတီးဝိုင်းငယ် (Mini-Orchestra)မှ အဖွဲ့ သားများက တယော၊ စောင်းတို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) စက်ရုံအတွင်း လှည့်လည်၍ ပြင်ဆင်ခန်းများ၊ သတင်းထုတ်လွှင့်ခန်း များ၊ တည်းဖြတ်ခန်းများနှင့် ဂြိုဟ်တုစက်ခန်းများ အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနအလိုက် တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်သည်များကို လုပ်ငန်းခွင် မပျက် အပိုင်းလိုက်ခွဲ၍ ပြုပြင်ဆောင်ရွက်သွားရန် နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်(မှော်ဘီ)အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)ကို ၁၉၉၀ ပြည့်နှစ်၊ ဧပြီ လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် Analog Playout စနစ်ဖြင့် စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ ရက် ရွှေရတုတပ်မတော်နေ့တွင် မြဝတီရုပ်မြင်သံကြားကို တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်အဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် Digital Playout စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Digital ရုပ်သံလိုင်း ၇ လိုင်းကို ထုတ်လွှင့် ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အင်္ဂလိပ်ပိုင်း သတင်းနှင့် အစီအစဉ်များကို ထပ်မံတိုးချဲ့ ထုတ်လွှင့် နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ် ၂၇ ရက်မှစ၍ ရုပ်သံလိုင်းများအား HD စနစ်ဖြင့် ထုတ်လွှင့်နိုင်ခဲ့ ကြောင်း၊ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေး တပ်အနေဖြင့် ပြည်တွင်း၊ ပြည်ပသတင်းများ၊ ထိပ်တန်းရောက် ကမ္ဘာ့သတင်းသုံးသပ်ချက်များ၊ ဗဟုသုတဖြစ်ဖွယ်နှင့် သုတရသဖြစ်ဖွယ် အစီအစဉ် များကို နေ့စဉ်ထုတ်လွှင့်ပြသလျက်ရှိကြောင်း၊ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မြဝတီရုပ်မြင်သံကြား)အနေဖြင့် ကြည့်ရှုသူများကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်များ ရရှိ စေရေး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေ ရေး၊ အမျိုးသားရေးအမြင်ရှိစေရေး အစဉ်ကြိုးပမ်း ထုတ်လွှင့်လျက်ရှိပြီး နိုင်ငံတော်နှင့် တပ်မတော်၏ ပဓာနကျသည့် သွက်လက်ထက်မြက်သည့် မီဒီယာ တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်