
နေပြည်တော် မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အသီးသီးရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှင်းလင်း ဆောင်တွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေး မှူး ဗိုလ်ချုပ် မျိုးသန့်တို့က အိမ်ရာအတွင်း စစ်မှုထမ်းဟောင်းများနှင့် မိသားစုများကို နေရာ ချထားပေးမှု အခြေအနေ၊ အိမ်ရာများ ထပ်မံ တည်ဆောက်နေမှု၊ အရိပ်ရပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ ရေ၊ မီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အခြေအနေ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၏ နေထိုင်ရေး အတွက်သာမက စားရေး၊ နေရေးနှင့် အလုပ် အကိုင်ရရှိရေးတို့အတွက် အဆင့်မြင့်ဥစားကြက်ခြံလုပ်ငန်းလည်ပတ်နေမှုအခြေအနေ၊ အထည်ချုပ် စက်ရုံ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် အိမ်ရာအတွင်း သာရေး၊ နာရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ကလေးကစားကွင်း နှင့် စာကြည့်တိုက် ထည့်သွင်းဆောင်ရွက်ပေးထား သည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြ ကြသည်။
ကြိုတင်ပြင်ဆင်ကြရမည်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အိမ်ရာအတွင်းပြီးစီးပြီးဖြစ်သည့် အခန်း များ၌ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ ရောက်ရှိနေထိုင်လျက်ရှိပြီဖြစ်သော်လည်း ရောက်ရှိ နေထိုင်ရန် ကျန်ရှိနေသူများအားလုံး ရောက်ရှိနေထိုင် နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပြစီမံ ကိန်းအသွင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိသားစု ဝင်များ၏ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်း အတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်း များ၊ အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် အလုပ် အကိုင်များ၊ စက်မှုအထက်တန်းကျောင်း၊ စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းများကို ဆောင်ရွက် ပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရန် လိုကြောင်း၊ အိမ်ရာတွင် နေထိုင် သူများ လူနေမှုအဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်ကျနသည့် အဆင့်မီ Shopping Mall တစ်ခုကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အိမ်ရာအတွင်း နေထိုင်သည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များ အတွက် အသက်အရွယ်အလိုက် လုပ်ကိုင်နိုင်မည့် လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် စားကျက်မြေများ ဖြစ်ပေါ်လာစေရေး ယခုကတည်း က ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ထားရန်လိုကြောင်း၊ နေရာအကျယ်အဝန်းများစွာ မယူသည့် ခေတ်မီမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်ကြောင်းနှင့် လမ်းပန်းဆက်သွယ်မှုလွယ်ကူရေး၊ လမ်းများ ကောင်းမွန်ရေးတို့အတွက် လိုအပ်သည်များကို မှာကြားရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဒုတိယဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း ဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တို့က မြို့ပြ စနစ်တွင် ပါဝင်သင့်သည့်အချက်များ ပါဝင်နိုင်ရေး၊ ရေစွန့်ထုတ်သည့်စနစ် ကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများကို အကြံပြု ဆွေးနွေးတင်ပြကြသည်။ အကြံပြုတင်ပြချက်များ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည် များ ပြန်လည်ဆွေးနွေးသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း နေထိုင် လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အိမ်ရာ တည်ဆောက်ရေးစီမံကိန်းအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)ကို ၂၀၁၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ အငြိမ်းစား ယူပြီး ရန်ကုန်မြို့တွင် အခြေချနေထိုင်လိုသူများ အတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ အိမ်ရာတွင် နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးတို့တွင် လိုအပ်နိုင်သည့် အခြေခံလိုအပ်ချက်များကို ထည့်သွင်းတွက်ချက်ပြီး မြို့ပြစီမံကိန်းအသွင် တည်ဆောက်လျက်ရှိကြောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များအား နေရာချထားပေးလျက် ရှိကာ အိမ်ရာစီမံကိန်းကို ဆက်လက်အကောင် အထည်ဖော် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်