
နေပြည်တော် မေ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ ဥက္ကဋ္ဌ စဝ်ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အတွင်း ရေးမှူး(၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်အမြင် တူညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA) အဖွဲ့ ဥက္ကဋ္ဌကလည်း ယင်းကိစ္စများနှင့် ပတ်သက်၍ သဘောထားအမြင်တူညီချက်များအား ပြန်လည် ဆွေးနွေးခဲ့ပြီး အဖွဲ့များအားလုံး တွေ့ဆုံပြီးစီးသည့် အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အချိန်ဇယား(Time Frame) ကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS (SSA) အဖွဲ့ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေး ထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်