
မန္တလေးမြို့တွင် လူဦးရေ တစ်သန်းခွဲခန့်ရှိပြီး နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်၊ အသားလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်
နေပြည်တော် ဇန်နဝါရီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ် တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်း ဒေသကြီးရှိ နို့စားနွားမွေးမြူရေးစီမံကိန်း (ထုံးဘို)နှင့် မာဘယ်ကျောက်ပြားထုတ်လုပ်ရေးစက်ရုံ (မန္တလေး)တို့သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နို့စားနွားမွေးမြူရေးစီမံကိန်း(ထုံးဘို)သို့ ရောက်ရှိကြပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန် ရှိသူတစ်ဦးက မွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြေမဲ့စနစ် (Hydroponic Fodder)ဖြင့် အစာစိမ်းများကျွေးမွေးနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ထွက်ရှိလာသည့် နွားနို့များကို ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးကြိုးပမ်း
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မွေးမြူရေးစခန်းများ ဆောင်ရွက်ရ ခြင်း၏ရည်ရွယ်ချက်သည် နယ်မြေခံတပ်မတော် သားများနှင့် ဒေသခံပြည်သူလူထုတို့ အသားငါး များကို ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝ စားသောက်နိုင်စေရေးအတွက်ဖြစ်ပြီး အမြတ် အတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ သက်သာချောင်ချိရေးကို အဓိကထား စဉ်းစားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် လူဦးရေ တစ်သန်းခွဲခန့်ရှိပြီး နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်၊ အသားလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ဈေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မီသည့် နို့နှင့်အသားများကို ပြင်ပပေါက်ဈေးထက် သက်သာ သောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ် ကြောင်း၊ ပြည်ပနိုင်ငံများမှ နို့ထွက်ပစ္စည်းတင်သွင်း နေရမှုများကို လျှော့ချပြီး ပြည်တွင်း၌ပင် လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
အောင်မြင်အောင် လေ့လာကြံဆလုပ်ကိုင်ရမည်
ကျွေးမွေးသည့်အစာများ၏ ကြီးထွားမှုအပေါ် သက်ရောက်မှု၊ နို့ထွက်နှုန်းအပေါ် သက်ရောက်မှု တို့ကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေး၍ စနစ်တကျကျွေးမွေးဆောင်ရွက် ရန်လိုကြောင်း၊ ဖြည့်ဆည်းပေးထားသည့် အခြေခံ အဆောက်အဦများကို ထိရောက်အကျိုးရှိစွာ အသုံး ချ၍ ထိုးထွင်းကြံဆမှုဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနှင့်အစာကို ပြည့်မီအောင် ကျွေးမွေးပြီး သန့်ရှင်းသပ်ရပ်စွာနှင့် ကျန်းမာအောင်ထားမည်ဆိုပါက နို့အထွက်နှုန်း လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားသုံးစွဲမှုနှင့် ပတ်သက်၍ စနစ်တကျသုံးစွဲ ရန်နှင့် အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ LED မီးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲ နိုင်ရေးအတွက်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒေသ၏ နို့ထွက်ပစ္စည်းနှင့် အသားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းအဆင့်များကို အောင်မြင်အောင် လေ့လာကြံဆပြီး လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် နို့စားနွားမွေးမြူရေးစီမံကိန်းအတွင်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။
ချီးမြှင့်ငွေများပေးအပ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မာဘယ်ကျောက်ပြားထုတ်လုပ် ရေးစက်ရုံ (မန္တလေး)သို့ ရောက်ရှိကြပြီး စက်ရုံ အတွင်း နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော် အတွင်းအသုံးပြုမည့် ကျောက်ပြားများနှင့် ကျောက်စာချပ်များ ထုတ်လုပ်နေမှုအခြေအနေ၊ မန္တလေးမဟာမြတ်မုနိဘုရားကြီးနှင့် ကုသိုလ်တော် ဘုရားကြီး ရင်ပြင်တော်တွင် ခင်းကျင်းမည့် နေပူခံ ကျောက်ပြားများ ထုတ်လုပ်နေမှုအခြေအနေနှင့် CNC Machine များကို အသုံးပြု၍ ဆင်းတုတော် များနှင့် ရုပ်တု၊ ရုပ်ထွင်းများ ထုတ်လုပ်နေမှုအခြေ အနေများကိုကြည့်ရှုရာ မြန်မာစီးပွားရေးကော်ပို ရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စက်ရုံ မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြ သည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားခဲ့ပြီး စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်