
နေပြည်တော် ဇွန် ၂၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြားချက်အရ Republic of the Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်းအနားသို့ အထူး ဧည့်သည်တော်အဖြစ် တက်ရောက်သည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ဝင်များ တက်ရောက်ကြပြီး Republic of the Tatarstan မှ သမ္မတအပါအဝင် ဒုတိယဝန်ကြီးချုပ် Mr. Nigmatullin Rustan Kamilievich ၊ Kazan မြို့တော်ဝန် နှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားပြည်သူများ၊ ဒေသခံများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရိုးရာ နွေရာသီပွဲတော် အခမ်းအနားပြုလုပ်မည့် Kazan မြို့တော်၊ Maidan ရင်ပြင်သို့ ရောက်ရှိကြရာ Republic of the Tatarstan ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဥက္ကဋ္ဌနှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့က ရိုးရာထုံးတမ်း ဓလေ့နှင့်အညီ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရိုးရာနွေရာသီပွဲတော်တွင် ရိုးရာဒေသအလိုက် ဒေသထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ ရိုးရာအားကစားပြိုင်ပွဲများ ပြုလုပ်နေမှု၊ ရိုးရာဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ များ ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှု လေ့လာကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများနှင့် ဒေသခံများက ရိုးရာအက အလှတီးမှုတ်မှုများဖြင့် ဝမ်းပန်းတသာ ကြိုဆိုနှုတ်ဆက်၍ ၎င်းတို့၏ ဓလေ့ထုံးတမ်းများကို ရှင်းလင်း ပြသကြသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း လေ့လာခဲ့သည်။
ပါဝင်ဆင်နွှဲ
ထို့နောက် ရိုးရာနွေရာသီပွဲတော်ကို Maidan ရင်ပြင်၌ ကျင်းပပြုလုပ်ရာ Republic of the Tatarstan သမ္မတက တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ပြီး နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ထို့နောက် ရိုးရာနွေရာသီပွဲတော် စတင်သည့် အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှု အက အလှများ၊ တေးသီချင်းများ၊ ရိုးရာဓလေ့ များကို သရုပ်ဖော်သည့် အကအလှ များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသူများက အားပေး ခဲ့ကြပြီး ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြ သည်။
ချစ်ကြည်ရင်းနှီးမှုကိုပိုမိုရရှိစေ
အဆိုပါ ရိုးရာနွေရာသီပွဲတော် (Sabantuy) သည် Tatarstan ရှိ တောင်သူ လယ်သမားများ မျိုးစေ့ကြဲအောင်မြင်ခြင်း နှင့် မရိတ်သိမ်းမီကာလအတွင်း အပင်များ ရှင်သန်ကြီးထွားနေချိန်တွင် လယ်သမား များ အားလပ်ချိန်၌ ခေတ်အဆက်ဆက် ကျင်းပပြုလုပ်သည့် ပွဲတော်တစ်ခုဖြစ်ပြီး ဇွန်လ ပထမအပတ်တွင် ကျေးလက်ဒေသ များ၌လည်းကောင်း၊ ဒုတိယအပတ်တွင် မြို့ငယ်များ၌လည်းကောင်း၊ တတိယ အပတ်တွင် မြို့ကြီးများ၌လည်းကောင်း၊ စတုတ္ထအပတ်တွင် မြို့တော် Kazan ၌လည်းကောင်း ကျင်းပပြုလုပ်လေ့ရှိ ကြောင်း၊ အဆိုပါပွဲတော်တွင် မျိုးနွယ်စု အားလုံးပါဝင်သော ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲ၊ ဈေးရောင်းပွဲတော်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပါဝင် ပြသကြသည့် ပွဲတော်တစ်ခုဖြစ်ပြီး မျိုးနွယ်စုအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ထွက်ကုန်များ၊ ယဉ်ကျေးမှုရိုးရာပစ္စည်း များ၊ စားသောက်ကုန်များနှင့် ရိုးရာ အကအလှများကို အဝန်းအဝိုင်းတစ်ခု သတ်မှတ်၍ စုပေါင်းကျင်းပသည့် ချစ်စရာ ပွဲတော်ဖြစ်ပြီး ၎င်းတို့ထဲမှ စီစဉ်တင်ဆက် မှု အကောင်းဆုံးအဖွဲ့ကိုလည်း ထိုက်တန် စွာ ဆုချီးမြှင့်ကြကြောင်း၊ အဓိကအားဖြင့် Tatarstan ရိုးရာနပန်းပွဲကို ကျင်းပပေးပြီး ပထမဆုရရှိသူကို မော်တော်ကားဆုဖြင့် ထိုက်တန်စွာ ချီးမြှင့်ပေးလေ့ရှိကြောင်း နှင့် မြို့တစ်မြို့တွင် တစ်ရက်တည်းသာ ကျင်းပပြုလုပ်သည့် ပွဲတော်တစ်ခု ဖြစ်သဖြင့် မျိုးနွယ်စုမျိုးစုံနှင့် ဒေသခံများ၊ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည် များဖြင့် စည်ကားစွာ လာရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
တည်ခင်းဧည့်ခံ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က Republic of the Tatarstan ၏ ရိုးရာနွေရာသီပွဲတော်သို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက် ရန် ဖိတ်ကြားပြီး Tatarstan ၏ ချစ်စရာ ရိုးရာဓလေ့ထုံးတမ်းများကို လေ့လာခွင့် ရသည့်အတွက် ကျေးဇူးတင်စကားနှင့် Republic of the Tatarstan ရှိ မျိုးနွယ်စု အားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာစကားပြောကြားသည်။ ယင်းနောက် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်