
နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင် နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး အတွက် တာဝန်ရှိသူများအနေဖြင့် ညင်ညင်သာသာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မပြောင်းလဲကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှု ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ မူဝါဒများပြောင်းလဲခြင်းမရှိကြောင်း၊ ပကတိ အခြေအနေများသည် ရွေးကောက်ပွဲမဲစာရင်းများ မှားယွင်း မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေ တွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့တွင် အရပ်ဘက်မှ အများကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကို အလေးထားကြောင်း။
အလေးထားဆောင်ရွက်
ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလပြီးဆုံးသွားပါက စည်းကမ်းပြည့်၀ပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေး သွားမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အရေးပေါ် ကာလအတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်မှု ရှိမှ တစ်ဦးချင်း၏ အကျိုးစီးပွားကို ဖော်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း။
အဓိကအားဖြင့် COVID-19 ကာလတွင် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည်တည့်မတ်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုအား COVID-19 ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများကို ရပ်ဆိုင်းထား၍မရကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှု စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက် မှုပေးရမည့်လုပ်ငန်းတာဝန်ကို မထမ်းဆောင်မှုများသည် ဆရာဝန်များ၏ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်ရာရောက်ပြီး ပြည်သူများအနေဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက် မှုများ ခံယူရာတွင် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေး အကုန်အကျများစွာဖြင့် ကုသမှုခံယူရသောကြောင့် ပြည်သူ များအနေဖြင့် ထိခိုက်နစ်နာမှုများရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့်အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လူ့အသက်သည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးနှင့် စပ်လျဉ်းပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပြုထားကြောင်း။
ကူညီဆောင်ရွက်ပေးလျက်ရှိ
စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ရန် လိုအပ် ကြောင်း၊ သို့ဖြစ်၍ မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေးပုံမှန်လည်ပတ်နိုင်ရန် အဓိက အရေးပါသည့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရန် လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယခုကာလတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ခက်ခဲပင်ပန်းစွာ ဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး မိမိကိုယ်ကိုယ် ခုခံ ပိုင်ခွင့်ဖြင့်သာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆူပူမှုများအား ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတကာအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ တာဝန်ယူထိန်းသိမ်းဆောင်ရွက်မှုအပေါ် ယခင်ကပြစ်တင် ဝေဖန်မှုများရှိခဲ့သော်လည်း ယခုအခါ အနောက်နိုင်ငံများမှ အပ အခြားနိုင်ငံများက မိမိတို့၏ ဆောင်ရွက်မှုသည် ပြည်တွင်းရေးကိစ္စဖြစ်သဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားနေကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမသမာမှုများအား စိစစ်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်သူလူထုသိရှိနိုင်ရေး ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ရိုးသားစွာဆောင်ရွက်လျက် ရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေးတင်ပြ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များက စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ် အောင်ပြုလုပ်၍ နိုင်ငံတော်အပေါ် သစ္စာဖောက်မှုနှင့် တိုင်းပြည်ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက် နေသူများအား ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး၊ ပြည်ပအကြံပေးများ ခန့်အပ်ဆောင်ရွက်ခဲ့ သည့်ကိစ္စ၊ သတင်းများ မှန်ကန်စွာထုတ်လွှင့်ရေးအတွက် သတင်းမီဒီယာကောင်စီမှတစ်ဆင့် ထိန်းသိမ်းဆောင်ရွက် ရန်ကိစ္စ၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ရေးနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံတော် ဘဏ္ဍာငွေအကုန်အကျသက်သာစေရေးအတွက် ရေအား လျှပ်စစ်ထုတ်လုပ်ရေးကိစ္စ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို ပျက်ပြားစေသည့် စင်ပြိုင်အစိုးရဖွဲ့စည်းမှုများအား အရေးယူရေးကိစ္စ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဝင်/အထွက် စစ်ဆေးရေးဂိတ်များမှ စနစ်တကျစစ်ဆေး ဆောင်ရွက်ရေးကိစ္စ၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန် နိုင်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်ရေးကိစ္စ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် သွေးထိုးလှုံ့ဆော် နေသည့်ကိစ္စနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နေမှု၊ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်းလိုင်းများ ပြေးဆွဲနေမှုနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့် ဆောင်ရွက်ပေးခဲ့ရာတွင် ပြစ်ဒဏ်ကြီးလေးသူများမှအပ တတ်နိုင်သမျှ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခဲ့ကြောင်း၊ ၎င်းတို့အား ပြင်ပ၌ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နေထိုင် နိုင်ပြီး အခွင့်အရေးများမဆုံးရှုံးစေဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြင့် နေထိုင်နိုင်စေရန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်အပေါ် သတင်းမှားများဖြင့် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိအနေဖြင့် သတင်းမီဒီယာ ကောင်စီအား နိုင်ငံတော်၏စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ် ပြုထားကြောင်း၊ သတင်းများကိုထုတ်ပြန်ရာတွင် မှန်ကန်မှု နှင့် မြန်ဆန်မှုရှိရန်လိုကြောင်း၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများ အား ချီးမြှင့်နိုင်ရန် စီစဉ်လျက်ရှိပြီး တာဝန်ပျက်ကွက်သည့် ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားထားကြောင်း၊ နောင်ကာလများ တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ၌ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည် နေထိုင်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် ထာဝရခိုင်မြဲသည့် ပြည်ထောင်စုကို တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် မတည်ငြိမ်မှု များကိုဖြေရှင်းရာတွင် လုံခြုံရေးတပ်ဖွဲ့များအား ဥပဒေနှင့် အညီသာ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေးလှည့်ကင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် မည်သည့်နယ်ပယ်က လာသည်ဖြစ်စေ နိုင်ငံတော်ကို ကိုယ်စားပြုသူများဖြစ်သဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်းဆုံးဖြစ်အောင် ဦးတည်ဆောင်ရွက် သွားကြစေလိုကြောင်း မှာကြားသည်။
သတင်းစဉ်