
နေပြည်တော် မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှု လုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပသည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ဦးလှဆွေ၊ ဦးသောင်းအေး၊ ဦးဖိုးသိန်း၊ ပါတီဗဟို ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် နေပြည်တော် (၈) မြို့နယ်မှ ပြည်သူ စုစုပေါင်းအင်အား ၇၀၀၀ ခန့် တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူ များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပါတီဗဟိုပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုကော်မတီဝင် တစ်ဦးနှင့် ပါတီဝင်များက ငြိမ်းချမ်းရေးသည် ဒီမိုကရေစီအတွက် အခြေခံလိုအပ် ချက်ဖြစ်သည်၊ ငြိမ်းချမ်းမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံ သားအားလုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည် ဟူသည့် ခေါင်းစဉ် များဖြင့် ဆွေးနွေးဟောပြော ကြသည်။ (ဝဲပုံ)
ယင်းနောက် တက်ရောက် လာကြသည့် ပြည်သူများက “ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး- တို့အရေး၊ ပြည်ပစွက်ဖက်မှု အန္တရာယ် ဆန့်ကျင်တိုက်ဖျက် ရေး-တို့အရေး၊ ငြိမ်းချမ်းရေး ပျက်ပြားအောင် ဖျက်ဆီးနေသူ များ ကျဆုံးရေး - တို့အရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး-အောင်ရမည်” ဟု ကြွေးကြော်သံ များဖြင့် ကြွေးကြော်၍ ထောက်ခံ ပွဲကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်