
နေပြည်တော် မတ် ၈
“အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
တာဝန်ရှိသူများတက်ရောက်
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကောင်စီ ဝင်များ၏ ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ဇနီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးများဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့် အဖွင့် မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်းကို ရှေ့ဖုံးနှင့် စာမျက်နှာ ၃ တွင် သီးခြားဖော်ပြထားပါသည်။)
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအခွင့်အရေး မြှင့်တင် ဖော်ဆောင်မှုများနှင့် အမျိုးသမီးများအပေါ် နည်း မျိုးစုံဖြင့်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားရာတွင် အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၏ အရေးကြီးမှုကို ပြည်သူလူထုက သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့ အခမ်း အနားများကို နှစ်စဉ် ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေ ဖြင့် နေပြည်တော်အပါအဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကော်မတီများအကြား သက်ဆိုင် ရာဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက် မည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း များကို ညှိနှိုင်းပေါင်းစပ်နိုင်ရေးအတွက် ကော်မတီ၏ အစည်းအဝေးကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပ ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအစီအစဉ်များကို ပြန်လည် သုံးသပ်ခြင်း၊ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် လိုအပ်သည့်ကြီးကြပ် လမ်းညွှန်မှုများ ဆောင်ရွက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များ ချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း။
သတင်းပို့တိုင်ကြားနိုင်
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကိုလည်း တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး၍ တတိယ သက်တမ်းကာလကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအကြမ်းဖက်မှု ကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန် ၂၄ နာရီ Helpline ဖုန်း “1566” ကို ဖွင့်ထားပြီး ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ အသိပညာဗဟု သုတရရှိပြီး အမျိုးသမီးအခွင့်အရေးများ ကဏ္ဍစုံတွင် ကျား၊ မ တန်းတူညီမျှရေးတို့အတွက် နိုင်ငံတော်၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို သိရှိနိုင်စေရန် အသိပညာပေးအစီအစဉ်များကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်များအထိ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျား၊ မ တန်းတူညီမျှရေးဆောင်ရွက်ချက်များ၊ အမျိုး သမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဌာန / အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာ Video Clip နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip တို့ကို ပြသသည်။
ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ဂုဏ်ပြု ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသူကို ဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၏ ဇနီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ပန်းရောင်စုံနှင့် လှတဲ့မြေ” တေးသီချင်းနှင့်အတူ တိုင်းရင်းသားအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည် အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အမျိုး သမီးကျောင်းများနှင့် အမျိုးသမီးအသင်းအဖွဲ့များ၏ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်