နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  “အကြိမ် (၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့ပြောကြားသည့် အမှာစကား

 

 

အားလုံးမင်္ဂလာပါ-
ဒီနေ့ကျင်းပပြုလုပ်တဲ့ “အကြိမ်(၅၀)မြောက် ရွှေရတု အထိမ်း အမှတ်  မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ  သုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ ချမ်းသာ ခြင်း၊   ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ၊   မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့    ရင်ပေါင်တန်းဆောင်ရွက်နိုင်စေဖို့   ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို နှစ်စဉ်ကျင်းပ လာခဲ့တာ ယခုအခါ ရွှေရတုအဖြစ် အကြိမ်(၅၀)တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ   ပထမအကြိမ်   ညီလာခံကို   စတင်ကျင်းပနိုင်ခဲ့ပြီး အချို့သောနှစ်တွေမှာ   ကျင်းပမှုမပြုနိုင်ခဲ့တဲ့အတွက်    ယခုနှစ်မှာ အကြိမ်(၅၀)မြောက် ရွှေရတုအဖြစ် ကျင်းပနိုင်တာဖြစ်ကြောင်းကို လည်း သိရှိရပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ  ဖြစ်ပွားနေချိန်မှာ ယခုညီလာခံကို ကျင်းပပြုလုပ်ရတာဖြစ်တဲ့အတွက်   Virtual  Conference  ပုံစံနဲ့ အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးအနေနဲ့ လုပ်ငန်းတာဝန်များ ခွဲခြားသတ်မှတ်ပြီး လုပ်ငန်းကော်မတီနဲ့  ဆပ်ကော်မတီများ  ဖွဲ့စည်းကာ  စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတာလို့ သိရှိရပါတယ်။
ကျန်းမာရေးဆိုင်ရာ သုတေသနတွေကနေ ပေါ်ထွက်လာတဲ့ ခိုင်မာတိကျတဲ့ ရလဒ်အခြေပြု သုတေသနတွေ့ရှိချက် (Evidence-based research finding) များဟာ  မိမိတို့နိုင်ငံရဲ့  ခေတ်စနစ်နဲ့ ကိုက်ညီသင့်တော်တဲ့   ကျန်းမာရေးဆိုင်ရာ   မူဝါဒများချမှတ်ရာမှာ လည်းကောင်း၊  ကျန်းမာရေးလုပ်ငန်းများ  ပိုမိုထိရောက် အကျိုးရှိ စေရေးအတွက် လည်းကောင်း၊ မိမိတို့နိုင်ငံမှာ လူတိုင်းလက်လှမ်းမီတဲ့ အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိစေရေး လုပ်ငန်းစဉ်ဖော်ဆောင်ရာမှာလည်းကောင်း များစွာအထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ 
မိမိတို့နိုင်ငံရဲ့     မျှော်မှန်းသက်တမ်းက   (၆၇.၄၂) နှစ်ခန့်သာ ရှိနေတာမို့ ဒေသတွင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျလျက်ရှိပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းများကို သုတေသနလုပ်ငန်းတွေနဲ့ ရှာဖွေဖော်ထုတ်ပြီး မိမိတို့နိုင်ငံအတွက် အရေးတကြီး လိုအပ်တဲ့၊ ခေတ်စနစ်နဲ့ကိုက်ညီတဲ့ နိုင်ငံတော်အဆင့် ကျန်းမာရေးဆိုင်ရာမူဝါဒများ   ပေါ်ထွက်လာအောင်   ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ 
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေရဲ့      အားနည်းချက်၊ အားသာချက်များကို အချိန်နဲ့တစ်ပြေးညီ ရှာဖွေဖော်ထုတ်ပြီး ဝန်ကြီး ဌာနနဲ့ နိုင်ငံတော်ကို အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ခြင်း အားဖြင့်     ပိုမိုကောင်းမွန်တဲ့    ကျန်းမာရေးစနစ်    ပေါ်ထွန်းအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။   ယခုကဲ့သို့   ကျန်းမာရေးသုတေသန ညီလာခံများ ကျင်းပပြုလုပ်ခြင်း၊ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းနဲ့ သုတေသနတွေ့ရှိမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို  ပြည်သူများသိရှိစေဖို့  ပုံမှန်ထုတ်ပြန်ပေးခြင်းလုပ်ငန်းတွေ ကိုလည်း ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
ထို့အတူ  ကိုဗစ်-၁၉ ရောဂါကဲ့သို့  ကူးစက်တတ်တဲ့ ရောဂါတွေ၊ ဆီးချို၊ သွေးတိုး၊ ကင်ဆာစတဲ့ မကူးစက်တတ်တဲ့ နာတာရှည်ရောဂါ တွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် မိမိတို့ပြည်သူများ အခြေခံကျန်းမာရေး ကောင်းမွန် ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများစွာ  တိုးမြှင့်ဆောင်ရွက်ပြီး   တွေ့ရှိချက် တွေကို      ပြည်သူများသိရှိစေရေး     နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်များ၊ ဆေးရုံ များ၊ ရောဂါတိုက်ဖျက်ရေး စီမံချက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်း များနဲ့   ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး   ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအစိုးရ မဟုတ်သော အဖွဲ့အစည်းများနဲ့လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။   အထူးသဖြင့်   ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်များရဲ့ သုတေသန ဆောင်ရွက်နိုင်မှုစွမ်းရည်ကို ပိုမိုမြှင့်တင် နိုင်ရေး အလေးထားပူးပေါင်း ဆောင်ရွက်ပေးဖို့ မှာကြားလိုပါတယ်။
တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့ လက်တွေ့အသုံးချသုတေသန  တွေကတစ်ဆင့်  ပြည်သူများလက်တွေ့အကျိုးရှိစေရေးနဲ့  မိမိတို့ နိုင်ငံရဲ့   တိုင်းရင်းဆေးပညာရပ်နဲ့   တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာအထိ    ထိုးဖောက်နိုင်ရေးအတွက်    တိကျခိုင်မာတဲ့၊ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသ နိုင်ဖို့အတွက် သုတေသနဆောင်ရွက်လျက်ရှိတဲ့နေရာမှာ တိုးတက်မှု တွေ ရရှိနေကြောင်း  သိရှိရပါတယ်။   ဒီလိုသုတေသနပြုလုပ်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေပေါ်ထွက်လာခဲ့ရင် တိုင်းရင်းဆေး ကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်မှာဖြစ်ပြီး မိမိတို့ပြည်သူများအတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။
တိကျမှန်ကန်တဲ့ သုတေသနရလဒ်များအပေါ်မူတည်ပြီး ရလဒ် အခြေပြုမူဝါဒများ ရေးဆွဲခြင်း (Evidence-based Policy Making)၊ ကျန်းမာရေးစီမံချက်များ ရေးဆွဲခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ရတဲ့ အတွက် သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ သုတေသီများ ကိုယ်တိုင်ကလည်း   မိမိတို့သုတေသနရလဒ်များရဲ့  အရေးပါပုံကို သေချာစွာ သိရှိနားလည်ပြီး သုတေသနကျင့်ဝတ်များကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့    လိုအပ်တယ်ဆိုတာလည်း   အမြဲမပြတ် သတိပြုရမှာဖြစ်ပါတယ်။   ဒါကြောင့်   သုတေသနကျင့်ဝတ်များနဲ့ ပတ်သက်လို့လည်း     စဉ်ဆက်မပြတ်    လေ့လာဆည်းပူးနေကြဖို့ ပြောကြားလိုပါတယ်။   မိမိတို့နိုင်ငံမှာ အရာရာကို    လေ့လာစူးစမ်း သုတေသနပြုလုပ်ပြီး   ရရှိလာတဲ့   သုတေသနရလဒ်များအပေါ်မှာ အခြေခံထားတဲ့ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့်   သုတေသနပြုလိုတဲ့စိတ်ရှိတဲ့  လူငယ်လူရွယ် တွေ၊  ပညာရှင်တွေများစွာ  ပေါ်ထွက်လာအောင်  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊  မတ်လ(၂၃)ရက်နေ့မှာ  ကိုဗစ်-၁၉ ရောဂါပိုး မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်မှစပြီး ဆေးသုတေသနဦးစီးဌာန အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇ အစီအစဉ်တစ်ခုလုံး ကို လေ့လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ယခုအခါ ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း  သိရှိရပါတယ်။   ဒါ့အပြင်   ကိုဗစ်-၁၉  ရောဂါပိုး ရဲ့      မျိုးရိုးဗီဇပြောင်းလဲမှုအဆင့်ဆင့်ကိုလည်း            စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးမှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။ အခုနောက်ဆုံးပေါ်ပေါက်လာတဲ့  ကိုဗစ်-၁၉  မျိုးဗီဇပြောင်း  မျိုးကွဲ အိုမီခရွန်နဲ့ ပတ်သက်လို့လည်း ပိုမိုသိရှိနိုင်ဖို့အတွက် သုတေသန ပညာရှင်များအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါတယ်။
နှစ် (၅၀) ရွှေရတုခရီးလမ်းမှာ အောင်မြင်မှုများအနေနဲ့ မြန်မာ နိုင်ငံ  ကျန်းမာရေးဆိုင်ရာ  သုတေသနမှတ်ပုံတင်ခြင်း (Myanmar Health Research Registry) online website ကို ထူထောင်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ သုတေသနပေါင်း တစ်သောင်းကျော်ကို မှတ်တမ်း တင်ခဲ့ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ သုတေသီများရဲ့ ကြိုးပမ်းမှုရလဒ် အဖြစ်  ဆေးသုတေသနဦးစီးဌာနကို  ငှက်ဖျားရောဂါတိုက်ဖျက်ရေး မှာ     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့   အသိအမှတ်ပြုစင်တာ  (WHO Collaborating Centre)အဖြစ် (၂၀၀၃) ခုနှစ်မှာ အသိအမှတ်ပြုခံ ခဲ့ရပြီးဖြစ်ကြောင်း သိရှိရပါတယ်။ 
ဒါ့အပြင်    ဆေးသုတေသနဦးစီးဌာနအနေနဲ့    အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေးကို     ပြည်တွင်းမှာ    ထုတ်လုပ်နိုင်ဖို့ ကိုရီးယားနိုင်ငံနဲ့   ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  စက်မှုဝန်ကြီးဌာနကို နည်းပညာလွှဲပြောင်းပေးခဲ့ရာကနေ အဲဒီအချိန်ကစပြီး စက်မှုဝန်ကြီး ဌာနအနေနဲ့     အသည်းရောင်အသားဝါ (ဘီ)   ကာကွယ်ဆေးကို (၁၉၉၆) ခုနှစ်မှာ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အရည်အသွေးပြည့်ဝ ကောင်းမွန်တဲ့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနတွေ ကိုလည်း    နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင်ရွက်နေ ကြောင်းလည်း သိရှိရပါတယ်။
ယခု အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ ဆောင်ပုဒ် (Congress Theme)က “မျှဝေခံစားအသိတိုးပွား - ကိုဗစ် တတိယလှိုင်း အတွေ့ အကြုံများ” (Response to COVID-19 in Myanmar : Reflections after the Third Wave) ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကလည်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း နိုင်ငံတော်နဲ့ ပြည်သူ များ လက်တွဲညီညီ   ပူးပေါင်းဆောင်ရွက်ခဲ့လို့   အောင်မြင်မှုရလဒ် များရရှိခဲ့တဲ့ အတွေ့အကြုံအရ ပြည်သူတစ်ဦးချင်းစီအနေနဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ  အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်ရေး    အရေးကြီးပုံကို   မီးမောင်းထိုးပြနိုင်ဖို့အတွက် ရည်ရွယ်ပြီး ညီလာခံဆောင်ပုဒ်ကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
နိဂုံးချုပ်အနေနဲ့-
ယခုလို သုတေသနညီလာခံတွေ ကျင်းပခြင်းဖြင့် လူငယ်တွေမှာ စူးစမ်းလေ့လာသုတေသနပြုလိုတဲ့     Research  culture  ကို ပြုစုပျိုးထောင်ပေးသွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထု အတွက်  အကျိုးရှိစေမယ့်  ကျန်းမာရေးသုတေသနလုပ်ငန်းတွေကို ရေတို၊ ရေရှည်ပန်းတိုင်များ ချမှတ်ဆောင်ရွက်သွားကြဖို့ မှာကြားလို ပါတယ်။  နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပြီးရရှိလာတဲ့    သုတေသနရလဒ်တွေကို    စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးတော့ နိုင်ငံတကာအသိအမှတ်ပြု  ဂျာနယ် များ၊ စာစောင်များထုတ်ဝေပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးသုတေသန အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ပေးကြပါ။
အလားတူ ပြည်သူများ ဆေးကုသမှုခံယူတဲ့အခါမှာ စိတ်အေး ချမ်းသာစွာနဲ့ ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုများ      ရရှိနိုင်ရေးအတွက်    ကုသရေးဆိုင်ရာ နဲ့     ဆေးရုံစီမံ/အုပ်ချုပ်မှုဆိုင်ရာ    လက်တွေ့အသုံးချသုတေသန လုပ်ငန်းများကို   တိုးမြှင့်ဆောင်ရွက်ပေးသွားဖို့လည်း  မှာကြားလို ပါတယ်။
သုတေသနပြုလုပ်ခြင်းဟာ ရလဒ်ကောင်းများရရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်လို့ တွေ့ရှိချက်များအပေါ်မှာ အခြေခံပြီး မြန်မာ နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးကဏ္ဍမြင့်မားရေးမှာ ကျန်းမာရေးနဲ့ နှီးနွှယ်တဲ့ ပုဂ္ဂိုလ်များအားလုံးက ကိုယ့်တိုင်းပြည်အတွက် ပြုလုပ်ခြင်း ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလို ပါတယ်။
သုတေသနနဲ့      ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ     (Research and Development)ဟာ ဆက်စပ်နေတာဖြစ်တဲ့အတွက်ကြောင့် မိမိတို့ အစိုးရအနေနဲ့  သုတေသနလုပ်ငန်းများကို  အထူးအားပေးသွားမှာ ဖြစ်ပါတယ်။    ကျန်းမာရေးသုတေသန   လုပ်ငန်းတွေကတစ်ဆင့် မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း ယခုထက် ပိုမိုမြင့်မားလာစေရေးနဲ့ လူတိုင်းလက်လှမ်းမီပြီး    အရည်အသွေးပြည့်ဝတဲ့    ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို  အားလုံးကိုယ်စီရရှိပြီးတော့  မိမိတို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ပိုမိုမြင့်မားလာစေဖို့ ယခု ကျင်းပတဲ့  ညီလာခံကနေ အခြေခံအုတ်မြစ်ကောင်းများ ပေါ်ထွန်း လာစေဖို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။