
နေပြည်တော် ဇွန် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲရန် အမျိုးသားညီလာခံ ကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ ရောက်ရှိရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦ ၏ သမိုင်းကြောင်း၊ အဆောက်အဦများ ပျက်စီး ယိုယွင်းနေမှုများနှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
သမိုင်းဝင်အဆောက်အဦများ
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦများ သည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင်အဆောက်အဦများဖြစ်ကြောင်း၊ ယခင် ခေတ်အဆက်ဆက်က သမိုင်းဝင် အဆောက်အဦများ ကို တတ်နိုင်သမျှ ထိန်းသိမ်းထားခဲ့ကြောင်း၊ ယခု ထိန်းသိမ်းမှုများ အားနည်းခဲ့သည့်အတွက် ပျက်စီး ယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် အလေးထားထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ ရှိပြီးသား အဆောက်အဦများကို ပြန်လည်ပြုပြင်ထားရှိရန်လိုကြောင်း၊ အဝင်အထွက်လမ်းများ စနစ်တကျရှိစေရေးအတွက်လည်း ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြည်ထောင်စုခန်းမကြီးနှင့် အနော်ရထာ ရိပ်သာတို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန် မှာကြားခဲ့သည်။
ပြန်လည်ပြုပြင်ထိန်းသိမ်း
အဆိုပါ အမျိုးသားညီလာခံ ကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမအဆောက်အဦတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ အထိ အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံ ၇ ကြိမ် ကျင်းပခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် အဆိုပါ ညီလာခံခန်းမကြီးကို အသုံးပြုခြင်း မရှိတော့ကြောင်း၊ အမျိုးသားညီလာခံ ကျင်းပပြုလုပ်ရာမြေနေရာသည် ဧရိယာအားဖြင့် ၅၈၅ ဒသမ ၈၁ ဧကကျယ်ဝန်းပြီး ဧက ၂၀၀ ကို စိုက်ပျိုးရေးဇုန်အဖြစ် လည်းကောင်း၊ ဧက ၁၀၀ ခန့်ကို မွေးမြူရေးဇုန်အဖြစ် လည်းကောင်း အသုံးပြုထားကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ အားနည်းခဲ့သဖြင့် ယခုကဲ့သို့ ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ယခုအခါ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးတို့က စိုက်ပျိုးမွေးမြူ ရေးဇုန်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို အပိုင်းလိုက် ခွဲခြားဆောင်ရွက်ထားရှိမှု၊ လမ်းများဇုန်အလိုက် ဖောက်လုပ်နေမှု၊ ဇုန်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်၍ အသီးအနှံများ၊ အသား၊ နွားနို့နှင့် ဥများ ထုတ်လုပ်၍ ရောင်းချပေးနိုင်မှု၊ ဒေသခံပြည်သူများအလုပ်အကိုင် ရရှိရေး ဖော်ဆောင်ပေးနိုင်မှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးဇုန်ကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်မြို့ မိုင် ၃၀ ပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ရန်ကုန်မြို့တော်နေပြည်သူများ စားသောက်မှု အဆင်ပြေစေရေးအတွက် ယခင်တပ်မတော်အစိုးရ အဆက်ဆက် တာဝန်ယူဆောင်ရွက်စဉ်ကတည်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဇုန်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ညောင်နှစ်ပင်စိုက်ပျိုး မွေးမြူရေးအထူးဇုန် အနေဖြင့် သီးနှံပင်များကို စိုက်ပျိုးလျက်ရှိပြီး စားရေး အတွက် အထောက်အကူပြုသည့် နှစ်ရှည်ပင်များ ဖြစ်သည့် သရက်၊ ပိန္နဲ၊ မာလကာ၊ ရှောက် စသည့် အပင်များစိုက်ပျိုးရန်လိုသကဲ့သို့ ဟင်းသီးဟင်းရွက် သီးနှံပင်များကိုလည်း အောင်မြင်အောင် စိုက်ပျိုးရန် လိုကြောင်း၊ စိုက်ဧကများအားလုံး ပြည့်ဝစွာစိုက်ပျိုး ၍မြေကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ စိုက်နည်းစနစ်များ မှန်ကန်ရန်နှင့် ရေများကိုလည်း အကျိုးရှိရှိ အသုံးချရန်လိုကြောင်း၊ အထွက်နှုန်းများ ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ် တကျဖြင့် မွေးမြူရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်း များ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် တိရစ္ဆာန် များကို သတ်မှတ်ထားသည့်အစာများကို စနစ်တကျ ကျွေးမွေးရန်နှင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ နှင့် မွေးမြူရေးလုပ်ငန်းများသည် အပြန်အလှန် မှီခိုလျက်ရှိကြောင်း၊ ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေး စနစ်ကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးပညာရပ်များ တတ်ကျွမ်းစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ မှ စနစ်တကျသင်ကြားပေးရန်လိုကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေများ ကို ပြည့်ဝစွာစိုက်ပျိုးမွေးမြူရန်နှင့် စိုက်ပျိုးမွေးမြူ ရေးနှင့် မသက်ဆိုင်သည့် မြေအသုံးချမှုများမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊ ရန်ကုန်မြို့တော်ရှိ ပြည်သူများ စားသောက်ရန်အတွက် အသားနှင့်ငါးများ နေ့စဉ် လိုအပ်ချက်ရှိကြောင်း၊ ငါးမွေးမြူရေးနှင့် ပတ်သက်၍ ချောင်းများ၊ မြောင်းများ၊ ပင်လယ်များမှရရှိသည့် ငါးသယံဇာတများကို ဖမ်းယူစားသုံးမှု များပြားလာ ခြင်းကြောင့် သဘာဝမှရရှိသည့် ငါးသယံဇာတများ နည်းပါးလာကြောင်း၊ ထို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျမှန်မှန်ကန်ကန် ဖြစ်ထွန်း အောင် မွေးမြူခြင်းဖြင့် ရန်ကုန်မြို့တော်အတွက် လိုအပ်သည့် ငါးများပြည့်ဝစွာရရှိရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ငါးသည် လူများစားသုံးသည့် အသားများထဲတွင် ဈေးနှုန်းအသက်သာဆုံးဖြစ် သည့်အတွက် ရေရှည်တွင် ငါးသယံဇာတပစ္စည်းများ ပြည့်ဝစွာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ အသား၊ ငါးနှင့် ဟင်သီးဟင်းရွက်များကို အပြည့်အဝ ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ အလားတူ ပြည်သူများ နွားနို့ကို ပြည့်ဝစွာ သောက်သုံးနိုင်ရေးနှင့် ပြည်တွင်းနို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နို့စားနွားမွေးမြူခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
အပြန်အလှန်ဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများနှင့် ပတ်သက်၍ တင်ပြချက် များအပေါ် သိရှိလိုသည်များမေးမြန်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးပြောကြားသည်။
လိုက်လံကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လှည့်လည် ၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိမ်းလန်း သမဝါယမ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် CJ Feed Myanmar ကြက်မွေးမြူရေးလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ လုပ်ငန်းအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်