နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

 

EAO များ၏ အလိုဆန္ဒများ၊ တိုင်းပြည်၏ အလိုဆန္ဒများဖြင့် နှစ်ဖက်လိုအပ်ချက်များကို 
ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်

 

နေပြည်တော်      မေ    ၁၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစည်းအဝေး (၄/၂၀၂၂) ကို ယနေ့   မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌  ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊   ဒုတိယဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊   မန်းငြိမ်းမောင်၊    ဦးသိန်းညွန့်၊     ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညား အောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် 
တွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်လျက်ရှိမှု 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က       အဖွင့်အမှာစကား ပြောကြားရာ၌      ငြိမ်းချမ်းရေး    ဖိတ်ခေါ်မှုနှင့် ပတ်သက်၍   ဧပြီ   ၂၂  ရက်နေ့တွင်    ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု    ဆောင်ရွက်ခဲ့ကြောင်း၊     ယခုနှစ်တွင် စိန်ရတုပြည်ထောင်စုနေ့ ကျရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် တွင် စိန်ရတုလွတ်လပ်ရေးနေ့ ကျရောက်မည်ဖြစ် ကြောင်း၊   ယနေ့အချိန်အထိ   ပြည်သူများအားလုံး ငြိမ်းချမ်းမှုအရသာ၊   ဒီမိုကရေစီ၏   အနှစ်သာရကို အပြည့်အဝ   မခံစားရသေးကြောင်း၊   သဘောထား ကွဲလွဲမှုအမျိုးမျိုးကြောင့်     ပဋိပက္ခများ    ဖြစ်ပေါ်  ခဲ့ပြီး အဆိုပါပဋိပက္ခများကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေရှင်းရန် မိမိအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့နှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတို့တွင်     ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက်     သက်ဆိုင်ရာ  အဖွဲ့ အစည်းများကလည်း     ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း   အချို့သော   ကန့်သတ်ချက်ရှိမှုများ ကြောင့်  ထိုက်သင့်သလောက်  တိုးတက်မှုများမရှိ သည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ အချို့ EAO  များ အနေဖြင့်   ၎င်းတို့နယ်မြေတွင်   ရောက်ရှိနေသော PDF အကြမ်းဖက်သမားများကြောင့်လည်း အခက် အခဲတချို့ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊  ထို့ကြောင့် မိမိအနေဖြင့် ကိုယ်တိုင်ဖိတ်ခေါ် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊    တွေ့ဆုံရန်   ဆောင်ရွက် ရာတွင်လည်း အမြန်ဆုံးတွေ့ဆုံနိုင်ရေး စီမံဆောင် ရွက်ထားကြောင်း။

 


တိုင်းရင်းသား     လက်နက်ကိုင်အဖွဲ့အစည်းများ အလိုက် တိုတောင်းသည့် ကာလအတွင်း အဖြေ  တစ်ခုခုရရှိစေရန်အတွက် အဖွဲ့အစည်းများအလိုက်  ဥက္ကဋ္ဌနှင့်  ညှိနှိုင်းတိုင်ပင်နိုင်ရန်  နှစ်ဦးတို့ကို  မိမိနှင့်  သီးခြားစီတွေ့ဆုံရန်      စီမံဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်စွာ ဆွေးနွေးနိုင်ရန်အတွက် ထိုသို့ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေး မှုကြောင့်    ရသင့်သည့်     အဖြေတစ်ခုရရှိလာမည် ဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   တွေ့ဆုံဆွေးနွေး မှုများ    ဆောင်ရွက်ရာတွင်လည်း   နှစ်ဖက်ညှိနှိုင်း မှုများ  ပြုလုပ်၍  ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊  ညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင်လည်း ဒီမိုကရေစီ၏  အနှစ်သာရကို ပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့်ရထိုက် သည့်   အခွင့်အရေးများရရှိစေရေး   နှစ်ဖက်မျှတမှု ရှိအောင်    ဆောင်ရွက်ရန်လိုကြောင်း၊      သို့မှသာ နိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သည့် လွတ်လပ် မှု၏ အရသာ၊ ဒီမိုကရေစီ၏  အနှစ်သာရကို  ခံစား နိုင်မည်ဖြစ်ကြောင်း။

 


မိမိတို့အနေဖြင့်    ပြည်သူများ၏   ဆန္ဒဖြစ်သည့်   ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်     လျှောက် လှမ်းနိုင်ရေး         ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူများမှ ပေါက်ဖွားလာခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုလည်း  ဖြစ်ကြောင်း၊    ဒီမိုကရေစီစနစ်ဆိုသည်မှာ   အများ ဆန္ဒနှင့်အညီ    ရွေးချယ်တင်မြှောက်သည့်    အစိုးရ  စနစ်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊  တိုင်းရင်းသား နယ်မြေများအလိုက် လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့်    အခွင့်အာဏာများ   ခွဲဝေ ခံစားခြင်း၊ မျှဝေခံစားခြင်းများရရှိစေရန် ဆောင်ရွက် ရန်လိုကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်၊  ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို      အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားရမည်ဖြစ်ကြောင်း။

 


မိမိတို့နိုင်ငံသည် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေး  မဆုံးရှုံးမီအချိန်အထိ   ဘုရင့်နိုင်ငံအဖြစ်  တည်ရှိခဲ့ ကြောင်း၊     ကျယ်ပြန့်သော        နိုင်ငံတော်အဖြစ်  တည်ထောင်ခဲ့သည့် အနော်ရထာ၊  ဘုရင့်နောင်နှင့် အလောင်းမင်းတရားကြီး   ဦးအောင်ဇေယျ    တို့၏ ခေတ်သုံးခေတ်ရှိကြောင်း၊ အဆိုပါခေတ် သုံးခေတ် တွင် မိမိတို့နိုင်ငံ၏ နယ်နိမိတ်သည် ယခုထက်ပိုမို ကျယ်ဝန်းကြောင်း၊ သို့သော် နယ်ချဲ့လက်အောက် ကျရောက်ခဲ့ချိန်တွင် နယ်နိမိတ်များ ပြန်လည်ဆုံးရှုံး ခဲ့ကြောင်း၊ ဘုရင်ခေတ်တွင် အုပ်ချုပ်မှုနယ်ပယ်များ  အလိုက် အဆင့်ဆင့်အုပ်ချုပ်ခဲ့ကြပြီး တစ်နိုင်ငံလုံးကို  ဘုရင့်ဩဇာ သက်ရောက်မှုရှိသည်ကို သမိုင်းများအရ သိရှိရကြောင်း၊ နယ်ချဲ့များ အုပ်ချုပ်ခဲ့ချိန်တွင်လည်း ပြည်မဒေသကို တိုက်ရိုက်အုပ်ချုပ်၍ တောင်တန်း ဒေသများကို ပုံစံတစ်မျိုးဖြင့် ခွဲခြား၍ အုပ်ချုပ်ခဲ့သော် လည်း     အုပ်ချုပ်မှုအားလုံးသည်       နယ်ချဲ့အစိုးရ လက်အောက်တွင်သာရှိကြောင်း၊          မြန်မာပြည်  လွတ်လပ်ရေးရရှိရန် ကြိုးပမ်းချိန်တွင် နယ်ချဲ့များက  တောင်တန်းဒေသနှင့်  ပြည်မခွဲ၍ လွပ်လပ်ရေးပေး ရန်ဆောင်ရွက်ခဲ့ကြောင်း၊   သို့သော်   တောင်တန်း ဒေသမှ  စော်ဘွားများက လက်ခံမှုမရှိခြင်းကြောင့်  ပင်လုံအစည်းအဝေး ကျင်းပ၍ ပင်လုံစိတ်ဓာတ်ဖြင့်  ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်၍ တစု တစည်းတည်းသော   ပြည်ထောင်စုအဖြစ်    နိုင်ငံ လွတ်လပ်ရေးကို   ရရှိအောင်     ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

 


မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း  ဒီမိုကရေစီစနစ်၊   ဆိုရှယ်လစ်စနစ်စသည့် ဖွဲ့စည်း  အုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးအုပ်ချုပ်ခဲ့မှုများ ရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြန်လည်ကြည့်မည်ဆိုပါက လုပ်ပိုင်ခွင့်အာဏာ များကို    ခွဲဝေထားပြီးဖြစ်သဖြင့်    ဖက်ဒရယ်စနစ် သဘောတရားများအတိုင်းသာ  ရေးဆွဲထားခြင်းဖြစ် သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်အတူ ညှိနှိုင်း တိုင်ပင်ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၂ ဦးကိုပါ  ဖိတ်ခေါ်ထားပါကြောင်း၊      လက်ရှိအချိန်အထိ အကြောင်းပြန်ခဲ့သည်မှာ   NCA  လက်မှတ်ရေးထိုး ပြီးသည့် အဖွဲ့ ၇ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခြင်း မပြုသေးသည့်   အဖွဲ့  ၃  ဖွဲ့  လာရောက်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း။ 

 


တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များ  ကိုယ်တိုင်တက်ရောက် နိုင်ရေး  ဖိတ်ကြားခြင်းဖြစ်သော်လည်း  အချို့သော အဖွဲ့များမှ  ဥက္ကဋ္ဌများ ကျန်းမာရေးဆိုင်ရာ အခက်  အခဲများရှိခြင်းကြောင့် ဥက္ကဋ္ဌကိုယ်စားပြုသူများကို စေလွှတ်ခြင်းများရှိကြောင်း၊  ၎င်းတို့အနေဖြင့် အာမခံ ချက်များ    ရှိရန်လိုပါကြောင်း၊    ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်    ထိရောက်သည့်       အဖြေတစ်ခု ထွက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ EAO များ၏ အလိုဆန္ဒများ၊ တိုင်းပြည်၏ အလိုဆန္ဒ များဖြင့် နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ပြီး အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်အောင်  ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေး ချက်များနှင့်ပတ်သက်၍လည်း ဖြစ်သင့်သည်၊ မဖြစ် သင့်သည်ကို    ကောင်စီအစည်းအဝေး၌     ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြောကြား နေခြင်းသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်ပင် နေခြင်းသာဖြစ်ပြီး ထပ်မံ၍လည်း သီးသန့်ဆွေးနွေး သွားမည်ဖြစ်ကြောင်း။

 


ကျောင်းသား ကျောင်းသူများအားလုံး 
ပညာသင်ကြားရန် လိုအပ်မှု


ဧပြီ   ၂၄  ရက်တွင် အခြေခံပညာကျောင်းများ အားလုံး၏ အောင်စာရင်းကို ထုတ်ပြန်ပေးခဲ့ကြောင်း၊ လာမည့်  ဇွန်လတွင်လည်း အခြေခံပညာကျောင်း များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက် လျက်ရှိပြီး လိုအပ်လျက်ရှိသည့် ဆရာ ဆရာမများ  ထပ်မံဖြည့်တင်းပေးနိုင်ရေးအတွက်လည်း   ဆောင် ရွက်လျက်ရှိကြောင်း။

 


အလားတူ    တက္ကသိုလ်များနှင့်     ကောလိပ် များကိုလည်း   ပြန်လည်ဖွင့်လှစ်၍   ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ တက္ကသိုလ်နည်းပြ ဆရာ ဆရာမ များ လုံလောက်စွာ ခန့်အပ်နိုင်ရေးအတွက်လည်း  အရည်အချင်းပြည့်ဝသည့်       ဆရာ   ဆရာမများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ ဆရာမများအားလုံး အရည်အချင်းများ ပြည့်ဝ နေရန်လိုကြောင်း၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာ သင်ကြားမည့်    ကျောင်းသား    ကျောင်းသူများ  အားလုံးကျောင်းနေရန်လိုကြောင်း၊ ပညာပြီးမြောက် အောင် သင်ကြားမှုမရှိပါက ကျောင်းသား ကျောင်းသူ များ၊ မိဘများသာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံး နစ်နာမှုများရှိကြောင်း၊ နိုင်ငံတော်အတွက် အလုပ် လုပ်နိုင်မည့် လုပ်အားများ ဆုံးရှုံးခြင်းများ ဖြစ်ပေါ် လျက်ရှိပြီး နိုင်ငံသားတစ်ဦးချင်း၏ ဆုံးရှုံးနစ်နာမှု လည်းဖြစ်ကြောင်း၊     ထို့ကြောင့်     ကျောင်းသား ကျောင်းသူများအားလုံး      ပညာသင်ကြားနိုင်ရေး  တိုက်တွန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ ဆေးတက္ကသိုလ်  တက်ရောက်ရန်အတွက် ကျောင်း လာရောက်အပ်နှံသူ  ၅၀ ရာခိုင်နှုန်းကျော်ခန့်ရှိပြီး  ဆက်လက်         လာရောက်သင်ကြားမည့်သူများ ရှိကြောင်း။

 


ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် 
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု


ပြည်သူများ၏      ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်များ     ပြုန်းတီးမှု     ဖြစ်ပေါ်ခဲ့ ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်း လိုအပ် လျက်ရှိသည့်    ဒေသများတွင်    တပ်မတော်မှ ဆေးဝန်ထမ်း    တပ်ဖွဲ့များကို      တွဲဖက်တာဝန် ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  သင်တန်းဆင်း  ကျန်းမာရေးဝန်ထမ်းများကိုလည်း နိုင်ငံတော် တာဝန်များထမ်းဆောင်နိုင်ရေး ခန့်အပ် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်သူများ ကျန်းမာရေး    ဝန်ဆောင်မှုပြည့်ဝစွာ   ရရှိစေရန် အတွက် ဆေးရုံများကို တတ်နိုင်သမျှ ဖြည့်ဆည်း  ဆောင်ရွက်လျက်ရှိကြောင်း။

 


ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍လည်း ၂၀၂၁  ခုနှစ်အတွင်း   ကူးစက်မှုနှုန်း     မြင့်မားခဲ့မှုအတွက် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အားလုံးမှ  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် အခက် အခဲများကို   ကျော်လွှားနိုင်ခဲ့ကြောင်း၊   ယခုအခါ   ၀   ဒသမ   ၂  ရာခိုင်နှုန်းအောက်အထိ   ရောက်ရှိ လာပြီဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ကူးစက်မှုနှုန်း ၅   ရာခိုင်နှုန်းအောက်ရောက်ရှိပါက    ထိန်းသိမ်း နိုင်သည့်   အဆင့်သို့ ရောက်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ပေးထားကြောင်း၊ သို့သော်  မိမိတို့ အနေ ဖြင့်  ရောဂါကူးစက်မှုများ  ထပ်မံမဖြစ်ပေါ်စေရေး အတွက်  အချို့သော  ကိုဗစ်စည်းကမ်းချက်များကို  ဆက်လက်လိုက်နာရန်       လိုအပ်နေသေးကြောင်း၊  ကိုဗစ် - ၁၉    ရောဂါ  ကာကွယ်ဆေးထိုးနှံမှုတွင် လည်း ယခုအခါ အသက် ၁၈ နှစ်အထက် လူဦးရေ၏   ၉၂ ရာခိုင်နှုန်းကျော်ကို တစ်ကြိမ်နှင့်အထက် ထိုးနှံ ပေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင်   ထိုးနှံမှုနည်းပါးနေသေးသဖြင့်   တတ်နိုင် သမျှထိုးနှံပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊  ယခုအခါ  အသက် ၁၅ နှစ်နှင့် အထက်ကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ၁၂ နှစ် အထက်   ကျောင်းသား   ကျောင်းသူများကိုလည်း ထိုးနှံပေးပြီးဖြစ်ကြောင်း။

 


စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မှု


မိမိတို့   စတင်တာဝန်ယူချိန်တွင်    ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့သဖြင့် သွင်းကုန်များလျှော့ချ၍  ပြည်တွင်းထုတ်ကုန်များကို ဦးစားပေး ဆောင်ရွက် ခဲ့ကြောင်း၊ ယခုအခါ ကုန်သွယ်မှုပိုငွေများ ဖြစ်ပေါ် ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်  ကိုဗစ်ရောဂါ  ဖြစ်ပွား မှုကြောင့်    ပြည်ပရင်းနှီးမြှုပ်နှံမှုများ    မျှော်မှန်း သလောက် မရရှိခဲ့ကြောင်း၊ သွင်းကုန်၊ ထုတ်ကုန် များလည်း  ပုံမှန်နှစ်များထက်   နည်းပါးခဲ့ကြောင်း၊  ထို့ကြောင့်   မိမိတို့အနေဖြင့်   ဝင်ငွေများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သွင်းကုန်များဖြစ် သည့် စက်သုံးဆီများ ချွေတာသုံးစွဲရန်နှင့် စားသုံးဆီ များ လျှော့ချသုံးစွဲနိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်း မှုကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျ လာမည်ဖြစ်ကြောင်း၊    မိမိတို့နိုင်ငံတွင်    ဆီထွက် သီးနှံများ  စိုက်ပျိုးနိုင်သည့်   မြေသယံဇာတများစွာ ရှိကြောင်း၊ သီးထပ်၊ သီးညှပ်များ စိုက်ပျိုး၍ စိုက်ပျိုး ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက နိုင်ငံ၏ GDP သည် တိုးတက်လာမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး    လိုအပ်သည်များကို    နိုင်ငံတော် အစိုးရမှလည်း   ဖြည့်ဆည်းဆောင်ရွက်ပေးရန်လို ကြောင်း၊ စိုက်ပျိုးမှုတစ်ဧကချင်း အထွက်နှုန်းများ  တိုးတက်မှုရှိစေရေး      ဆောင်ရွက်ရန်လိုသကဲ့သို့ လေလွင့်ဆုံးရှုံးမှုများ    မရှိစေရေး    စနစ်တကျဖြင့် ရိတ်သိမ်းခြင်းများ       ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး      လုပ်ငန်းများအတွက်    လိုအပ်သည့် သွင်းအားစုများရရှိရေးအတွက် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများမှ    ထွက်ရှိသည့်      ဇီဝမြေဩဇာများ လုံလောက်စွာ    ရရှိနိုင်ရေး   ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက်   အားလုံးဝိုင်းဝန်း   ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း မှာကြားသည်။

 


ထို့နောက်     ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊    စောဒန်နီယယ်နှင့်    ဒေါက်တာ ဗညားအောင်မိုးတို့က   ဒီမိုကရေစီနှင့်    ဖက်ဒရယ် ဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲ များကျင်းပနိုင်ရေး၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့အဝင်ဂိတ် များတွင်    လက်နက်ခဲယမ်း      စစ်ဆေးနိုင်သည့် စက်ကိရိယာများတပ်ဆင်ပေးရေး၊    ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် ကျန်ရှိနေသည့်  EAO များအား ဆွေးနွေးပွဲတက်ရောက်နိုင်ရန် ငြိမ်းချမ်း ရေးလမ်းကြောင်း ဆက်လက်ဖွင့်လှစ်ပေးထားရေး၊  ဒစ်ဂျစ်တယ် ငွေကြေးစနစ်အသုံးပြုနိုင်ရန် ဆောင်ရွက် ပေးရေး၊   ပြည်တွင်းစားသုံးမှုကို    မထိခိုက်စေရန် ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုများ ထိန်းချုပ်၍ ပြည်ပမှ  မျိုးသန့်အသားစားနွားများ မွေးမြူနိုင်ရေး၊ ငြိမ်းချမ်း ရေးဆွေးနွေးပွဲသို့   တက်ရောက်လာကြမည့်    EAO များအား  အသိအမှတ်ပြုကြိုဆိုနိုင်ရေး၊  ဂုဏ်ထူး ဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ရသင့်ရထိုက် သူများ မကျန်ရှိစေရေး စိစစ်ဆောင်ရွက်ပေးရေး၊  မြေယာစီမံခန့်ခွဲမှုများ၌   ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး၊ စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနအလိုက် အားကစား ပြိုင်ပွဲများ ကျင်းပပေးရေး၊ ရခိုင်ပြည်နယ် စစ်တွေ  မြို့တွင်   အခြေခံကျန်းမာရေး   သင်တန်းကျောင်း ဖွင့်လှစ်ပေးရေး၊    ချင်းပြည်နယ်၌   ကျောင်းဖွင့် ရာသီတွင်    ကျောင်းသား  ကျောင်းသူများ   ပုံမှန် ကျောင်းတက်နိုင်ရန် စီမံဆောင်ရွက်ပေးရေး၊ အချို့ လေကြောင်းလိုင်းများတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေး ဆောင်ရွက်မှုများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ    ဆောင်ရွက်ရေး၊     မြေယာကိစ္စများတွင် ဝန်ထမ်းအချို့      မသမာမှုများရှိနေသည့်အတွက် စိစစ်ဖော်ထုတ်        အရေးယူရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   တင်ပြ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုး ရေးကို  ထိခိုက်အောင်  လုပ်ဆောင်မှုများကို ထိထိ  ရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ EAO များနှင့် တစ်ဖွဲ့ ချင်းစီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အစိုးရ နှင့်တပ်မတော်အနေဖြင့်    ပါတီစုံဒီမိုကရေစီစနစ် နှင့်   ဒီမိုကရေစီနှင့်   ဖက်ဒရယ်ကို  အခြေခံသော ပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်ကြောင်း၊ မြို့အဝင်  စစ်ဆေးရေးဂိတ်များ၌  လုံခြုံရေးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး Online Banking စနစ် ဆောင်ရွက်နိုင်ရေး    စီစဉ်ဆောင်ရွက်လျက်ရှိကာ အခြေခံပြည်သူများ ဝင်ငွေရရှိရေးအတွက် အလုပ် အကိုင်အခွင့်အလမ်းများ  ဖန်တီးပေးရန်  လိုအပ် ကြောင်း။

 


တစ်နိုင်ငံလုံး    လွှမ်းခြုံသည့်      ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်   လိုအပ်သည့်   ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းခန့်အပ်ပေးရန်         ဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ထမ်း ခန့်ထားစေလွှတ်နိုင်ရန် ဒေသ ငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် ငြိမ်းချမ်း ရေးကို      ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင်  ငြိမ်းချမ်းရေးအုတ်မြစ် တစ်ခုချမှတ်နိုင်ရန်   ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာတွင် ယုံကြည်မှု၊ ရိုးသားမှုနှင့် ပြည်ထောင်စုအကျိုးကို ရှေးရှု  ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို  စဉ်းစားဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် ချိန်ထိုးစဉ်းစား ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်      ငြိမ်းချမ်းရေးနှင့်ပတ်သက်၍      “ခုနက  ကျွန်တော်တို့   ဆွေးနွေးတဲ့အချိန်မှာ  အုပ်စု   နှစ်ခု ကျွန်တော်တို့  တွေ့ပါတယ်။  တစ်ခုကတော့  NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဒုတိယကတော့ NCA လက်မှတ်ရေးထိုးထားခြင်း မပြုရသေးတဲ့အဖွဲ့ NCA လက်မှတ်ရေးထိုးထားတဲ့  အဖွဲ့ထဲမှာ  ၇  ဖွဲ့ တက်ဖို့    ရှိပါတယ်။    လက်မှတ်ရေးထိုးထားခြင်း မပြုရသေးတဲ့   အဖွဲ့ထဲမှာ  ၃  ဖွဲ့   တက်ပါမယ်။ လက်မှတ်ရေးထိုးပြီးတော့မှ          အကြောင်းပြပြီး မတက်တဲ့အဖွဲ့ ၃ ဖွဲ့ ရှိပါတယ်။  လက်မှတ်ရေးထိုး ထားခြင်းမရှိတဲ့  အဖွဲ့ထဲက မတက်ဘူးလို့ ကြေညာ ထားတာ ၃ ဖွဲ့ ရှိပါတယ်။ ဒီမှာမူလက တက်မယ်လို့ ဆန္ဒရှိနေပြီးတော့မှ       လာမတက်ဘူးဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တာ KNU   အဖွဲ့ဖြစ်ပါတယ်။  KNU  ရယ်  နောက်တစ်ခါ  KIA  ရယ်၊  KNPP ကတော့  အဲဒီနယ်မြေတွေမှာရှိတဲ့  တချို့သော  သူတို့ဆီက   အဖွဲ့အစည်းတွေက   ကျွန်တော်တို့ဆီမှာ   လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွှယ်နေတဲ့ဟာတွေ    ရှိတာ တွေ့တယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံ ရဲ့    ပတ်သက်မှုနဲ့     ဆက်နွှယ်နေတယ်လို့လည်း ကျွန်တော်တို့   သိထားပါတယ်။  ဒါကြောင့်လည်း သူတို့က ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက် ပြီးတော့  မတက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့ တာဖြစ်တယ်လို့  ကျွန်တော်တို့ တွေ့ရှိရပါတယ်။

 


 နိုင်ငံအရေးမှာ   ကိုယ့်ပြည်တွင်း    အရေးမှာ ပြည်ပကပါဝင်နေသမျှ  ကာလပတ်လုံး တိုင်းပြည် တည်ငြိမ် အေးချမ်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ မြန်မာနိုင်ငံရဲ့   အရေးကို   မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တခြားပြည်ပ နိုင်ငံတွေကနေ ပြီးတော့ ဝင်ရောက်စွက်ဖက်ပြီး ဆုံးဖြတ်ရအောင် ဆောင်ရွက်ပေးလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မြန်မာ နိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ ဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော် တို့  အားနဲ့ပဲရအောင် ဆွေးနွေးပြီးတော့မှ ကျွန်တော် တို့ သွားချင်တဲ့၊ ပြည်သူကနေ သွားချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်ကို   မရောက်ရောက်အောင် ကျွန်တော်တို့     ချီတက်ပါမယ်။        ကျွန်တော်တို့ ရှေ့လုပ်ငန်းစဉ်  ၅ ရပ်လည်း ချမှတ်ထားတာ ဖြစ်ပါ တယ်။ ဒီရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို  အောင်မြင်အောင် လို့ဆိုတာလည်း     ငြိမ်းချမ်းရေး      ကိစ္စရပ်တွေ ကလည်း များစွာဆက်နွှယ်နေပါတယ်။  ဒါကြောင့်  ဒီငြိမ်းချမ်းရေးကို ကျွန်တော်တို့အနေနဲ့ ကျွန်တော် တို့ရဲ့   ပြည်သူများရဲ့   ဆန္ဒနဲ့အညီ    ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒေသတစ်ခုတည်း၊ အုပ်စုတစ်ခုတည်း ကို    သွားပြီးတော့မှ     အလေးထားဆောင်ရွက် သွားမယ်ဆိုလို့ရှိရင်တော့ ပြည်သူအများရဲ့ ဆန္ဒနဲ့  ကိုက်ညီဖို့ကတော့ ခဲယဉ်းတယ်ဆိုတာလေးလည်း ကျွန်တော်တို့     တွေ့ရမှာဖြစ်ပါတယ်။    တကယ် ငြိမ်းချမ်းရေးလိုချင်လို့ရှိရင် ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်နဲ့ လာကြဖို့ရယ်၊ ကျွန်တော်တို့သွားနေတဲ့  ဒီမို ကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီ တကယ်မှန်မှန် ကန်ကန် ဖြစ်ချင်တယ်ဆိုလို့ရှိရင် ဒီမိုကရေစီလိုချင်တဲ့ ဆန္ဒရယ်၊ ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့       ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်နဲ့    လုပ်မယ်ဆိုရင်    တိုင်းပြည်အတွက် ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုပဲ ဖြစ်ဖြစ်   အောင်မြင်မယ်ဆိုတဲ့  အမြင်ရှိတယ်ဆိုရင် ပြည်ထောင်စုစိတ်ဓာတ်နဲ့      လုပ်ကြမယ်ဆိုရင်   ဒီငြိမ်းချမ်းရေး  ဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့  ကျွန်တော်တော့ မြင်ပါတယ်” ဟု ပြောကြားသည်။ 

 


ယင်းနောက်     ဒီမိုကရေစီစနစ်   ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး  ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့်  ရပိုင်ခွင့်များကို မျှဝေခွဲဝေ ခံစားစေခြင်းဖြစ်ကြောင်း၊  ဖက်ဒရယ်ဆိုသည်မှာ          မတူကွဲပြားနေသည့်   တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစု များကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို  ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏   အဓိကလိုအပ်ချက်သည်   တိုင်းပြည် သာယာဝပြောရေး၊   စားရေရိက္ခာ  ပေါများရေးပင် ဖြစ်ကြောင်း၊     သာယာဝပြောရေး   ဆိုသည်မှာ ငြိမ်းချမ်းရေးကို   အခြေခံ၍   အလုပ်အကိုင်အခွင့် အလမ်းများအားလုံးကို   ဒီမိုကရေစီနည်းလမ်းနှင့် အညီ ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည်သာယာဝ  ပြောမည်ဖြစ်ကြောင်း၊    ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်ကို ဦးဆောင်နေသည့် အစိုးရက ဖန်တီးဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ ထိုသို့  ဖန်တီးပေးနိုင်မှသာ စားရေရိက္ခာများလည်း ပေါများ လာမည်ဖြစ်ကြောင်း၊  အဆိုပါ ကိစ္စရပ်နှစ်ခုသည် အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး ထိုသို့ဆောင်ရွက် နိုင်ရန်အတွက်  ငြိမ်းချမ်းရေးရရှိရေး မျှော်မှန်းချက် ထား ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်