
နေပြည်တော် ဧပြီ ၂၂
(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပုလဲနှင့်ကျောက်မျက်ရတနာများ ရောင်းချရာတွင် နိုင်ငံခြားငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် တို့အပြင် နောင်ပြပွဲ များတွင် ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ တို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက် ရောက်လာကြသူများသည် (၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက် စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လည်းကောင်း၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းရိုင်းအတွဲများနှင့် ယခုပြပွဲတွင် ပြသထားသည့် ၃၅ တန်ရှိ အကြီးဆုံးကျောက်စိမ်းတုံးကြီးကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အဆိုပါ အကြီးဆုံး ကျောက်စိမ်းတုံးကြီးမှာ လုံးခင်းဖားကန့်ရတနာနယ်မြေ၊ မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့်အကျိုးတူလုပ်ကွက်(၂)မှ တူးဖော်ရရှိ သည့် ၃၀၈ တန်ခန့်ရှိကျောက်စိမ်းတုံးကြီးမှဖြတ်ယူရရှိထားသည့် ၃၅ တန်ရှိ ကျောက်စိမ်းတုံးကြီး ဖြစ် ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် အသား ကျောက်အမျိုးအစားဖြစ်ပြီး အခြေခံ ဈေးနှုန်းအနေ ဖြင့် ယူရိုငွေ ၅ သန်းကျော် ခန့်မှန်းတွက်ချက် ရရှိထားကြောင်း သိရှိရသည်။
အရောင်းပြခန်းများဖွင့်လှစ်ရောင်းချ
ယနေ့ပြုလုပ်သည့် (၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက် အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း အတွဲ ၂၀၀၀ တို့ကို ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက် ရတနာအချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း။
ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများ ဝယ်ယူရာတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာ ဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာ တွင် ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယွမ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိပြီး ရတနာကုန်သည် များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေနိုင်ကြောင်း သိရှိရသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်စိမ်းဥယျာဉ် ပြန်လည်အဆင့်မြှင့်တင်ထားရှိ မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ ကျောက်စိမ်းဥယျာဉ်အား ၂၀၁၀ ပြည့်နှစ် ၌ မြေဧရိယာအကျယ်အဝန်း ၈ ဒသမ ၂၆ ဧကပေါ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း ကျောက်စိမ်း ရိုင်းတုံးပေါင်း ၅၁၁၇ တုံးနှင့် အခြားကျောက်ရိုင်းပေါင်း ၁၄၂၅၂ တုံး ထားရှိထားကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ဥယျာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်