နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ပြင်ဦးလွင် - ဇီးပင်ကြီး မီးရထားလမ်းပိုင်းအား စီးနင်းလိုက်ပါကြည့်ရှု 


 

နေပြည်တော်    ဧပြီ   ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊     ဦးခင်မောင်ရီ၊    မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးမောင်ကို၊    ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြင်ဦးလွင်ဘူတာရုံအဆောက်အဦသည် ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် ရှေးမူမပျက်ထိန်းသိမ်း၍ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန်လိုအပ်
ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ ရောက်ရှိ ကြရာ ကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်းနှင့်  တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဘူတာအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘူတာအတွင်း အပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ထိန်းသိမ်းဆောင်ရွက် ရန်လိုသည့်   အခြေအနေ၊   ပြင်ဦးလွင်ဘူတာရုံ  အဆောက်အဦသည် ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် ရှေးမူမပျက်ထိန်းသိမ်း၍ ရေရှည် တည်တံ့စေရေး ထိန်းသိမ်းရန်လိုအပ်သည့် အခြေအနေ၊ ရထားတွဲများနှင့် ရထားသံလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့် ပတ်သက်၍  ဆွေးနွေးမှာကြားသည်။
ပြင်ဦးလွင်-အနီးစခန်း-သုံးတောင်-ဇီးပင်ကြီး မီးရထားလမ်းပိုင်းအား ရထားစီးနင်းလိုက်ပါ ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာကြီးမှ ပြင်ဦးလွင်-အနီးစခန်း-သုံးတောင်-ဇီးပင်ကြီး မီးရထားခရီးစဉ်အဖြစ် ဇီးပင်ကြီး ဘူတာသို့  လိုက်ပါစီးနင်းခဲ့ပြီး  မီးရထားလမ်းကြောင်းတစ်လျှောက် တောင်ပေါ်အပန်းဖြေမြို့၊ ပြင်ဦးလွင်ဒေသ၏ အေးမြပြီး သာယာလှပ သည့်   ရေမြေတောတောင်သဘာဝရှုခင်းများ၊  စိမ်းလန်းစိုပြည်သည့် ရာသီသီးနှံစိုက်ခင်းများ၊ ဒေသခံပြည်သူလူထုတို့၏ လှုပ်ရှားသွားလာ နေမှုများကိုကြည့်ရှုသည်။ ထို့နောက် မီးရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် မီးရထားအပန်းဖြေခရီးစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရထားလမ်းများနှင့် ရထားတွဲများကို အဆင့်မြှင့်တင်  ဆောင်ရွက်ပေး နိုင်မည့်အခြေအနေ၊   မီးရထားလမ်းကြောင်းတစ်လျှောက်  သန့်ရှင်း သာယာလှပ၍ မျက်စိပသာဒဖြစ်အောင် ဆောင်ရွက်သွားရန် လိုအပ် သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
အဆိုပါ ပြင်ဦးလွင်ဘူတာကြီးသည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၇)၊ အောင်ဇေယျလမ်းတွင် တည်ရှိပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၆ ပေတွင်ရှိ၍ မန္တလေး-ပြင်ဦးလွင်-နောင်ချို-သီပေါ-လားရှိုး မီးရထားလမ်းပိုင်းပေါ်တွင် တည်ရှိ ကာ ဒေသခံပြည်သူတို့၏ ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ ကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့် နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ်သည့် မီးရထားဘူတာကြီးတစ်ခုလည်းဖြစ်သည်။ ဘူတာရုံအဆောက်အဦနှင့် အပြင်အဆင်ပိုင်းအားလုံးကို ရှေးမူလက်ရာမပျက်သာ ထိန်းသိမ်းထားရှိ ကာ ဘူတာရုံဧည့်ခန်းအတွင်း မီးရထားနှင့် ပတ်သက်သည့် ဓာတ်ပုံ သမိုင်းမှတ်တမ်းများကိုလည်း ချိတ်ဆွဲပြသထားရှိသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇီးပင်ကြီးဘူတာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်