နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌
 ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော်   ဧပြီ   ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည်   မြန်မာနိုင်ငံတွင်  တာဝန် ထမ်းဆောင်မှုပြီးဆုံး၍   ပြန်လည်ထွက်ခွာမည့်   ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Marie Faulkner အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 


တက်ရောက်


အဆိုပါ  တွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက် ကြပြီး ဩစတြေးလျနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံစစ်သံမှူး Colonel Anthony Egan နှင့် သံရုံးဒုတိယ အတွင်းဝန် Mr. Bryan Bong တို့ တက်ရောက်ကြသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကောင်း များကို   ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်မည့်  အခြေအနေနှင့် နှစ်နိုင်ငံအစိုးရနှင့်  ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ၊ အကြမ်းဖက် အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့်   နိုင်ငံတော်အစိုးရ၏  အုပ်ချုပ်မှုယန္တရားပျက်စီးစေရန် အပြစ်မဲ့ပြည်သူများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားနိုင်ငံ့ဝန်ထမ်း များအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် အခြေအနေ၊ အဆိုပါ အကြမ်းဖက်ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများကို ဥပဒေနှင့်အညီသာ အရေးယူဆောင်ရွက် သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် လာရောက်ခဲ့မှုကို ဩစတြေးလျနိုင်ငံအနေဖြင့် ဝမ်းမြောက်ကြိုဆိုပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘောဆောင် သည့် ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည့် အခြေအနေများ၊   မြန်မာနိုင်ငံအနေဖြင့်   အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် ဆောင်ရွက်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ စံနှုန်းများအတိုင်းသာ   ဆောင်ရွက်လျက်ရှိသည့်  အခြေအနေများ၊ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ရေးအတွက်လည်း ဆောင်ရွက် ပေး၍ ရနိုင်သည်မှန်သမျှကို တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အာဆီယံအသင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဌာန AHA Centre မှတစ်ဆင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်လျက် ရှိရာတွင်လည်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသူ များနှင့် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသူများရှိပြီး အစိုးရကိုကူညီမှုနှင့် ပြည်သူကိုကူညီမှုကို ကွဲပြားစွာ သိမြင်စေလိုသည့်  အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 


အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်


တွေ့ဆုံပွဲအပြီးတွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်     မြန်မာနိုင်ငံဆိုင်ရာ    ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်