နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တွင် အမှာစကားပြောကြား

 

ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီဖြစ်သဖြင့် 
ယခုနှစ်သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြုလုပ်ရန် ခွင့်ပြုထားပြီးဖြစ်

 

နေပြည်တော်   မတ်   ၃၀


ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်     အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ  တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်   ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၏ တင်ပြချက်


အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက   နိုင်ငံတော်၏  စိုက်ပျိုးမြေများ အသုံးချမှု၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှု နှင့် ထွက်ရှိမှု၊   အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်နည်းစနစ်ပြုပြင်ပြောင်းလဲရေး၊  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးရေပေးဝေနိုင်မှု၊ ပြည်တွင်း ဆီစားသုံးမှု၊    ပြည်တွင်းစားသုံးဆီဖူလုံရေးတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်ရေး အထူးဇုန်များ ဖော်ထုတ် ဆောင်ရွက်သွားမည့်  အစီအမံများနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၏ တင်ပြချက်


ထို့နောက်    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက နိုင်ငံတော် ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုနှင့်သုံးစွဲမှု၊ ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ် နိုင်ရန် စီစဉ်ထားရှိမှု၊   ဆက်လက်ဆောင်ရွက်မည့် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ အပူစွမ်းအင်သုံး နှင့်   ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက် နေမှု၊ နယ်စပ်ဖြတ်ကျော် Interconnection   စီမံ ကိန်းများ ဆောင်ရွက်နေမှုနှင့် လက်ရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီး၏ တင်ပြချက်


ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ပွင့်ဆန်းက   ပြည်ပမှ    စက်သုံးဆီတင်သွင်းမှုနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်ရေးဆောင်ရွက်နေမှု၊ ကဏ္ဍ အလိုက် စက်သုံးဆီသုံးစွဲနေမှု၊ ပြည်တွင်း ထုတ်လုပ် နိုင်မှု၊ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် သုံးစွဲ နိုင်ရေးအတွက် အလှည့်ကျစနစ်ဖြင့် ရောင်းချပေး နေမှု၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေး ဆောင်ရွက်နေမှု၊    စားအုန်းဆီဈေးနှုန်းတည်ငြိမ် ရေးအတွက်   ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ကျန်းမာရေးဝန်ကြီး၏ တင်ပြချက်


ဆက်လက်၍     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံပေး နိုင်မှု၊ တတိယလှိုင်းနှင့် စတုတ္ထလှိုင်းတို့တွင် ကြိုတင် ပြင်ဆင်မှုနှင့်တုံ့ပြန်ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံပြီးစီး မှု၊ ၂၀၂၂-၂၀၂၃ ကျောင်းဖွင့်ရာသီတွင် ၁၂ နှစ်အောက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊    ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက်  ရှေ့လုပ်ငန်းစဉ်များနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ နိုင်ငံတော်၏ လူမှု စီးပွားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


စားသုံးဆီနှင့် စက်သုံးဆီဖူလုံရေး


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် စားသုံးဆီနှင့်စက်သုံးဆီဖူလုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆီနှစ်ဆီဖူလုံရေးအတွက် ယခင်ကတည်းက ပြောကြားခဲ့ကြောင်း၊ စားဆီနှင့် ပတ်သက်၍ တစ်ဦးချင်း ဆီစားသုံးမှုနှုန်းလျှော့ချရေး ဦးတည်ပြောကြားခဲ့ကြောင်း၊ ကျန်းမာရေးအတွက် တစ်ရက်လျှင် လူတစ်ဦးချင်းဆီစားသုံးရန် လိုအပ်မှု မှာ ၂ ဒသမ ၂၅ ကျပ်သားအထိသာ ဖြစ်ကြောင်း၊ ယင်းနှုန်းဖြင့် တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ခဲ့ရာ မိမိတို့နိုင်ငံ၏ ဆီထွက်ရှိမှုနှင့် လုံလောက်မှုမရှိကြောင်း၊ မိမိတို့နိုင်ငံရှိတစ်ဦးချင်းဆီစားသုံးမှုသည် မြင့်မားလျက်ရှိသည်ကို   တွေ့ရှိရ ကြောင်း၊ သို့ဖြစ်၍ ဆီစားသုံးမှုကို လျှော့ချရန် လိုအပ် သကဲ့သို့ တစ်ဖက်မှလည်း   စားသုံးဆီထုတ်လုပ်မှု တိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ဝန်ကြီးချုပ်များက နည်းလမ်းရှာဖွေဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်     စိုက်ပျိုးမြေ အလုံအလောက်ရှိပြီး   အဆိုပါစိုက်ပျိုးမြေများကို အပြည့်အဝ အသုံးချစိုက်ပျိုးရန်လိုကြောင်း၊ စိုက်ဧက များအားလုံးတွင်      သီးထပ်စိုက်ပျိုးရေးများဖြင့် စိုက်ပျိုးမည်ဆိုပါက အထွက်များ ပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း၊ ထိုသို့ သီးထပ်စိုက်ပျိုးမည်ဆိုပါက နွေရာသီကာလတွင် စိုက်ပျိုးရေးအတွက် ရေရရှိရေး နည်းပညာအသုံးပြု၍   ရေတင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ပါက   ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ ဆီအုန်းများစိုက်ပျိုးမှုကို   စစ်ဆေးခဲ့ရာ အချို့စိုက်ပျိုးရေး မြေနေရာများတွင် အမှန်တကယ် စိုက်ပျိုးထားမှု မရှိသည်ကိုတွေ့ရှိရသဖြင့် စီမံခန့်ခွဲမှု များတွင် လိုအပ်ချက်များရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ  ဝန်ကြီးဌာနများနှင့်    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက  စနစ် တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။

 


လက်တွေ့ပြနိုင်ဖို့လို


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြောကြားရာတွင်   “စိုက်ပျိုးရေးနဲ့ ပတ်သက်ရင် လည်း ဒီအတိုင်းပဲ။   ကျွန်တော်တို့က    အထွက်နှုန်းနဲ့ ပတ်သက်ရင် တစ်အချက် မြေကိုအကျိုးရှိရှိလုပ်ဖို့ ရှိတယ်။ နှစ်အချက်ကတော့ အထွက်ကောင်းအောင် လုပ်ဖို့ရှိတယ်။   မျိုးမကောင်းဘူးဆိုရင် မျိုးကောင်း အောင် ကျွန်တော်တို့လုပ်ရမယ်။   ဒါစိုက်ပျိုးရေး သုတေသနက လုပ်နေတယ်။ ဒါပေမယ့် စိုက်ပျိုးရေး သုတေသနက   သုတေသနရလဒ်ကိုပဲ    သူတို့က မျိုးလုပ်လိုက်တာ။ ကျွန်တော်တို့  စီးပွားဖြစ်ပေါ့။ တစ်နိုင်ငံလုံးပျမ်းမျှ စပါးဧက ခုနကပြောတဲ့ ၁၅ သန်း ရှိတယ်။ မိုးစပါးစိုက်တာ။ ဒီမှာ စပါးမျိုးပေါင်း များစွာ ရှိတယ်။ အဲဒီထဲကနေ ရွေးထုတ်ပြီးတော့မှ မျိုးကောင်း ဥပမာအားဖြင့်    ပြည်နယ်နဲ့ တိုင်းတစ်ခုမှာ နှစ်မျိုးပဲ ထား၊ ဥပမာအားဖြင့် ၂၈ မျိုး၊ နေပြည်တော်ပါရင် ၃၀၊ မျိုးပေါင်း ၃၀။ အဲဒီမျိုးပေါင်း ၃၀ ကို  တကယ့်ကို   အားလုံးလွှမ်းခြုံနိုင်အောင် ထုတ်ပေးနိုင်ဖို့ စီမံရမှာ ပေါ့။   သုတေသနပြုရုံနဲ့မရဘူး။  တွေ့ရှိချက်တစ်ခုနဲ့ မရဘူး။    ဒါနောက်က ဘယ်လိုအကောင်အထည်ဖော် မလဲ။ ဒီလိုသွားရမှာပေါ့။ နိုင်ငံတော်ကလုပ်မလား။ နိုင်ငံတော်က လုပ်မယ်ဆိုရင် နိုင်ငံတော်က ဘယ်လို စီမံမလဲ။ ကျွန်တော်တို့မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ သုတေသနတွေ့ရှိချက်တွေနဲ့      သရုပ်ပြတာတို့နဲ့ ပြီးသွားပြီး နောက်က   ကျယ်ကျယ်ပြန့်ပြန့်လိုက် နိုင်ဖို့ကျတော့   အားလုံးမပါလာဘူး  ဖြစ်နေတယ်။

 


အားလုံးက အပေါ်ကနေခိုင်းမှ၊ အပေါ်ကနေလုပ်ပေးမှ လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ဒီလိုလည်း မဖြစ်စေချင် ဘူး။ ဒီလိုတွေရှိပြီဆို ငါတို့ဒေသအတွက်   ဘယ်လို လုပ်မလဲ။ ဒီလိုတော့ သွားစေချင်တယ်။ 

 


 ဒါက စပါး ဒီလိုပဲနေကြာ။   နေကြာမှာဆိုရင် ဒေသအထွက်ကောင်းမျိုးရှိတယ်။   စပ်မျိုးရှိတယ်။ နှစ်မျိုးရှိတယ်။ အခုကျွန်တော်ကြည့်တယ်။ စပ်မျိုး ကတော့ တစ်ဧကကို တင်း ၅၀ လောက် ထွက်တယ်။ ဒေသမျိုးကတော့ ၂၅၊ ၂၆ လောက်  ပတ်ဝန်းကျင် ထွက်တယ်။    ဒေသအထွက်ကောင်းမျိုးတွေပေါ့။ ဒါဖြင့် ကျွန်တော်တို့က စပ်မျိုးရအောင် ပြောင်းရမယ်။ ဘယ်လိုပြောင်းမလဲ ဒီဟာကို။ အစည်းအဝေးလုပ်နေ လို့မပြီးဘူးလေ။ အကောင်အထည်ဖော်ဖို့လိုတယ်။ မျိုးတွေ၊ မျိုးဘယ်လိုရအောင်လုပ်မလဲ။   ဘယ်လို နည်းနဲ့ရှာမလဲ။ နိုင်ငံတော်က ဆောင်ရွက်ရမယ်။ ဟုတ်ပြီ နိုင်ငံတော်ကဆို ဘယ်လိုလုပ်မလဲ။ ဒီဟာ ကို။ ပုဂ္ဂလိက ကလုပ်။ ပုဂ္ဂလိကဆို ဘယ်လိုပေးမလဲ။ အရေးကြီးတာတော့ လက်တွေ့ပြနိုင်ဖို့လိုတယ်” ဟု ပြောကြားသည်။

 


ဆက်လက်ပြောကြားရာတွင်   နိုင်ငံအတွက် အဓိကကျသည့် စိုက်ပျိုးရေးလုပ်ငန်းတွင်   မိမိတို့ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ် နေသည်ကို ထောက်ပြခြင်းပင်ဖြစ်ကြောင်း၊ ရေမြေ သဘာဝအပေါ်မူတည်၍ မိမိတို့ဒေသနှင့်  ကိုက်ညီ သည့်ရာသီသီးနှံများကို   စိုက်ပျိုးရန်လိုကြောင်း၊  မြစ်ရေတင်စီမံကိန်းများကိုလည်း   နေရောင်ခြည် စွမ်းအင်သုံး ဆိုလာမီးကို   အသုံးပြုဆောင်ရွက်၍ ရကြောင်း၊     ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ရေရှားပါးသည့်ဒေသများဖြစ်သည့်   မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နွေရာသီ၌ပါ စိုက်ပျိုးရေး လုပ်ငန်းကို ဆောင်ရွက်၍ရကြောင်း၊   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်   ကြိုးစားအားထုတ်မှုများ ပြုလုပ်ရန်လိုကြောင်း။

 


လျှပ်စစ်စီမံကိန်းများ အမြန်ပြီးစီးရေး


လျှပ်စစ်မီးလိုအပ်ချက်နှင့်ပတ်သက်၍ ဒီဇယ်ဆီ ကိုအသုံးပြု၍   လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲ လျက်ရှိသည့် ဒေသများတွင် ဒေသအလိုက်လျှပ်စစ် မီးရရှိရေးအတွက် နေ့ပိုင်းတွင်   အသုံးပြုနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို  အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊    မိမိတို့ဒေသ အလိုက်    စီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ နေရောင်ခြည်ကောင်းစွာရရှိသည့် ဒေသများတွင် လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခြင်းဖြင့်     မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုကို  လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မည်ဆိုပါက  လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသည့်ရေနှင့် ဂတ်စ်များ ပိုလျှံလာမည်ဖြစ်ပြီး ညပိုင်းလိုအပ်ချက် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့်  စိုက်ပျိုးရေးလုပ်ငန်းများ နှင့် စက်ရုံအလုပ်ရုံများတွင်   အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် စက်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းနှင့် လူမှုကိစ္စများတွင် များစွာ အသုံးပြုနေရကြောင်း၊ စက်သုံးဆီများ မြောက်မြားစွာ အသုံးပြု၍ဆောင်ရွက်ရသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ၊ စက်မှုလုပ်ငန်း များလည်း  များစွာရှိကြောင်း၊    အဆိုပါ   သယ်ယူ ပို့ဆောင်ရေးသုံး စက်သုံးဆီများနေရာတွင် လျှပ်စစ် ဓာတ်အားများဖြင့်အစားထိုးနိုင်ရေး နည်းလမ်း၊ စက် သုံးဆီဖူလုံအောင်ဆောင်ရွက်သည့် နည်းလမ်း၊ ပိုလျှံ အောင်ပြုလုပ်ရသည့် နည်းလမ်းများကို ရှာဖွေဆောင် ရွက်ရန်လိုကြောင်း၊ လတ်တလော ဖြေရှင်းရာတွင် ဆိုလာမီးများဖြင့် အစားထိုးဆောင်ရွက်ခြင်း၊ ဒုတိယ နည်းလမ်းမှာ နောင် နှစ်နှစ် သုံးနှစ်ခန့်တွင် ပြီးစီးလာ မည့် စီမံကိန်းများဖြစ်ကြောင်း၊  အဆိုပါစီမံကိန်းများ အမြန်ဆုံးပြီးစီးစေရန်အတွက်   ဆောင်ရွက်ရန်လို ကြောင်း။

 


ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်


ပို့ကုန်နှင့်ပတ်သက်၍ ပြောကြားရာတွင် စိုက်ပျိုး ရေးထုတ်ကုန်များကို   စနစ်တကျဖြင့်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထိုသို့တင်ပို့နိုင် ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန် ရှိသူများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ အလားတူ    သွင်းကုန်များကိုလည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊  သွင်းကုန်နှင့် ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပို့ကုန်တိုးမြင့်အောင်ဆောင်ရွက်၍ အဓိက သွင်းကုန် များဖြစ်သည့် စားသုံးဆီနှင့် စက်သုံးဆီ တင်သွင်းမှု များကို တတ်နိုင်သမျှ လျှော့ချရန်လိုကြောင်း။

 


ကိုဗစ်-၁၉ ကာကွယ်ဆေး
ရာနှုန်းပြည့် ထိုးနှံပြီးစီးရမည်


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ယခင်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၅၀ ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံပေးနိုင်ရေး ဆောင် ရွက်ခဲ့ကြောင်း၊ ဖြစ်နိုင်ခြေကို အနီးစပ်ဆုံးဖြစ်အောင် သုတေသနပြုတွက်ချက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၅၀ ရာခိုင်နှုန်း မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်သော် လည်း   အမှန်တကယ်   လုပ်ဆောင်မည်ဆိုပါက ၆၀ ရာခိုင်နှုန်းကျော်သည်အထိ ပြီးစီးအောင် ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်နေ့လျှင် ကာကွယ်ဆေး ထိုးနှံမှု နှစ်သိန်းခွဲရှိပြီး သုံးသိန်းနီးပါး ထိုးနှံနိုင်ခဲ့သည့် နေ့များရှိခဲ့ကြောင်း၊ ထိုနှုန်းအတိုင်းသာ ဆက်လက် ထိုးနှံမည်ဆိုပါက ယခုနှစ် ဖေဖော်ဝါရီနှင့်  မတ်လ အတွင်း၌ ကာကွယ်ဆေးထိုးနှံမှုကို   ရာနှုန်းပြည့် ပြီးစီးသည်အထိ   ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူတိုင်း ကာကွယ်ဆေးထိုးနှံပြီးစီးမည်ဖြစ်ကြောင်း၊ သို့သော် လည်း အချို့ပြည်နယ်နှင့်   တိုင်းဒေသကြီးတို့တွင် ဆေးထိုးနှံမှု၌  လိုအပ်ချက်များ    ရှိနေသေးသည်ကို‌ တွေ့ရှိရပြီး         အကြမ်းဖက်သောင်းကျန်းသူများ
ရှိနေသည့်နယ်မြေများမှလွဲ၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် အခြေ အနေများ ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံထားမှသာ လျှင် ရောဂါဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်ဖြစ်သောကြောင့် ဒေသအလိုက် လုံခြုံရေးအစီအမံများဆောင်ရွက်ပြီး ကာကွယ်ဆေး ထိုးနှံမှုကို လုပ်ဆောင်သွားနိုင်ရန်   လိုအပ်မည်ဖြစ် ကြောင်း။

 


စီမံခန့်ခွဲမှု၌ ဒေသနှင့်ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံ


စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့များအနေ ဖြင့်  နိုင်ငံတော်ကို    စီမံခန့်ခွဲဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန်လို ကြောင်း၊ မိမိတို့၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ဝန်ကြီး ဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လုပ်ပိုင်ခွင့်ကို အသုံးချ၍ အမြတ်ထုတ်ဆောင်ရွက် ခြင်းများ မဖြစ်ရန်လိုကြောင်း၊ တိုင်းပြည်ကောင်းစား ရေးအတွက်ကိုသာ   ရှေးရှုဆောင်ရွက်ကြစေလိုပြီး နိုင်ငံရေးကင်းရှင်းရန်    လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်   အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေးအမြင်များရှိရန်လို ကြောင်း၊ အမြင်လေးမျိုးဖြင့် အဘက်ဘက်မှ သုံးသပ် ၍ တွေးခေါ်မြော်မြင်စဉ်းစား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများသည်   အစိုးရအဖွဲ့၏ မူဝါဒကို   အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရည်မှန်းချက်များကို အောင်မြင်အောင်  အကောင် အထည်ဖော်ရန်    ကွပ်ကဲဆောင်ရွက်ရန်ဖြစ်ပြီး ဝန်ကြီးချုပ်များအနေဖြင့်လည်း   မိမိတို့ဒေသနှင့် ကိုက်ညီသည့်အစီအမံများ၊  ကွပ်ကဲအုပ်ချုပ်မှုပုံစံ များဖြင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အုပ်ချုပ်ဆောင်ရွက်နေရသည့် အချိန်ကာလ အတွင်း နိုင်ငံတော်ကိုကောင်းအောင် ကြိုးပမ်းဆောင် ရွက်ခဲ့သည့် မှတ်တမ်းကောင်းများ ကျန်ရှိရန်လိုအပ် ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက်    ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 


အသုံးစရိတ်များ ချွေတာသုံးစွဲ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် ဝန်ကြီးဌာနများအနေဖြင့် ဌာနပိုင်မြေနှင့် ယင်းမြေပေါ်ရှိ အဆောက်အအုံ၊  လုပ်ငန်းများအား ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မူလစာချုပ်ပါ    စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း    ရှိ/မရှိ၊    စည်းကမ်း ဖောက်ဖျက်မှု ရှိ/မရှိ    ပြန်လည်စိစစ်  ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အသုံးစရိတ် များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအလိုက် တတ်နိုင် သမျှ ချွေတာသုံးစွဲကြရန်အတွက် တာဝန်ရှိသူများက လည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယင်းသို့ ချွေတာသုံးစွဲခြင်းဖြင့် ကုန်ဈေးနှုန်း ကြီးမြင့် မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ အမှန်တကယ်   တိုးတက်မှုရှိအောင် လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း။

 


တက္ကသိုလ်များ ပြန်ဖွင့်မည်


၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊ သင်တန်း များအားလုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်ချိန်တွင်   ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင်    တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအားလုံး တက်ရောက် ကြရမည်ဖြစ်ကြောင်း၊  တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်မှုမျိုးစုံရှိလာနိုင်သဖြင့် တာဝန်ရှိသူများ အနေဖြင့် လုံခြုံရေးကိစ္စရပ်များ   ဆောင်ရွက်ပေး နိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိရန် လိုကြောင်း။

 


သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး


ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီဖြစ်သဖြင့် ယခုနှစ်သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပ ပြုလုပ်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊  ဝန်ကြီးဌာန များအနေဖြင့်လည်း သင်္ကြန်ပွဲတော်ကျင်းပရာတွင် လုံခြုံရေးအသိဖြင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပဆောင်ရွက်သွားရန် လိုကြောင်း၊ အဖျက်အမှောင့်လုပ်ငန်းများသည် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့်   လုံခြုံရေးအဖွဲ့များ    စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရန်      လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့ကျသွားပြီးဖြစ်သော်လည်း   ပေါ့ဆ၍မရဘဲ သတိဝီရိယဖြင့်   နေထိုင်သွားကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံပေးနိုင်ရေး အတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုများကို   ဝန်ကြီးဌာန များအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့်    ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။    

                           

သတင်းစဉ်