
စက်မှုဇုန်နယ်မြေအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏
ခွင့်ပြုချက်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်လျှောက်ထားစေခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်စေမည်ဖြစ်
နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် စီမံကိန်းနေရာသို့ ရောက်ရှိကြရာ စီမံကိန်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စီမံကိန်းဥက္ကဋ္ဌက မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေ အနေများကို စီမံကိန်းအကွက်ချပုံစံငယ်ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းအတွင်းရှိ စက်မှုဇုန်နယ်မြေသို့ ရောက်ရှိကြရာ စီမံကိန်းဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ ဒေါက်တာ ထွန်းထွန်းအောင်တို့က စက်မှုဇုန်နယ်မြေအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့် အခြေအနေ၊ ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်ဆောင်ရွက်နိုင်မည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ခွင့်ပြုချက်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းဧရိယာသည် အပူပိုင်း ဒေသဖြစ်သဖြင့် စီမံကိန်းနယ်မြေဧရိယာအစပ်များနှင့် လစ်လပ်မြေ နေရာများတွင် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်နယ်မြေ အတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရာ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ခွင့်ပြုချက်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်လျှောက်ထားစေခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်စေမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးထားသည့် လျှပ်စစ်ဓာတ်အားအပြင် မိုးရွာရက်နည်းပြီး ပူပြင်းသည့်ဒေသဖြစ်သည့်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်ကြ စေလိုကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
မွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်မည့်အခြေအနေ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်နှင့် ငါန်းဇွန်မြို့နယ် အတွင်း ဆောင်ရွက်မည့် တိုင်းဒေသကြီး မွေးမြူရေးဇုန်မြေနေရာသို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြာရေးမှူး ဦးသိန်းဝင်းက မြင်းခြံမြို့နယ်နှင့်
ငါန်းဇွန်မြို့နယ်အကြားရှိ မြေဧက ၃၀၀၀ ကျော်ကို မွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်ရန် လျာထားဆောင်ရွက်နိုင်မည့်အခြေအနေနှင့် မန္တလေး တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က လျာထားဆောင်ရွက်မည့် မွေးမြူ ရေး ဇုန်အတွင်းသို့ ရေရရှိရေး ဆောင်ရွက်ပေးနိုင်မည့်အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ရေရှည်ကိုမျှော်တွေး၍ သေချာစွာတွက်ချက်ဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မွေးမြူရေးဇုန်များအဖြစ် သတ်မှတ် ဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းနိုင်မည့် စနစ်ကျနသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ရေရှည်ကို မျှော်တွေး၍ သေချာစွာတွက်ချက် ဆောင်ရွက်ကြရန် လိုအပ်သည့်အခြေအနေ၊ မွေးမြူရေးဇုန်အတွင်း ဧရိယာတစ်ခုသတ်မှတ်၍ solar plants တစ်ခု ဆောင်ရွက်ပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မြစ်ရေတင်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်နေရာများတွင် အသုံးချနိုင် မည်ဆိုပါက အကျိုးအမြတ်ရရှိနိုင်သည့်အခြေအနေနှင့် မြေဧရိယာ များကို မွေးမြူရေးဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်ရာတွင် ဥပဒေနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်