
ဒေသအတွင်း စပါးအထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်၍ ပြင်ပမှ ဝယ်ယူစားသုံးမှုများ
လျှော့ချနိုင်ခြင်းဖြင့် ဒေသအတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများ ကောင်းမွန်ပြီး တိုးတက်မှုကို ဖြစ်ပေါ်စေမည်
နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်း ဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။
အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ တာဝန်ယူခဲ့သည်မှာ ၁၁ လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာမီအချိန်အတွင်း ၁ နှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ တာဝန် ထမ်းဆောင်ချိန်ကာလအတွင်း နိုင်ငံတကာဆက်ဆံ ရေးနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် အလုပ်သဘောချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး အာဆီယံရေးရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ ကြောင်း၊ အဓိကအားဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်း အဝေး ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်၍ ဦးတည်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ပထမဆုံးအချက် ဖြစ်သည့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေ သူများအနေဖြင့် အကြမ်းဖက်မှုရပ်ဆိုင်းပြီး တွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အကြမ်းဖက်အဖွဲ့ များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အမြဲမပြတ်ဆောင်ရွက် နေမှုများနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင် နိုင်ရေး ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊ အလားတူ အာဆီယံ လူသားချင်းစာနာထောက်ထားမှုနှင့် သက်ဆိုင်သည့် ထောက်ပံ့ပစ္စည်းများ ကူညီ ထောက်ပံ့နိုင်ရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေး နိုင်ခဲ့ပြီး မိမိတို့အနေဖြင့် လက်ခံပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးနိုင် ခဲ့ကြောင်း၊ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ၏ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း။
တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်နေ
နိုင်ငံတော်၏ ယေဘုယျ အခြေအနေနှင့် ပတ်သက်ပြီး ပထမဦးစွာ နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့ စတင်တာဝန်ယူချိန်တွင် ဆူပူမှုများ မရှိ သလောက် နည်းပါးခဲ့သော်လည်း ဖေဖော်ဝါရီ ၃ ရက် နောက်ပိုင်းတွင် ပြင်းထန်လာခဲ့ပြီး တစ်နိုင်ငံလုံး အနေဖြင့် ၆၀ ရာခိုင်နှုန်းခန့်ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ ကာ နောက်ပိုင်းတွင် ပြန်လည် ကျဆင်းလာခဲ့ကြောင်း၊ ဆန္ဒပြမှုများအား ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိခဲ့ကြောင်း၊ သာမန်ဆန္ဒပြ မှုများမှတစ်ဆင့် ဆူပူမှု၊ အကြမ်းဖက်မှု၊ ဖောက်ခွဲ ဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများအထိ ဆောင်ရွက် လာခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ဆက်လက် လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် စစ်အုပ်ချုပ်ရေးအမိန့်များ သတ်မှတ်ရာတွင်လည်း အလွန်ဆိုးရွားသည့် နယ်မြေများကိုသာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန်ဖြစ်ကြောင်း။
အားသာချက်ကိုအသုံးချရမည်
မိမိတို့နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှစ၍ နိုင်ငံအတွင်း စီးပွားရေးနှင့် ပတ်သက်၍ များစွာထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ စီမံခန့်ခွဲမှုအမှားများကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ ငွေကြေးတည်ငြိမ်မှုရှိစေရန်အတွက် တရား နည်းလမ်းမကျသည့် အခြားနည်းလမ်းများဖြင့် ထိန်းချုပ်ဆောင်ရွက်ခဲ့ခြင်းနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား အားပေးဆောင်ရွက်မှုမရှိခဲ့ခြင်း များကြောင့် ကုန်သွယ်မှုလိုငွေများ နှစ်စဉ် အမေ ရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိခဲ့ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်တွင် နိုင်ငံများအားလုံး စီးပွားရေး ထိခိုက်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်ခြင်း၊ ဝန်ဆောင်ခနှင့် ကုန်ထုတ်လုပ်မှု စရိတ်များ ကြီးမြင့်ခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူ ချိန်တွင် နိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းမွန် စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကမှာပြည်သူများအားလုံး ထမင်းမငတ်ရန်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံ ဖြစ်သဖြင့် အဆိုပါ အားသာချက်ကိုအသုံးချရမည် ဖြစ်ကြောင်း၊ ယခုအခါ စားသောက်ကုန်များ အထိုက် အလျောက် ထုတ်လုပ်နိုင်ခဲ့၍ ပြည်ပပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ပြီဖြစ်ကြောင်း။
တတ်မြောက်အောင် သင်ကြားပေး
လူမှုရေးနှင့်ပတ်သက်၍ စာသင်ကျောင်းများအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ယခုအခါ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင် ခဲ့ကြောင်း၊ ကျောင်းတက်မှုနှုန်းများမှာ စတင်ဖွင့်လှစ် နိုင်ခဲ့သည့် အချိန်ထက် ကျောင်းတက်ရာခိုင်နှုန်းများ မြင့်တက်လာကြောင်း၊ သို့သော် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက် နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပညာရေးဝန်ထမ်းများ CDM ပြုလုပ်မှု နှင့်ပတ်သက်၍လည်း ပညာရေးဝန်ထမ်းအများစု သည် အမျိုးသမီးများဖြစ်ပြီး အရှက်တရားနှင့် အကြောက်တရားများကို အသုံးချ၍ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရှက်ခွဲခံရခြင်းနှင့် အခြားသော အကြောင်း အမျိုးမျိုးကြောင့် CDM ပြုလုပ်ခဲ့ကြ သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ၏ အနာဂတ်အတွက် ကျောင်းသား၊ ကျောင်းသူများအားလုံး စာမေးပွဲ အောင်ရုံသာမက အမှန်တကယ် တတ်မြောက် အောင် သင်ကြားပေးရန်လိုကြောင်း၊ ထို့ကြောင့် တတ်နိုင်သမျှ ပညာရေးနှင့်ပတ်သက်၍ ရာနှုန်းပြည့် တိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များကိုလည်း ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းတက်ရာခိုင် နှုန်းများ တိုးတက်စေရေး ဆောင်ရွက်လျက် ရှိကြောင်း။
အားကစားပွဲများ ကျင်းပနိုင်ရေး ခွင့်ပြုပေးထား
ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန်များ CDM ပြုလုပ်ကြပြီး ဆူပူအကြမ်းဖက်သည့် အဖွဲ့များတွင် သွားရောက်နေကြသူများနှင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကိုယ်ပိုင်ဆေးခန်းများ ဖွင့်လှစ်ခြင်းနှင့် ပြည်ပသို့ သွားရောက်ခြင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် နေမှုများရှိကြောင်း၊ အားကစားနှင့်ပတ်သက်၍လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် အားကစား ဆောင် ရွက်မှုများကို ရပ်တန့်ထားခဲ့ရပြီး ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစား ပွဲများ ကျင်းပနိုင်ရေး ပြန်လည်ခွင့်ပြုပေးထားကာ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိ ကြောင်း။
ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်
လုံခြုံရေးနှင့်ပတ်သက်၍ လက်နက်ကိုင်ပဋိပက္ခ နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်မရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် နောက်ပိုင်းမှ ပေါ်ပေါက်လာသည့် အကြမ်းဖက်အဖွဲ့ အစည်းများရှိ ကြောင်း၊ မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများအမြဲ မပြတ်ဆောင်ရွက်လျက်ရှိပြီး လက်မှတ်ရေးထိုးထား ခြင်း မရှိသောအဖွဲ့များနှင့်လည်း အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ အဖွဲ့များထဲတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ထဲတွင် ပါဝင်သည့် KIA နှင့် KNPP အဖွဲ့တို့သည် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို ထောက်ပံ့ပေးပြီး ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း နှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်း၊ ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင် ၍ လမ်းကြောင်းများ၊ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်း လုပ်ရပ်များတွင် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ကယား ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် ဒေသတည်ငြိမ်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း ချင်းပြည် နယ် NLD အဖွဲ့နှင့် CNF အဖွဲ့များပူးပေါင်း၍ အကြမ်း ဖက်မှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့် အပြစ်မဲ့ ပြည်သူများ၏ အိမ်များ မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် လည်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် CDM ပြုလုပ်ပြီး အကြမ်းဖက်မှု များ ဆောင်ရွက်နေသူများအား ဖမ်းဆီးရမိခဲ့ပြီး အချို့ကိုလည်း သတင်းထုတ်ပြန်ပေးခဲ့ပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း အကြမ်းဖက်မှု များ ဆောင်ရွက်ရေးအတွက် ဦးဆောင်ပြီး ဆောင် ရွက်နေသည့် NLD ပါတီမှ ဖြိုးဇေယျာသော် အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း၊ အလားတူ အကြမ်းဖက်မှုများ ဆောင်ရွက်နေသူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပစ်ခတ် သတ်ဖြတ်မှုများ နည်းပါးလာပြီဖြစ်ကြောင်း၊ အပြစ်မဲ့ ပြည်သူများနှင့် ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းများအား အကြောင်းမဲ့သတ်ဖြတ် ခြင်းသည် နိုင်ငံတော်အစိုးရအား ဆန့်ကျင်ခြင်း မဟုတ်ဘဲ တိုင်းပြည်ပျက်စီးစေရန်အတွက် ပြုလုပ် နေသော မိုက်မဲသည့် အပြုအမူများပင်ဖြစ်ကြောင်း။
ခိုင်မာအောင်ဆောင်ရွက်နေရန်လို
လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့သည် နိုင်ငံတော်အတွက် ထူးခြားလေးနက်သည့် နေ့တစ်နေ့ ဖြစ်သဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ကြောင်း၊ မိမိအနေဖြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် ၇၅ နှစ်ကြာပြီဖြစ်သည့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ခိုင်မာနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို မကြာခဏ ခြိမ်းခြောက် ခံနေရပြီး နိုင်ငံ၏ စုစည်းညီညွတ်သည့်အားဖြင့် ခိုင်မာအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ လွတ်လပ်ရေးမှ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ခံစားနိုင်အောင် ဆောင်ရွက်ရန်လိုအပ်သဖြင့် မိမိ အနေဖြင့် ယခုနှစ်တွင် နိုင်ငံ၏အရေးကြီးဆုံး လိုအပ် ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကိုဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ခြေလှမ်းသစ် စတင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း ရရှိ ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင် အခြေခံပြီး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အလေးထားအကောင်အထည်ဖော်
NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏ လာရောက် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးအတွက် ၂၀၁၁ -၂၀၁၅ ကာလတွင် ဆောင်ရွက် ခဲ့သကဲ့သို့ ၂၀၁၅ -၂၀၂၀ ကာလတွင်လည်း ခေတ်ကာလနှင့် ကိုက်ညီအောင် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) သည် ၁၉၉၀ ပြည့်နှစ်ခန့်မှ စတင်၍ အခြေတည်ခဲ့ခြင်းဖြစ်သဖြင့် လတ်တလော အခြေအနေနှင့် ကိုက်ညီမှု မရှိနိုင်သည်များရှိသဖြင့် ပြင်ဆင်ရန်ရှိသည်များကို နားလည်သဘောပေါက် ကြောင်း၊ သို့သော် ဒို့တာဝန်အရေးသုံးပါးကို ထိပါး စေမည့်အချက်များအား လုံးဝထိခိုက်၍မရကြောင်း၊ မိမိတို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို သွားနေခြင်းဖြစ် ကြောင်း၊ ပြည်ထောင်စုဟူသော စကားသည် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထားအကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ကို အခြေခံ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးနှင့်ပတ်သက်၍ ဖက်ဒရယ် နိုင်ငံကြီးများ၌ ဒီမိုကရေစီနှင့်ဖက်ဒရယ်တွင် တူညီ သည့် အခွင့်အရေးကိုသာ ပေးထားကြောင်း၊ တိုင်းရင်းသား အားလုံးတူညီသည့် အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦး တစ်ယောက်တည်း ဦးစားပေး၍မရနိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းများဆောင်ရွက် ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင် အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စု တည်ဆောက်ရေးကို ထိခိုက်မှု မရှိပါက လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပညာရေးမြှင့်တင်မှု လုပ်ပေးရမယ်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်း ရေးနှင့်စပ်လျဉ်း၍ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု များ မျှတမှုရှိရန်နှင့် ပတ်သက်ပြီး ပြောကြားရာတွင် “ငြိမ်းချမ်းရေးကိစ္စနဲ့ ဆက်စပ်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေမှာ ပြည်နယ်နဲ့ တိုင်း ဖွံ့ဖြိုးတိုးတက်မှု မမျှတာတွေရှိတယ်။ တခြားမပြောနဲ့ ရန်ကုန်နဲ့ မန္တလေးတောင် ဖွံ့ဖြိုးတိုးတက်မှုမတူဘူး။ ရန်ကုန်နဲ့ မော်လမြိုင်မတူဘူး၊ ရန်ကုန်နဲ့ ပုသိမ်မတူဘူး။ မတူညီချက်တွေ။ ကွာခြားချက်တွေရှိတယ်။ ရန်ကုန် ကတော့ ရန်ကုန်မြို့ပေါ်နဲ့ အစွန်အဖျားမှာရှိတဲ့၊ ဥပမာ ကွမ်းခြံကုန်းတို့၊ တွံတေးတို့၊ ကော့မှူးတို့၊ ဒလတို့၊ မှော်ဘီတို့၊ တိုက်ကြီးတို့၊ အစွန်ဒေသတွေပေါ့၊ ဖွံ့ဖြိုးတိုးတက်မှုတွေကမြို့ပေါ် နဲ့မတူဘူး။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမတူပါဘူး၊ ကွာခြားမှုရှိပါ တယ်။ ကျွန်တော်တို့ လိုအပ်တာဘာလဲဆိုရင်၊ တစ်နိုင်ငံလုံးမှာရှိတဲ့၊ ဒေသအားလုံးဟာ ဆူကြုံအနိမ့် အမြင့်ကွာခြားမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးဖို့လိုတယ်။ အဲဒီဆူကြုံအနိမ့်အမြင့် ကွာခြားမှု များတဲ့အတွက်ကြောင့် ပဋိပက္ခတွေ ကျွန်တော်တို့ ဖြစ်နေကြတယ်။ ပစ္စည်းမဲ့ဒေါသတွေ။ ကွန်မြူနစ် စကား၊ နိုင်ငံရေးစကားပြောရရင် ပစ္စည်းမဲ့ဒေါသတွေ ဖြစ်တယ်။ ငါတို့မှာမရှိဘူး။ မင်းတို့မှာ ရှိတယ်။ ငါတို့မှာ မလုပ်ရဘူး။ မင်းတို့မှာ လုပ်ရတယ်။ ငါတို့မှာ မစားရဘူး။ မင်းတို့မှာ စားရတယ်။ ငါတို့မှာ မဝတ် ရဘူး။ မင်းတို့မှာ ဝတ်ရတယ်။ ငါတို့မှာ ပညာမသင် ရဘူး။ မင်းတို့မှာ သင်ရတယ်။ ဒါကွာခြားချက်တွေ ဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒီကွာခြားချက် ကို အနိမ့်ဆုံးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက် ပေးရမယ်။ ဟိုတစ်နေ့က ကျွန်တော် ပညာရေးမှာ ပြောပြတယ်။ ထားဝယ်မှာလည်း ကျွန်တော် ပြောတယ်။ မြိတ်မှာလည်း ကျွန်တော်ပြောတယ်။ ကျွန်းစုမှာလည်း ကျွန်တော်ပြောတယ်။ ပညာရေး ကွာခြားမှုတွေ သိပ်များနေပါတယ်။ အဲဒီတော့ ပညာ ရေး ကွာခြားမှုမများအောင် ကျွန်တော်တို့ရအောင် လုပ်ရလိမ့်မယ်။ ဒါကြောင့် KG+9 ကို ပြည်နယ်နှင့် တိုင်း အားလုံးကို ရအောင်လုပ်ပေးရမယ်။ ပညာရေး မြှင့်တင်မှု လုပ်ပေးရမယ်။ ပြည်နယ်နှင့် တိုင်းတွေ မှာလုပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ပိုပြီး တော့ ငွေပိုပေးရမယ်။ ဥပမာအားဖြင့် ချင်းတို့၊ ကယားတို့ ပိုပေးဖို့လိုတယ်။ ကျွန်တော် ပြောပြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဟာကို စိတ်ဝင်စား တယ်။ မျက်ခြည်မပြတ် ကြည့်နေတယ်။ ဘယ်လို အခြေအနေပေးရင် ဘယ်လိုလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ဆိုလိုတာကတော့ ဒေသတွင်း နဲ့ ဒေသအလိုက် ကွာခြားမှုတွေ မကြီးမားအောင် ကျွန်တော်တို့ သွားရမယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဒါတွေကွာခြားချက်တွေ။ ဒေသ တွင်း၊ ဒေသအလိုက် ကွာခြားချက်မများအောင် ပြန်လုပ်ရမယ့်ဟာ ရှိပါတယ်။ ဒီလိုသွားနိုင်ဖို့ဆိုရင် အဓိကအားဖြင့် ပညာတတ်တွေ အများကြီးလိုပါ တယ်။ စီးပွားရေးလုပ်မလား။ ပညာမတတ်ရင် ဘာမှ လုပ်လို့မရပါဘူး။ ကျန်းမာရေး ကောင်းအောင် လုပ်မလား။ စားရေးသောက်ရေး နေရေးထိုင်ရေး မြင့်ဖို့အတွက်ဆိုလည်း ပညာမတတ်ဘဲ၊ ဝင်ငွေမရှိဘဲ လုပ်လို့မရဘူး။ မှောင်ခိုချ နေလို့မရဘူး။ မူးယစ် ဆေးဝါး လုပ်နေလို့မရဘူး။ Illegal Trade မှာ၊ ဒီ Production မှာ သွားလုပ်လို့မရဘူး။ တရားဥပဒေနှင့် အညီ၊ သမာအာဇီဝလုပ်ငန်းတွေနဲ့ပဲ ကြီးပွားချမ်းသာ အောင်လုပ်ပေးရမယ်။ အဲ့ဒါဆိုရင်တော့ အတတ် ပညာ၊ အသိပညာမရှိလို့မရဘူး။ ပညာရေးမြှင့်တင် မှုမလွဲမသွေ လုပ်ပေးရမယ်။ ကျေးလက်အရောက် ပညာရေး မြှင့်တင်မှုတွေကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အရေးကြီးပါ တယ်။ အနာဂတ်အတွက် အရေးကြီးပါတယ် ” ဟု ပြောကြားသည်။
တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ပညာရေးမြှင့်တင်မှုများ ဆောင်ရွက် ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်ရေးအတွက် အတန်းပညာများ အမှန်တကယ် တတ်မြောက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဘာသာ ရပ်ဆိုင်ရာ ဆရာ၊ ဆရာမများပြည့်စုံရန်နှင့် ဆရာ၊ ဆရာမများအားလုံး ဘာသာရပ်အလိုက် ပညာရပ် များအား တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုပြီး စားသောက်ရေး၊ နေထိုင်ရေးနှင့် ဘဝရပ်တည်နိုင်ရေး အတွက် အာမခံချက်များရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ အုပ်ချုပ်မှုနှင့်ပတ်သက်၍လည်း တာဝန် ထမ်းဆောင်မှုနှင့် ပညာအရည်အချင်းနှင့် အဆင့် အလိုက် ထောက်ပံ့ဆောင်ရွက် ပေးသွားရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးမြှင့်တင်မှုများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရန်အချက်များ များစွာရှိကြောင်း၊ အလားတူ ကျန်းမာရေး ဝန်ထမ်း များ မွေးထုတ်မှုနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံ တွင် ဆရာဝန်များ အခက်အခဲရှိကြောင်း၊ ဆရာဝန် များ မွေးထုတ်မှုနှင့်ပတ်သက်၍ လာမည့်ပညာသင်နှစ် များတွင် ပညာသင်ကြားရေး၌ နိုင်ငံတော်တာဝန် ထမ်းဆောင်မည့်သူမဟုတ်ဘဲ မိမိကိုယ်ပိုင်ဆေးကုသ ခြင်း လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ပညာသင်ကြား ရေးတွင် ငွေကြေးကောက်ခံမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမှသာ နိုင်ငံတော်ရှိ ဆေးရုံများ အတွက် လိုအပ်သည့် ဆေးဝန်ထမ်းများ လုံလောက် စွာ ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသား ပညာရေးဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေများနှင့် ပတ်သက်၍လည်း ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြန်လည် စဉ်းစားလုပ်ဆောင်သင့်သည်များ လုပ်ဆောင်ရမည် ဖြစ်ကြောင်း။
ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရရှိ
မိုးစပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း ယခုနှစ် အတွင်း စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းပြီး ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရရှိကြောင်း၊ သို့သော် အထွက်နှုန်း ပျမ်းမျှရာခိုင်နှုန်း တင်း ၇၀ ကျော်ခန့် သာရှိသဖြင့် ရည်မှန်းချက်ဖြစ်သည့် တင်း ၁၀၀ ထွက်ရှိနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ စပါးအထွက်နှုန်းအား ယခု ထက် ပိုမိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပနိုင်ငံများသို့တင်ပို့ ရောင်းချနိုင်သောကြောင့် နိုင်ငံခြားဝင်ငွေများ ရရှိမည်ဖြစ်သကဲ့သို့ တောင်သူ များအနေဖြင့်လည်း ငွေကြေးပိုမိုရရှိပြီး ပြည်တွင်း ငွေကြေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေမည်ဖြစ် ကြောင်း၊ အလားတူ အခြားစိုက်ပျိုးရေး သီးနှံများနှင့် မွေးမြူရေးထုတ်ကုန်များကိုလည်း ယခုထက် ပိုမို တိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်သဖြင့် ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ ရောက်ရှိ ရာ ဒေသများတွင် တိုက်တွန်းပြောကြားကြစေ လိုကြောင်း။
ပြင်ပမှ ဝယ်ယူစားသုံးမှုများလျှော့ချ
ဒေသဝမ်းစာဖူလုံရေးနှင့် ပတ်သက်၍ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝမ်းစာဖူလုံမှု မရှိသဖြင့် ဒေသအလိုက် ဝယ်ယူစားသုံးရမှုများရှိ ကြောင်း၊ ထို့ကြောင့် ဒေသအတွင်း စပါးအထွက်နှုန်း တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်၍ ပြင်ပမှ ဝယ်ယူ စားသုံးမှုများလျှော့ချနိုင်ခြင်းဖြင့် ဒေသ အတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများ ကောင်းမွန် ပြီး ဒေသတွင်းတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ် ကြောင်း၊ ထို့အတူ စားသုံးဆီများ ပြည်ပမှ တင်သွင်းမှု လျှော့ချနိုင်ရေးအတွက် မကွေးတိုင်းအား ပထမ ဆီအိုး၊ တနင်္သာရီတိုင်းဒေသကြီးသည် ဒုတိယ ဆီအိုးဖြစ်သကဲ့သို့ ရှမ်းပြည်နယ်သည်လည်း ပဲပုပ်၊ နေကြာ၊ နှမ်းနှင့် ပန်းနှမ်းများ စိုက်ပျိုးနိုင်သဖြင့် ဆီထွက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ရှမ်း ပြည်နယ်ကိုလည်း တတိယဆီအိုးအဖြစ် ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးကိုလည်း မိမိတို့နိုင်ငံ၏ စပါးကျီအဖြစ် သတ်မှတ် ထားကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများစိုက်ပျိုးရာတွင် ရယူထားသည့် အချို့ မြေများပေါ်တွင် စိုက်ပျိုးမှုများ ဆောင်ရွက်ထားခြင်း မရှိသည်ကို တွေ့ရှိရသဖြင့် စည်းကမ်းနှင့်အညီ ဆက်လက်၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
ပြည်ပမှတင်ပို့မှုများကို လျှော့ချ
နိုင်ငံခြားကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင် လျက်ရှိကြကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်သည့် နိုင်ငံတိုင်းတွင် ပြည်တွင်းတိုင်းရင်း သားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖြင့် ဆောင်ရွက်ကြရကြောင်း၊ မိမိတို့နိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်း နိုင်ရေးအတွက် တပ်မတော်က နိုင်ငံတော်တာဝန်အား စတင်တာဝန်ယူချိန်တွင် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ဖော်ဆောင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ၁၉၉၀ ပြည့်နှစ်တွင် စတင်လက်ခံခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင် မိမိတို့နိုင်ငံ၌ စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံး၊ တရုတ်နိုင်ငံက ဒုတိယ အများဆုံးနှင့် ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ် ကြောင်း၊ ယခုအခါ နိုင်ငံရေးအကျပ်အတည်းများ ကြောင့် ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းခြင်းနှင့် ခေတ္တ ရပ်ဆိုင်းသွားခြင်းများရှိကြောင်း၊ နိုင်ငံခြားကုန်သွယ် မှုတွင် ယခင်နှစ်များက နှစ်စဉ်လိုငွေ ၁ ဘီလီယံခန့် ရှိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ခုနှစ်မှစ၍ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၃၆ သန်းရှိခဲ့ကြောင်း၊ ဆီသုံးစွဲမှုများကိုပါ လျှော့ချနိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ယခုထက် ပိုမိုတိုးတက်လာ မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း ၊ အလားတူ ပြည်တွင်းကုန်ထုတ် လုပ်မှု မြှင့်တင်ရေးအတွက်လည်း ဆောင်ရွက်ပေး ရန်လိုပြီး ပြည်ပမှတင်ပို့မှုများကို လျှော့ချနိုင်မည် ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း။
ခရိုင်အဆင့်များကို ထပ်မံတိုးချဲ့ဖွဲ့စည်း
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာ အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်ဟူ၍ အဆင့်ဆင့်ရှိကြောင်း၊ အုပ်ချုပ်မှုလုပ်ငန်းများ ယခုထက် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်အဆင့်များကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစား
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “ နိုင်ငံတွေ မှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးပြီးနိုင်ငံ၊ နောက် ဖွံ့ဖြိုးမှု အမြန်ဆုံးနိုင်ငံ OECD နိုင်ငံ၊ အဲဒါတွေရှိတယ် ဆိုပြီးတော့ ကုလသမဂ္ဂကနေ ပြောထားတာ တွေရှိတယ်။ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံများ စာရင်း (Least Developed Countries) ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ၄၆ နိုင်ငံ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ကိန်းဂဏန်းအရ။ ဖွံ့ဖြိုးဆဲနိုင်ငံကတော့ ၁၅၂ နိုင်ငံရှိပါတယ်။ နောက် တစ်ခါ စက်မှုထိပ်သီးနိုင်ငံ G-7။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒန်း၊ ယူနိုက်တက်စတိတ်၊ နောက် အီးယူနိုင်ငံတွေ ပါပါတယ်။ နောက် OECD နိုင်ငံတွေ၊ အားလုံး ၃၈ နိုင်ငံရှိပါတယ်။ နိုင်ငံတိုင်းမှာ Class ခွဲလိုက်ရင် အဲဒီလိုသွားတွေ့တယ်။ ဆိုလိုတာက နိုင်ငံတွေက ကြိုးစားနေရတာပါပဲ။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့အတွက်။ အထူးသဖြင့် နိုင်ငံကိုဦးဆောင် တဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးစားနေရတာပါပဲ။
အကုန်လုံး ကတော့ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံ တာ မြင်ချင်သလိုပါပဲ။ အစိုးရဆိုတာလည်း ပြည်သူ၊ ပြည်သားတွေချမ်းသာဖို့ အတွက်။ အာဏာရှင်တွေက လွဲရင်ပေါ့။ အာဏာရှင်တွေက ဒီလိုမျိုးစိတ်ရှိချင်မှ လည်း ရှိလိမ့်မယ်။ သာမန်အားဖြင့် နိုင်ငံတစ်ခုကို ဦးဆောင်နေတဲ့ အစိုးရတို့၊ အဖွဲ့အစည်းတွေဆိုတာ ကတော့ ကိုယ်စားပြုပြီးသားတွေ၊ ကိုယ့်တိုင်းပြည် ချမ်းသာကြွယ်ဝဖို့အတွက် လိုလားတာဖြစ်ပါတယ်။ အကုန်လုံးကြိုးစားနေတာ။ မကြိုးစားရင်၊ မလုပ်ရင် ဘာမှမဖြစ်ပါဘူး။ လုပ်မှရမှာ။ အလကားနေပြီးတော့ သဘာဝကပေးတဲ့ဟာလေးနဲ့ ကျေနပ်နေလို့မဖြစ်ဘူး။ ငြိမ်နေလို့လည်း မရဘူး။ တချို့လည်း မိရိုးဖလာ ချမ်းသာလို့ ဆိုပြီးတော့ ချမ်းသာကြတာတွေရှိတယ်။ တိုင်းပြည်ရဲ့ ထုတ်ကုန်ပစ္စည်းအရ ချမ်းသာတာ။ ဥပမာအားဖြင့် ပင်လယ်ကွေ့ နိုင်ငံတွေဆိုလို့ရှိရင် အရင်တုန်းက ဆင်းရဲတယ်။ ရေနံတို့၊ ဓာတ်ငွေ့တို့ ထွက်လာတဲ့အခါမှာ ကမ္ဘာမှာ အချမ်းသာဆုံး တိုင်းပြည်တွေ ဖြစ်လာကြတယ်။ ပေးတဲ့သဘာဝ ကိုက ဖြစ်လာတာ။ ဒီလိုမှမဟုတ်ဘဲနဲ့ သာမန်အား ဖြင့်ရှိတဲ့ နိုင်ငံတွေအားလုံးကတော့ ကြိုးစားအားထုတ် မှုနဲ့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ လူဆိုတာလည်း အလုပ်လုပ်မှ ကြိုးစားမှပဲ တိုးတက်မှု ဆိုတာ ဖြစ်လာလိမ့်မယ်။ ဘာမှမလုပ်ရင်တော့ ကျန်ခဲ့မှာပဲဖြစ်တယ်။
ကျွန်တော်တို့တိုင်းပြည် ဘာမှ မလုပ်ရင် ကျွန်တော်တို့တိုင်းပြည် ကျန်ခဲ့လိမ့်မယ်။ ရပ်နေလို့မရဘူး။ အကုန်လုံးက သွားနေကြတယ်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက Movement အားလုံးနဲ့၊ Activities အားလုံးနဲ့ သွားနေကြတယ်။ လုပ်ဆောင် ချက်အားလုံးနဲ့ သွားနေကြတယ်။ ကိုယ့်တိုးတက်မှုကို ကိုယ်ဖန်တီးပြီးတော့ ကြိုးစားလုပ်နေကြတယ်။ အဲဒီအချိန်မှာ မလုပ်တဲ့တိုင်းပြည်ကတော့ ကျန်ခဲ့မယ်။ လူလည်း ဒီလိုပဲ။ မကြိုးစားဘူးဆိုရင် ကျန်ခဲ့မှာပဲ။ အလုပ်မလုပ်ရင်လည်း ကျန်ခဲ့မှာပဲ။ ဆိုပါတော့ ပညာသင်ဖို့အတွက် ကျောင်းမနေဘူးဆိုရင် သူကျန် ခဲ့မှာပဲ။ အလုပ်လုပ်သင့်တဲ့ လုပ်နိုင်တဲ့အချိန်မှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး၊ အလုပ် ကောင်းကောင်း မလုပ်ဘူးဆိုလည်း သူကျန်ခဲ့မှာပဲ။ အလုပ်မလုပ်ဘဲ နေလို့မရဘူး။ ပညာမသင်ဘဲ နေလို့ မရဘူး။ ပညာသင်တဲ့အရွယ်မှာ ပညာသင်ဖို့ လိုကို လိုတယ်။ အလုပ်လုပ်တဲ့အရွယ်မှာ အလုပ်လုပ်ဖို့ လည်း လိုတယ်။
စောင့်ရှောက်ရမယ့်အရွယ်မှာ နိုင်ငံတော်က စောင့်ရှောက်ဖို့လည်း လိုအပ်တယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ ကျောင်းတွေ ဖွင့်ပေးတယ်။ ပညာသင်ဖို့ဖွင့်ပေးထားတယ်။ ဆေးရုံ တွေ ဖွင့်ပေးထားတယ်။ ကျန်းမာရေးနဲ့ပတ်သက်တာ အကုန်လုံး ဆောင်ရွက်နိုင်ဖို့ ဖွင့်ပေးထားတယ်။ တစ်ခါ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ ရှိရင်လည်း နိုင်ငံမှာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ လုပ်ရတဲ့ နယ်ပယ်တွေ အများကြီး ရှိတယ်။ ဒီမှာလုပ်ကြဖို့ ကျွန်တော်လမ်းကြောင်းတွေ ဖွင့်ပေးထားတယ်။ ဒီအပေါ်မှာလည်း စနစ်တကျနဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ ကျွန်တော်တို့ ကြိမ်ဖန်များစွာပေါ့လေ တိုက်တွန်းတယ်၊ နှိုးဆော် တယ်၊ ပညာပေးတယ်။ အစိုးရဌာနများကလည်း ဦးဆောင်ပြီး လုပ်ပေးတယ်။ သို့သော်လည်းပဲ တကယ်လုပ်ရမှာက ဘယ်သူလဲဆိုရင် တာဝန်ရှိတဲ့ ကာယကံရှင်တွေကပဲ လုပ်ကြရမှာဖြစ်တယ်။ သူတို့လုပ်ကြရမှာ။ သူတို့ မလုပ်ရင်တော့ ဒီအကျိုး အမြတ်ကို ခံစားရမှာမဟုတ်ဘူး။ ဒီအသီးအပွင့်ကို ခံစားရမှာ မဟုတ်ဘူး။ စောစောက ကျွန်တော် ပြောတယ်။ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေ ခံစားချင်တယ်ဆိုရင်လည်း အလုပ်လုပ်မှပဲ ခံစား ရမယ်။ အလုပ်မလုပ်ဘဲနဲ့တော့ မခံစားရနိုင်ဘူး။ ပညာမသင်ဘဲနဲ့ ပညာတတ်တွေ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ပညာသင်မှပဲ ပညာတတ်တွေ ဖြစ်နိုင်တယ်။ ပညာတတ်တွေဖြစ်လာမှပဲ အလုပ် အကိုင် အခွင့်အလမ်းတွေကပိုပြီးတော့မှ တိုးတက် ဖန်တီးနိုင်ခွင့်တွေ ပိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သတိထားပြီး လုပ်ဖို့လိုပါတယ်။ ကိုယ်မကြိုးစားရင် ကိုယ့်ကိုသူများက ကျော်တက် သွားမှာပဲ။ အချင်းချင်းကြည့်လိုက်ပါဗျာ မကြိုးစားတဲ့ သူတွေ ကျန်ခဲ့တာပဲ။ ကြိုးစားတဲ့သူတွေ ကျော်သွား တာပဲ။ သူငယ်ချင်းအချင်းချင်းပဲ။ ကြိုးစားအားထုတ် တဲ့သူက ကျော်တက်သွားတယ်။ မကြိုးစားတဲ့သူက ကျန်ခဲ့တာပဲ။ ဒါလူ့သဘောသဘာဝ ကြည့်လို့ရှိရင် တိုင်းပြည်လည်း ဒီလိုပဲဖြစ်မှာပါပဲ။ ဒေသလည်း ဒီလိုပဲ ဖြစ်မှာပါပဲ။ စောစောကပြောတဲ့ ဒေသအလိုက် ဆင်းရဲကွာခြားမှု၊ ဆူကြုံနိမ့်မြင့်ကွာခြားမှု နိမ့်ပါး ချင်တယ် ဆိုလို့ရှိရင် နိမ့်ပါးတဲ့တိုင်းပြည်ကလည်း ကြိုးစားအားထုတ်မှုနဲ့ လုပ်ရမယ်။ ကိုယ်လည်း ကြိုးစားရမယ်။ နိုင်ငံတော်ကလည်း ဖြည့်ဆည်း ပေးရမယ်။ ဒေသတွင်းကွာခြားမှုရှိလည်း၊ ဒေသတွင်း မှာလည်း ဒီလိုမဖြစ်အောင် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေကလည်း စီမံခန့်ခွဲပေးရမယ်။ ဒေသမှာရှိတဲ့ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားရမယ်။ မလုပ်ဘဲနဲ့တော့ ဘယ်ရမလဲ။ ဒါကြောင့် ဒီသဘာဝကို ကျွန်တော်တို့ နားလည်ပြီးတော့မှ တိုးတက်အောင် ဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ ဘာလို့ မတိုးတက်စရာအကြောင်း ရှိမလဲဗျာ။ ဘာလို့ မတိုးတက်ရမလဲ၊ တိုးတက်တာပေါ့။ ငြိမ်းချမ်းရေး လိုချင်လို့ရှိရင် ငြိမ်းချမ်းတာပေါ့။ စောစောကပြောတဲ့ အသီးအပွင့် ခံစားချင်လို့ရှိရင်၊ ငြိမ်းချမ်းရေးကြောင့် ဖြစ်တယ်ဆိုလို့ရှိရင် အဲငြိမ်းချမ်းရေးကို ကျွန်တော် တို့ရအောင် လုပ်မယ်။
ငြိမ်းချမ်းရေးမှာလည်း ဘာကြောင့် ငြိမ်းချမ်းရေး မရလဲဆိုရင်လည်း တိုင်းရင်းသားရေးတို့၊ ဒီမို ကရေစီတို့၊ ဖက်ဒရယ်တို့ အကြောင်းပြနေတာ။ ဟုတ်ပြီ။ အဲ့ဒီမှာတကယ့် Fair ဖြစ်တဲ့ဟာကို စဉ်းစား။ စဉ်းစားပြီးလုပ်မယ် ကျွန်တော်တို့။ နားလည်တဲ့ သူတွေကလည်း နားမလည်တဲ့သူတွေကို လက်တွဲ ခေါ်ပေးမယ်။ နားမလည်တဲ့သူတွေကို နားလည်တဲ့ သူတွေကနေပြီးတော့ မြှောက်ထိုးပင့်ကော် လုပ်နေ ရင်တော့ ပိုဆိုးသွားမှာပေါ့။ နားမလည်တဲ့သူကို နားလည်တဲ့သူကနေ လက်တွဲခေါ်ပြီးတော့မှ တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပြီးလုပ်မယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ငြိမ်းချမ်းရေး မရစရာအကြောင်း ရှိလဲ။ သူတို့မြှောက်ထိုးပင့်ကော် လုပ်နေလို့ရှိရင် တော့ ဘယ်လိုမှငြိမ်းချမ်းစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီအကျိုးခံစားချင်ရင်တော့။ အဲဒီအကျိုးကို ခံစားဖို့အတွက်တော့ အားလုံး ဝါယမ စိုက်ထုတ်ပြီး လုပ်ဖို့လိုတယ်ဆိုတာလေး လူ့ရဲ့ သဘောသဘာဝကြည့်ပြီးတော့ မြင်လို့ရပါတယ်။ ဒါကြောင့် ကောင်စီဝင်များအနေနဲ့ ဒါကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့မှ လုပ်ကိုင်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။” ဟု ပြောကြားသည်။
ဥပဒေနှင့်အညီ အခွင့်အရေးရရှိရန် ကြပ်မတ်
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့က ယခင်အစိုးရလက်ထက်တွင် ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီမှုနှင့် နိုင်ငံတကာ စာချုပ်များကို ပြန်လည် သုံးသပ်ပယ်ဖျက်ရေး၊ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ် ပြီး ၎င်းတို့၏ အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ပေးရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုငယ်များ၏ လူမှုဘဝများ လုံခြုံမှုရှိစေရေး နှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမတည် ဆောင်ရွက်ပေးရေး၊ အုပ်ချုပ်ရေးတွင် အဓိကကျသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန် ပေးအပ်ရာတွင် နိုင်ငံရေးအရောင်အသွေး ကင်းရှင်း ပြီး အများကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်ကို ရွေးချယ်တာဝန်ပေးအပ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုလျင်မြန်လာစေရန် ဆောင်ရွက် သင့်သည့် အစီအမံများ၊ ဘဏ်များ၌ ငွေထုတ်ယူ ရာတွင် ယခုထက်ပိုမို အဆင်ပြေချောမွေ့စေရေး၊ အကျဉ်းထောင်များရှိ အကျဉ်းသားများ ဥပဒေနှင့် အညီ အခွင့်အရေးရရှိရန် ကြပ်မတ်ဆောင်ရွက်ရေး။
ရှင်းလင်းတင်ပြ
သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ဥပဒေနှင့် အညီ သစ်ထုတ်လုပ်ပြီးသည့် နေရာများ၌ ကျန်ရှိ နေသည့် သစ်မြစ်ဆုံ၊ သစ်ငုတ်များကို ထုတ်ယူ၍ အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက်နေမှုကို ကြပ်မတ်ဆောင် ရွက်ပေးရေး၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရေး၊ တက္ကသိုလ်များရှိ စာကြည့် တိုက်များတွင် လိုအပ်သည့် ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာပေများ ဖြည့်ဆည်းပေးရေး၊ လွိုင်ကော် မြို့နှင့် ဒီမော့ဆိုမြို့နယ်တို့တွင် ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးမှု ရရှိရေးအတွက် လိုအပ်သည့် အစီအမံများ ချမှတ် ဆောင်ရွက်ရေး၊ ကျိုက်မရော ဘိလပ်မြေစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင်များ တိုးချဲ့ဖွဲ့စည်းရေးအတွက် လျာထားဆောင် ရွက်မှု အခြေအနေကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေ အနေကို ရှင်းလင်းတင်ပြသည်။
တိုင်းရင်းသားအားလုံး၏အရေးကို စဉ်းစား
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တောင်သူ လယ်သမားများနှင့် အလုပ်သမားများ၏ တွေ့ဆုံပွဲ များကို သင့်တော်သည့်အချိန်တွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်း သားများ၏ အခွင့်အရေးကိစ္စများ စဉ်းစားဆောင် ရွက်ရာတွင် လူမျိုးစု အနည်းငယ်အတွက်သာ စဉ်းစားဆောင်ရွက်ခြင်းမပြုဘဲ တိုင်းရင်းသား အားလုံး၏အရေးကို စဉ်းစားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများနှင့် စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန် ပေးအပ်ရာတွင် ပါတီနိုင်ငံရေး ကင်းစင်သူများ ဖြစ်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ် ရေးကဏ္ဍတွင် ပါတီနိုင်ငံရေး အရောင်အသွေး ပါဝင် လာပါက လုပ်ငန်းများဆောင်ရွက်ရာတွင် အခက် အခဲရှိကြောင်း။
ယဉ်ကျေးမှုပြတိုက်များကို တိုးချဲ့
အကျဉ်းသားများ ဥပဒေနှင့်အညီ အခွင့်အရေး ရရှိရန် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သစ်ထုတ်ပြီးသည့် ဒေသများတွင် သစ်မြစ်ဆုံများ ထုတ်ယူရေးကိစ္စတွင် ဥပဒေနှင့်အညီ ရိုးရိုးသားသား ဆောင်ရွက်ကြရန်လိုကြောင်း၊ မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက်နေမှုကို ကြပ်မတ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကယားပြည်နယ် အပါအဝင် အခြားဒေသများ၏ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ တင်ပြကြစေလိုကြောင်း၊ သို့မှသာအချိန်မီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ဒေသများရှိ ယဉ်ကျေးမှုပြတိုက်များကို တိုးချဲ့၍ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ် များရှိ စာကြည့်တိုက်များတွင် လိုအပ်သည့် စာအုပ် စာစောင်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရန်ပုံငွေတိုးမြှင့် ချထားပေးလျက်ရှိကြောင်း။
ပြည်တွင်းစီးပွားရေးကို အားပေး
ခရိုင်များ တိုးချဲ့ဖွဲ့စည်းရာတွင် ခရိုင်ဒေသ၏ အားထားရမှု အခြေအနေ၊ သွားလာရေးလွယ်ကူမှုနှင့် အုပ်ချုပ်ရေးအတွက် အရေးပါမှုများကို ထည့်သွင်း စဉ်းစားပါကြောင်း၊ ထို့ပြင်ခရိုင်ဒေသ၏ စီးပွားရေး အရ ဖွံ့ဖြိုးမှု၊ ထင်ပေါ်မှုနှင့် အခြားအရေးပါမှုများ ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရကြောင်း၊ ကျိုက်မရောမြို့ ဘိလပ်မြေစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် ကျိုက်မရော ဘိလပ်မြေစက်ရုံ အပါအဝင် စက်ရုံ ပေါင်း ၂၀ ရှိကြောင်း၊ စက်ရုံ ၁၀ ရုံမှာ လည်ပတ် လျက်ရှိပြီး အခြားစက်ရုံများမှာ ရပ်ထားရပါကြောင်း၊ မလည်ပတ်နိုင်သည့် စက်ရုံအချို့မှာ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးစသည့် လိုအပ် ချက်များ မရရှိသည့်အတွက်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး ရရှိရေးအတွက် မှာကြားထားပြီးဖြစ်ကြောင်း၊ မိမိ အနေဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးလျက်ရှိ ကြောင်း၊ မိမိတို့တာဝန်ယူသည့် အချိန်တွင် ပြည်ထောင်စုနေ့သည် စိန်ရတုနှင့် တိုက်ဆိုင်သည့် အတွက် သမိုင်းမှတ်တမ်းကျန်ရှိစေရန် ခမ်းခမ်း နားနား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အလုပ်ကို အလေးထားလုပ်ဆောင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် မိမိတို့နိုင်ငံနှင့် ပြည်သူ လူထု၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် လူနေမှုဘဝ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ တိုးတက်ရမည်ဖြစ် ကြောင်း၊ တိုးတက်ရေးအတွက် လေးစားမှုနှင့် အလေးထားမှုသည် အရေးကြီးကြောင်း၊ လေးစားမှု နှင့် အလေးထားမှုသည် မိမိတို့ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မရှိမဖြစ်ထားရှိရမည့် စိတ်ဓာတ် ဖြစ်ကြောင်း၊ အထူးသဖြင့် အချိန်ကို လေးစားပြီး အလုပ်ကို အလေးထား လုပ်ဆောင်ကြရန်လို ကြောင်း၊ မိမိတို့ လူမှုနယ်ပယ်တွင် အချိန်နှင့်အလုပ်ကို လေးစားမှု၊ အလေးထားမှု အားနည်းနေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့ ကောင်စီဝင် များအနေဖြင့် ပြည်သူလူထုကို စည်းရုံးဆောင်ရွက် ကြရာတွင် လေးစားမှုနှင့် အလေးထားမှုကို ရှင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်