နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

 

 

ချစ်ခင်လေးစားအပ်ပါတဲ့  တိုင်းရင်းသား  ညီအစ်ကိုမောင်နှမများ အားလုံး 


၂၀၂၂ ခုနှစ် နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။

 


၂၀၂၁ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့   အရေးပါတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ အနေနဲ့ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရပါတယ်။  ကျွန်တော့်အနေနဲ့ ယနေ့လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မလွဲမသွေ ခိုင်ခိုင်မြဲမြဲရှိစေရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့   ရပ်တည် ချက်များအပေါ်မှာ  တတ်နိုင်သလောက်   အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ 

 


တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ  နိုင်ငံတော်ရဲ့အကျိုး၊   တိုင်းရင်းသား ပြည်သူလူထုရဲ့အကျိုးကိုသာ အစဉ်ရှေးရှုဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြော ဖို့နဲ့ စားရေရိက္ခာဖူလုံစေဖို့တို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားပြည်သူတို့နဲ့အတူ တစ်စိတ်တစ်ဝမ်းတည်း တက်ညီ လက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါ့မယ်။    “ညီညာမှ ပြည်သာမည်” ဖြစ်လို့ ကျွန်တော်တို့ရဲ့ စုစည်းအားနဲ့ တိုင်းပြည်သာယာ ဝပြောရေး ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ မေတ္တာရပ်ခံ တိုက်တွန်း လိုပါတယ်။

 


၂၀၁၉ ခုနှစ်၊  ဒီဇင်ဘာလက   စတင်ဖြစ်ပွားခဲ့တဲ့  ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လ 
၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး ယခု ၂ နှစ်တာ   ကာလအတွင်း ဗီဇပြောင်းရောဂါအဖြစ် ပြောင်းလဲဖြစ်ပွားနေလျက်ရှိပါတယ်။ ကိုဗစ်-၁၉ က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ  အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးအဖြစ် ပြောင်းလဲခဲ့ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း စတင်တွေ့ရှိခဲ့လို့ သတိပြုရမယ့်ရောဂါတစ်ခုဖြစ်ကြောင်း ပြောလို ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်ရမှာက ကြိုတင်ပြင်ဆင် ထားဖို့နဲ့ သတိရှိဖို့သာ ဖြစ်ပါတယ်။

 


ကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီး   ၂၀၂၁  ခုနှစ်အတွင်းမှာ အကျုံးဝင်သူ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ ကျွန်တော် ရည်မှန်းဆောင်ရွက်ခဲ့ပါတယ်။ ယခုအချိန်အထိ အသက် ၁၈ နှစ်နှင့် အထက် ၅၁ ရာခိုင်နှုန်းကျော်နဲ့ ကျောင်းများ  စဖွင့်နေပြီ ဖြစ်တဲ့အတွက်ကြောင့် အသက် ၁၂ နှစ်နဲ့အထက်  ကျောင်းသား၊ ကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါတယ်။

 


ကျွန်တော်တို့နိုင်ငံ အတိုင်းအတာနဲ့လည်း   ကာကွယ်ဆေးကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း  မိဘ ပြည်သူများကို အသိပေးလိုပါတယ်။ အောင်လည်း အောင်မြင်မှာပါ။ ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ရင် ကျွန်တော်တို့ ၂၀၂၂ ခုနှစ်အတွင်း မျှော်မှန်းအုပ်စုကို ရာနှုန်းပြည့် ထိုးပေးနိုင်မှာ ဖြစ်ပါတယ်။

 


ကာကွယ်ဆေးထိုးနှံထားမယ်ဆိုပါက    ရောဂါကူးစက်မှုကို အထိုက်အလျောက် ကာကွယ်နိုင်ပြီး  ရောဂါကူးစက်ခံရပါကလည်း အတိုင်းအတာတစ်ခုအထိ သက်သာမှုရရှိစေနိုင်မှာ     ဖြစ်ပါတယ်။  ကျန်းမာမှသာ မိမိတို့ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

 


၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ပါတယ်။ လာမယ့်  ဖေဖော် ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် ယခုနှစ်ဟာ စိန်ရတု အကြိုကာလ ဖြစ်ပါတယ်။ ဒါကြောင့် ၇၅ နှစ်တာ ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ   ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့ အရေးကြီး ပါတယ်။

 


ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရ ပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ စတုတ္ထအချက်ထဲမှာ လည်း   ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်သူ   အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

 


၂၀၂၂ ခုနှစ်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့်  ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့    ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးတို့အတွက် အစိုးရအနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ 

 


“ညီညာမှပြည်သာမည်” စကားကို လက်ကိုင်ထားပြီး ကျွန်တော် တို့အားလုံး    ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု     တိုက်တွန်းရင်း တိုင်းရင်းသား မိဘပြည်သူအားလုံး နှစ်သစ်ကစလို့   ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝပါစေကြောင်း ထပ်မံဆုတောင်းအပ်ပါတယ် ခင်ဗျာ။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ် 
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ