
အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်းကို ကိုကိုးကျွန်းမှ စံပြဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် ဒေသ၏ လူနေမှုဘဝကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ကြစေလို
နေပြည်တော် ဒီဇင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ကိုကိုးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း၊ ရပ်မိရပ်ဖ များဖြစ်ကြသည့် ဦးအောင်ဇော်၊ ဦးကြည်၊ ဦးမောင်မြင့်၊ ဦးသိန်းထွန်းနှင့် ဦးမောင်သန်းတို့က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် များနှင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ ဖြည့်ဆည်းစေလွှတ်ပေးစေလိုသည့် အခြေ အနေ၊ ရေယာဉ်များ ဆိုက်ကပ်ပါက အဆင်ပြေစေရေးအတွက် ကမ်းထိုး တံတား မွမ်းမံဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ နှင့် ဒေသခံများ စိတ်အပန်းပြေစေရေး ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊ သောက်ရေသုံးရေအတွက် အဓိက အားထားနေရသည့် ကိုကိုးရေလှောင်တမံ ၏ ကြံ့ခိုင်ရေး၊ ရေလုံလောက်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊ ကိုကိုးကျွန်းနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် ကျေးဇူး တင်ရှိကြောင်းနှင့် ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ကူညီ ဆောင်ရွက်ပေးစေလို သည့်အခြေအနေများနှင့် ပတ်သက်၍ တင်ပြကြသည်။
ရှင်းလင်းပြောကြား
တင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဗိုလ်ဌေးတို့က သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်းပြောကြားရာ၌ ကိုကိုးကျွန်း မြို့နယ်၏ သွားဘက်ဆိုင်ရာ ဆရာဝန် လိုအပ်ချက်၊ ကျန်းမာရေးလိုအပ်ချက် တို့ကို ဖြည့်ဆည်းပေးမည့် အခြေအနေ၊ ပညာရေးလိုအပ်ချက်များနှင့် ပတ်သက် ၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ လူငယ်လူရွယ်များ၏ အလုပ် အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဒေသခံဘွဲ့ရလူငယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၌ သတ်မှတ်ချက်များ နှင့်အညီ ခန့်အပ်တာဝန်ပေးသွားနိုင်မည့် အခြေအနေ၊ ပို့ဆောင်ဆက်သွယ်ရေး လိုအပ်ချက်များအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ အားကစားနှင့်ပတ်သက်၍ ဘောလုံး အားကစားကွင်း၌ ပွဲကြည့်စင်လိုအပ်ချက် ဖြည့်ဆည်းပေးသွားမည့် အခြေအနေနှင့် အခြားအားကစားနည်းများအတွက်လည်း လိုအပ်သည့် အထောက်အကူပြုပစ္စည်း များကို ဖြည့်ဆည်းပေးသွားမည့် အခြေ အနေ၊ ပန်းခင်းစီမံချက်ကို နိုင်ငံတော် စီမံချက်အဖြစ် ဆောင်ရွက်၍ အသက် အရွယ်ပြည့်မီသူ နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိစေရေး အခြား ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ပြန်လည်ဆွေးနွေး ပြောကြားကြသည်။
ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသအတွက် စားသောက် ဖွယ်ရာပစ္စည်းများနှင့် အားကစားပစ္စည်း များကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆက်သွယ်ရေး Sim Card နှင့် ငွေဖြည့်ကတ်များကို လည်း ကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ECG စက်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြ ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများ၏ တင်ပြချက်များအပေါ်မူတည် ၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီး များက တိုက်ရိုက်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့် အလမ်းနှင့်ပတ်သက်၍ အစိုးရတစ်ရပ်၏ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းသည် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ခန့်အပ်ထားသည့် ဝန်ထမ်းများအနေဖြင့် အရည်အချင်းများ ပြည့်ဝရမည်ဖြစ်သဖြင့် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီ ပါက ဝန်ထမ်းခန့်အပ်ခွင့်များ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ် များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကို အားပေးဆောင်ရွက် ကြရန်လိုကြောင်း၊ စစ်တမ်းများအရ ၂၀၀၇-၂၀၀၈ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းစတင်တက်ရောက်သူ ဦးရေ ၁ ဒသမ ၅ သန်းရှိပြီး တက္ကသိုလ်ဝင်တန်း သို့ ရောက်ရှိသူဦးရေမှာ ၂၇၀၀၀၀ ကျော် ခန့်သာရှိခဲ့သဖြင့် ကျောင်းစတင် တက်ရောက်ခဲ့သူများအနက် ၉၀ ရာခိုင် နှုန်းသည် တက္ကသိုလ်ဝင်တန်းအောက် ပညာအရည်အချင်း၌သာရှိမည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ ပညာရည်မြင့်မားရေးအတွက် ငယ်ရွယ်စဉ်ကတည်းကပင် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုပြီး အမှန် တကယ်တတ်မြောက်အောင် သင်ကြား လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။
ကြိုးစားလုပ်ဆောင်ခဲ့ရ
ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းဖြစ်ပွားနေစဉ် ကာလများအတွင်း ကျန်းမာရေးကုသမှု လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်း၊ ဆေးဝါး၊ အောက်ဆီဂျင်နှင့် အခြားအခက်အခဲမျိုးစုံ၊ အကျပ်အတည်းမျိုးစုံတို့ကြားမှ မရရသည့် နည်းလမ်းများဖြင့် ကြိုးစားလုပ်ဆောင် ခဲ့ရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ တက်ညီ လက်ညီနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခဲ့မှုများကြောင့် ကိုဗစ်ရောဂါကို အတိုင်း အတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း၊ ကိုကိုးကျွန်း၌ သွားဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း အခက်အခဲများရှိ သည်ဟု သိရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်း အချို့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေလိုသူများ၏ သွေးထိုး လှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံ့ဝန်ထမ်း လိုအပ်ချက်များကို ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
ပညာရေးကို အားပေးမြှင့်တင်
ဒေသခံများ၏ တင်ပြချက်များတွင် ပါဝင်သည့် ဒေသအတွက် အမှန်တကယ် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ကျန်းမာ ရေး ကောင်းမွန်မှုရှိရန်နှင့် ပညာရေး ကောင်းမွန်မှုရှိရန်ဖြစ်သဖြင့် ဒေသခံများ က မိမိကိုယ်ကို ဂရုစိုက်နေထိုင်ရန်နှင့် ပညာရေးကို အားပေးမြှင့်တင်ကြရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီး ကြရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ကောင်းအတွက် မိမိယခင်လာရောက်စဉ် ကတည်းကပင် ခြံစည်းရိုးကာရံပေးခြင်း များ၊ လမ်းဖောက်ပေးခြင်းများ၊ သွပ်အမိုး အကာလဲပေးခြင်းများနှင့် သန့်ရှင်း သာယာလှပရေးတို့ကို လုပ်ဆောင်ပေးခဲ့ ကြောင်း၊ အမြင်ကောင်းပါက စိတ်ကြည် လင်ပြီး သန့်ရှင်းသပ်ရပ်မှုကို လူတိုင်း နှစ်သက်ကြသည်မှာ လူတို့၏ စိတ်သဘောပင်ဖြစ်ကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ခြင်း သည် သက်ရှည်ကျန်းမာမှုကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ နှစ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၆၅ ဒသမ ၅ နှစ်၊ ၂၀၁၇ ခုနှစ်တွင် ၆၇ ဒသမ ၄ နှစ် ရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများအနက် သက်တမ်း အနည်းဆုံး နိုင်ငံတစ်ခုဖြစ်နေကြောင်း၊ ကျန်းမာရေးတစ်ခုတည်းသာမက ပညာ ရေး၊ စီးပွားရေးကောင်းရန် လိုအပ်မည် ဖြစ်ပြီး ပညာတတ်မှသာ အသိအမြင်များ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ အုန်းနှင့်ပတ်သက်သည့် အခြေခံစီးပွားရေးကို ယခုထက် ပိုမို အောင်မြင်အောင် တိုးမြှင့်လုပ်ဆောင်ရန် လိုကြောင်း၊ အုန်းနှင့် အုန်းထွက်ပစ္စည်း လုပ်ငန်းကို ကိုကိုးကျွန်းမှ ပထမဆုံး လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် စံပြဖြစ် အောင် လုပ်ဆောင်ခြင်းဖြင့် ဒေသ၏ လူနေမှုဘဝကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ကြစေလိုကြောင်း၊ နေ့စဉ်သုံး ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီများကို အခြားဒေသများမှ မှာယူစားသုံးနေရ သည့်ဒေသဖြစ်ခြင်းကြောင့် ထိုသို့ ဝယ်ယူ နိုင်ရေး ဝင်ငွေရရှိရန် လိုအပ်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသ၏ အဓိက ထွက်ကုန်ဖြစ်သည့် အုန်းထွက်ပစ္စည်း လုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင် ကြစေလိုကြောင်း။
အသုံးမှ အဖြုန်းသို့ မဖြစ်စေရေး
ရေ၊ မီးရရှိမှုနှင့် ပတ်သက်၍ စနစ် ကျနစွာ သုံးစွဲရေး၊ အသုံးမှ အဖြုန်းသို့ မဖြစ်စေရေး၊ လမ်းများ ကောင်းမွန် စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာ ရေးနှင့် ပတ်သက်၍ တစ်ဦးချင်းအသိစိတ် ဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံတော်အဆင့် လုပ်ဆောင်နေသည့် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်သော်လည်း အချက် အလက်များမှန်ကန်မှုရှိရန် အရေးကြီး မည်ဖြစ်ကြောင်း၊ လူဦးရေနည်းပါးသည့် မြို့နယ်ဖြစ်သဖြင့် စနစ်ကျနသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ပြီး အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စိတ်ပါဝင်စားစွာ လုပ်ဆောင်ကြစေ လိုကြောင်း၊ ကိန်းဂဏန်း အချက်အလက် မှားယွင်းမှုများမဖြစ်စေရေး၊ မြို့နှင့် ပတ်သက်သည့် မှတ်တမ်းများ၊ သမိုင်း မှတ်တမ်းများကို စနစ်တကျ ပြုစု ဆောင်ရွက်ခြင်းဖြင့် ခေတ်မီပြီး စည်းစနစ် ကျနသည့် မြို့တစ်ခုအဖြစ် ပုံဖော် တည်ဆောက်ကြရန်လိုကြောင်း၊ အချုပ် အားဖြင့် ပြောရမည်ဆိုပါက ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက် ဖြေရှင်းဖြည့်ဆည်းပေးနိုင်ရေး ဝန်ကြီး များကို တစ်ပါတည်းခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေသတွင် တာဝန်ကျသူများ နှင့် နေထိုင်သူများဖြစ်သည့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူ လူထုတို့ ပူးပေါင်းပြီး ဒေသတိုးတက်ရေး ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်