နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ   ရုရှားဖက်ဒရေးရှင်းနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  သံတမန်ဆောင်ဧည့်ခန်းမ ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီးနှင့်အတူ      မြန်မာနိုင်ငံဆိုင်ရာ       ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov  နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံရာတွင် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ရှည်ကြာခိုင်မြဲသည့် သံတမန် ဆက်ဆံမှုများရှိခဲ့ပြီး    ယခုအခါချစ်ကြည်ရင်းနှီးမှုနှင့်    ပူးပေါင်းဆောင်ရွက်မှုများ   ပိုမို တိုးတက်ကောင်းမွန်လာသည့် အခြေအနေများ၊ နှစ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိ ကြီးများအနေဖြင့် ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်ခဲ့သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက်   လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိသည့်အခြေအနေများ၊ နျူကလီးယား နည်းပညာကို     ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အခြေအနေ များ၊  မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓာတ်မြေ ဩဇာများ လုံလောက်စွာရရှိရေးနှင့်     ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား      ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်  အခြေအနေများနှင့်        နှစ်နိုင်ငံအကြား    ချစ်ကြည်ရင်းနှီးမှုနှင့်     ပူးပေါင်း ဆောင်ရွက်မှုများ   ယခုထက်    ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်    ကိစ္စရပ်များနှင့် ပတ်သက်၍   ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်