
နေပြည်တော် ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ်များ၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အခမ်း အနားသို့ တက်ရောက်လာကြသော ပြည်ပနိုင်ငံများ တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီး များနှင့် သံရုံးယာယီတာဝန်ခံများ၊ ပြည်ပနိုင်ငံများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် သံအမတ် ကြီးများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးသည်။
နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့်
အခြေအနေများနှင့် ဖြစ်ပေါ်လျက်ရှိသည့်
အခြေအနေများအား ရှင်းလင်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အခြေအနေများကို မျက်မြင်တွေ့နိုင်ရေးအတွက် ပြည်ထောင်စုနေ့ အခါသမယတွင် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် သံတမန်များအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေ မှန်ကို သိရှိရန်လိုပြီး လက်ရှိမြန်မာနိုင်ငံ၏ အခြေ အနေနှင့် ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင် လျက်ရှိသည်မှာ ၃ နှစ်ရှိခဲ့ပြီဖြစ်ကြောင်းဖြင့် ဦးစွာ ပြောကြားပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ် ခဲ့မှုနှင့် အဆိုပါမဲမသမာမှုများကို ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံ တော် အာဏာကို အတင်းအဓမ္မရယူရန် ဆောင်ရွက်ခဲ့ သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ် လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များအား ထုတ်ပြန် ခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်၍ အရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စတင်တာဝန်ထမ်း ဆောင်စဉ် အစောပိုင်းကာလများ၌ ဆူပူဆန္ဒပြမှုများ သာရှိခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအရ ဖြစ်ပေါ်ခဲ့သည့် ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း ခြင်းမပြုဘဲ အကြမ်းဖက်သည့်နည်းလမ်းကို ရွေးချယ် ခဲ့ကာ တရားမဝင်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG တို့ကို ဖွဲ့စည်း၍ ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများဖြင့် ၂၀၂၂ ခုနှစ် အတွင်း၌ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လာခဲ့သည့် အခြေအနေများ၊ ထိုကဲ့သို့ နိုင်ငံရေးအခက် အခဲ၊ အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့သည့်ကြားကပင် ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း သစ္စာရှိအစိုးရ ဝန်ထမ်းများ၊ ပြည်သူလူထုများ၏ ဝိုင်းဝန်းပါဝင်မှုဖြင့် ဖြေရှင်းနိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၃ ခုနှစ် အတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများ အနေဖြင့် နိုင်ငံအတွင်းရှိ အချို့မြို့နယ်များ၌ အကြမ်း ဖက်လုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် လာခဲ့သည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အချို့အနေဖြင့်လည်း PDF အမည်ခံအကြမ်း ဖက်သမားများအား အကြမ်းဖက်သင်တန်းပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ရောင်းချပေးခြင်း၊ ၎င်းတို့နှင့် အတူတကွ ပူးပေါင်း၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အလိုမတူသူများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည့် အခြေအနေ များ၊ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ ၏ နယ်မြေများ၌လည်း လက်နက်ကိုင်အကြမ်းဖက် မှုများ ဖြစ်ပေါ်လာခဲ့သောကြောင့် တပ်မတော်အနေ ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် အတူတကွပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နှင်းရေး စစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင် ပတ်သက်လျက်ရှိသည့် အွန်လိုင်းလောင်းကစား မှုများ၊ ငွေကြေးလိမ်လည်မှုများကို အိမ်နီးချင်းနိုင်ငံ များနှင့် ပူးပေါင်းတိုက်ဖျက်လျက်ရှိသည့် အခြေအနေ များ စသည်ဖြင့်နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရေး
ဆက်လက်ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ အရ နိုင်ငံ့ဝန်ထမ်းအချို့သည်လည်း CDM လှုပ်ရှားမှု များတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်မှုများရှိခဲ့ ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်လည်း နိုင်ငံ့ဝန်ထမ်းများ သည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်းကို ဥပဒေအရပြဋ္ဌာန်းထားရှိပြီး မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ပါဝင် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့ ထောက်ခံသည့် ပါတီကို မဲပေးနိုင်သည်ဖြစ်သော် လည်း လုပ်ငန်းတာဝန် ထမ်းဆောင်မှုအပေါ် သက်ရောက်မှုမရှိစေရန်လိုကြောင်း၊ ပါတီနိုင်ငံရေးနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုကို ကွဲပြားစွာ သိရှိရန်လို ကြောင်း၊ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံ များ၊ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းများ သည် အစိုးရအတွက်အလုပ်လုပ်ခြင်းမဟုတ်ဘဲ နိုင်ငံ့ အတွက် အလုပ်လုပ်ခြင်းဖြစ်သည်ကို နားလည် သဘောပေါက်ရန်လိုကြောင်း။
နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိ
အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိရေး
မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ တည်ရှိပုံပထဝီ အနေအထားအရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး လျက်ရှိပြီး နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အကောင် အထည်ဖော်ရန်အတွက် ပြည်ပတွင် တာဝန် ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများတွင် တာဝန်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ များတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို မျက်ခြည်မပြတ်စေဘဲ မိမိတို့၏ မူဝါဒကို အောင်မြင် အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများတွင် ပါဝင်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သို့သော် လည်း ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး ပဋိပက္ခဖြစ်စဉ်များကြောင့် မိမိတို့အပေါ် အရေးယူ ပိတ်ဆို့မှုများ၊ ဖိအားပေးမှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အခြေ အနေမှန်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရေး အတွက် သက်ဆိုင်ရာနိုင်ငံများအလိုက် ဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအပြင် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့်လည်း အချို့နိုင်ငံကြီးများ၏ မမျှမတ ဖိအားပေးဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွား ရေးအရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေရမှုများ ရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး အတွက် ပြောသင့်ပြောထိုက်သည်များ၊ လုပ်သင့် လုပ်ထိုက်သည်များကို မိမိတို့ တွေ့ကြုံနေရသည့် အခြေအနေများ၊ သံတမန်အတွေ့အကြုံများအရ ချိန်ထိုးချင့်ချိန်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံများအလိုက် မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို သိရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နယ်ပယ်အလိုက် သံတမန်လုပ်ငန်းရပ်များ
အောင်မြင်စေရေးနှင့် ပြည်ပရောက်
မြန်မာနိုင်ငံသားများအား အကူအညီပေးရေး
သံတမန်ဝန်ထမ်းများ၏ သဘောတရားမှာ နယ်ပယ်ပေါင်းစုံ၌ ဆက်ဆံမှုတိုးမြှင့်နိုင်ရေးပင်ဖြစ် ပြီး အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်နေ ရခြင်းဖြစ်ကြောင်း၊ မိမိတို့ လုပ်ဆောင်နိုင်သည့် နယ်ပယ်များအလိုက် လုပ်ဆောင်နိုင်မှုများကို ထိရောက်စွာ အသုံးချ၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာအရ ဆက်ဆံမှုတိုးမြှင့် နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆက်ဆံမှုတိုးမြှင့်လာပြီး ပုဂ္ဂိုလ်ရေးအရ၊ လုပ်ငန်း သဘောအရ ရင်းနှီးမှုများသည် လုပ်ငန်းတာဝန်များ ကို အောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော် နှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် တာဝန်သိစိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် တာဝန်ထမ်းဆောင်ကြ စေလိုကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ ကုန်သွယ် မှုမြှင့်တင်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများမှ တင်ပို့လို သည့်ပစ္စည်းများ၊ ၎င်းတို့ လိုအပ်သည့်ပစ္စည်းများ၊ မိမိတို့နိုင်ငံမှ တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများကို လည်းသိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ စီးပွားမြှင့်တင်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် အထည် ချုပ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ အများအပြား ရှိသဖြင့် ၎င်းတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ စဉ်ဆက်မပြတ်သည့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရပ်များ ရရှိလာပါက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ် စေပြီး နိုင်ငံအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မည်သို့ ပင်ဖြစ်စေ မြန်မာနိုင်ငံသားများပင် ဖြစ်သည့်အတွက် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သရွေ့ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန် ရှိကြောင်း၊ မြန်မာနိုင်ငံသားတိုင်းသည် အကြောင်း အမျိုးမျိုးကြောင့်သာ အခြားနိုင်ငံများသို့ ရောက်ရှိ နေရသည်ဖြစ်သော်လည်း မြန်မာနိုင်ငံသားဟူသည့် စိတ်ရှိသည်ဖြစ်သဖြင့် ၎င်းတို့အတွက် အင်အားတစ်ခု ရရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် သံတမန်ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း ရေခြားမြေခြားတွင် နိုင်ငံ့တာဝန်များကို သွားရောက် တာဝန်ထမ်းဆောင် နေသည့် သံတမန်ဝန်ထမ်းများ၏ ရသင့်ရထိုက်သည့် ရပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များ ရရှိစေရေးအတွက်လည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သံတမန်ဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက်လည်း လိုအပ်သည်များ ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် မိမိတို့သက်ဆိုင်ရာ နိုင်ငံအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြကြရန်လိုကြောင်း။
ပညာရည်မြှင့်တင်ရေးလုပ်ငန်းများတွင်
တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရေး
မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအရ အားနည်း ချက်များ များစွာရှိနေသေးသည်ကို စစ်တမ်းများအရ တွေ့ရှိရပြီး မိမိတို့တာဝန်ယူချိန်တွင် ပညာရည် မြှင့်တင်မှုလုပ်ငန်းရပ်များကို မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြားကပင် ကျောင်းများ အားလုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင်လည်း အကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖွင့်လှစ်ရန် လုံးဝမဖြစ်နိုင်သည့် အချို့သော ကျောင်းများမှအပ ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ အားလုံး ကို ဖွင့်လှစ်ပေးလျက်ရှိပြီး ပညာရည်မြှင့်တင်မှု စဉ်ဆက်မပြတ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်ရာ နိုင်ငံ များအလိုက် ပညာရည် မြှင့်တင်ရေးဆောင်ရွက်မှုများ၊ ပညာရေး အားပေးဆောင်ရွက်မှု အခြေအနေများကို လေ့လာ၍ တင်ပြကြစေလိုပြီး မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည်များကို အတုယူဆောင်ရွက်ခြင်းဖြင့် ပညာရေးကို မြှင့်တင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပညာရေးသည် တိုင်းပြည်၏ အနာဂတ်ပင် ဖြစ်ကြောင်း၊ ပညာရေး အားနည်းချက်သည် နောင်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန် သည့် နိုင်ငံတော်တည်ဆောက်ရေးတွင် အခက်အခဲ များ ဖြစ်ပေါ်စေနိုင်သောကြောင့် ပညာရေးကို မိမိတို့ အနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ မဖြစ်မနေ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာသင် အထက်တန်းကျောင်း များကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသကဲ့သို့ အဆင့်မြင့် ပညာသင်ကြားရေး တက္ကသိုလ်များ၊ ကောလိပ်များ၊ လက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ အခြေအနေနှင့် ဖြစ်ပေါ်လာမည့် အခြေအနေဆန်းစစ်ချက်များနှင့် ပိုမိုကျယ်ပြန့်သည့် သင်ကြားသင်ယူမှု နယ်ပယ်များ ထည့်သွင်းဆောင် ရွက်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေးသည် အရေးကြီးသည့် ပညာ ရေး တစ်ခုဖြစ်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင် ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအနေဖြင့်လည်း နိုင်ငံတော် ၏ ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍတွင် တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြ ရန်လိုကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ ကို နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ များအရ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဖြစ်ပြီး ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်အသက်အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အား ကိုသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ကာ နိုင်ငံအတွက် လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲ့ဥပဒေနှင့် ပတ်သက် ၍လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည် ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများ ကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ သံအမတ်ကြီး များနှင့် သံရုံးယာယီတာဝန်ခံများအနေဖြင့်လည်း ယင်းဥပဒေနှစ်ရပ်၏ အဓိပ္ပာယ်ကို ခြေခြေမြစ်မြစ် သိရှိအောင် လေ့လာကြရန်နှင့် သက်ဆိုင်ရာနိုင်ငံ များသို့ ပြန်လည်ရောက်ရှိပါက ဥပဒေအသက်သွင်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနိုင်ရန် လိုကြောင်း။
သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ သည် နိုင်ငံတကာတွင် နိုင်ငံ့အတွက် အရေးပါသည့် လုပ်ငန်းရပ်များကို တာဝန်ထမ်းဆောင်နေရသူများဖြစ်သည့်အတွက် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များနှင့် ဖြစ်ပေါ်နေသည့် အခြေ အနေများကို အမှန်အတိုင်းသိရှိစေရေးအတွက် ယခု ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြား ရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးအတွက် မိမိတို့၏ တာဝန်များကို အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေး မူဝါဒများအပေါ် အကောင်အထည်ဖော် ဆောင်ရွက် နေမှု အခြေအနေများ၊ နိုင်ငံတကာ သံတမန်ဆက်ဆံ ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
၎င်းနောက် သံအမတ်ကြီးများနှင့် သံရုံးယာယီ တာဝန်ခံများက သက်ဆိုင်ရာနိုင်ငံများအလိုက် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများနှင့် ဆက်ဆံမှု တိုးမြှင့်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများ၏ မြန်မာ နိုင်ငံအပေါ် ထားရှိသည့်သဘောထားများနှင့် သံတမန် ရေးရာကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေ များကို အသီးသီးရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်း ချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အနိုင် ရသည့်ပါတီအား နိုင်ငံ့တာဝန်များကို ပြန်လည် လွှဲပြောင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက် ရာတွင် သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိ သည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီး တွင် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် အရေ အတွက်သည် တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်များထက် ပိုမိုများပြားနေရန် လိုအပ်ကြောင်း၊ သို့မှသာ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်မည်ဖြစ်ပြီး လွှတ်တော်များအတွင်း၌လည်း အပြန်အလှန် ထိန်းကျောင်းနိုင်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို သင်ခန်းစာ ယူ၍ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် မဲစာရင်းများ မှန်ကန်မှုရှိစေ ရေးနှင့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် နောင်တက်လာမည့် အစိုးရ အနေဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက် ရေး မူဝါဒများ ရေးဆွဲချမှတ်ရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်း လွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲ မရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်း မြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့ သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကိုလည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း။
တင်ပြချက်များတွင်ပါဝင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ရောက်ရှိနေသူများအား ပြန်လည်လက်ခံ နိုင်ရေးအတွက်လည်း မိမိတို့ သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီမှု ရှိပါက ပြန်လည်လက်ခံရန် မိမိတို့အနေဖြင့် အသင့်ရှိကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြဿနာအနည်းဆုံးဖြစ် အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက် ရှိသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထား ကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မီဒီယာများမှ လှုံ့ဆော် မှုများ၊ သွေးထိုးမှုများသည် ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်သည်ဖြစ်သော ကြောင့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း နိုင်ငံတော်၏ ပကတိအခြေအနေ မှန်များကို နိုင်ငံတကာမှသိရှိစေရေး ပြောဆို ဆောင်ရွက်နိုင်ရန်လိုကြောင်း။
သက်ဆိုင်ရာနိုင်ငံများအလိုက် မိမိတို့နိုင်ငံမှ ပညာတော်သင်များနှင့် ပတ်သက်၍လည်း သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများအနေဖြင့် လိုအပ် သည်များ စောင့်ရှောက်ပေးရန်လိုကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေ သူများ၊ ပညာတော်သင်များနှင့် တွေ့ဆုံဆွေးနွေး ခြင်းများ၊ ၎င်းတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ဖြင့် နွေးထွေးသည့် စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနိုင်ရန် လိုကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ အဆင်ပြေကောင်းမွန် ခြင်းဖြင့် မိမိတို့နိုင်ငံအတွက် အကူအညီအထောက် အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်သည့်အတွက် သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်